ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်



ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်
         
          “ ဟော တွေ့ပြီ …”
          ကောင်းကင်နောက်ခံ အလင်းနှင့်မို့ အတော်မြင့်မြင့် စိန်ပန်းကိုင်းမှာ ချိတ်ဆွဲထားသည့် အရာလေး သည် မွေးပွရုပ်လေးဖြစ်သည်မှအပ မည်သို့သောအရုပ်ဖြစ်ကြောင်းကိုတော့ ကျွန်တော်တိတိကျကျ မခွဲခြားနိုင်။ အတိအကျပြောနိုင်သည်က ကျွန်တော်ပျော်သွားခြင်းဖြစ်သည်။
          ထိုအရာလေးသည် ကျွန်တော့်ဘဝအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာ နိုင်သည်မဟုတ်လား။ ကျောပိုးအိတ်ကလေးကို ချွတ်လိုက်သည်။ ဝန်းကျင်ကို စူးစမ်းလိုက်တော့ အချိန်စောနေသေးသည့် တက္ကသိုလ်မြေသည် ရေချိုးပြီးစ အပျိုမတစ်ယောက်လိုပင် လတ်ဆတ်လန်းဆန်း နေသည်။ ခုံဝိုင်းလေးပေါ်သို့ ကျောပိုးအိတ်လေးကို တင်လိုက်ရင်း ကွင်းထိုးဖိနပ်ကိုတော့ ခုံဝိုင်း အောက်ဘက်ဆီသို့ ထိုးချွတ်ထားလိုက်သည်။

          ခုံဝိုင်းလေးပေါ်သို့ တက်လိုက်သည့်အခါ ငါးပေလေးလက်မသာရှိသည့် ကျွန်တော်သည် ကမ္ဘာ မြေပြင်အထက် နှစ်ပေကျော်မျှ မြင့်တက်သွားသည်။ နောက် ခုံဝိုင်းလေး၏ ကျောမှီပေါ်သို့ တက်လိုက် သည့်အခါမှာတော့ ကျွန်တော့်မှာရှိသည့် ကျားတို့၏ သတ္တိက ပြချင်လာသည်။ အမြင့်နှစ်ပေကျော်သည်နှင့် ဒူးတုန်တတ်သည့် ငယ်ကျင့်က ပြန်ပေါ်လာသည်။ အရုပ်လေးရှိနေသည့် အမြင့်က ဝါးတစ်ရပ်မမှီသည့် အမြင့်ဆိုတာကို သိထားခဲ့ပြီးဖြစ်သည်။ သူငယ်ချင်းတွေ မလာခင် ထိုအရုပ်လေးကို ကျွန်တော်ယူထားနိုင်မှ ဖြစ်မည်။ ပေးသည့်သူက လျှို့ဝှက်ချင်မှ လျှို့ဝှက်မည်ဖြစ်သော်လည်း ကျွန်တော်ကတော့ လျှို့ဝှက် လိုသူဖြစ်သည်။ ဘုရား သိကြားမ-လို့ ဟိုကောင်တွေ မလာပါစေနဲ့ဦး ….။
          စိတ်တွင်းမှဆုတောင်းနှင့်အတူ သူငယ်ချင်းတစ်ယောက်၏ စကားကို ပြန်အမှတ်ရလိုက်မိသည်။
          “ သစ်ပင်တက်ရင် ဘယ်လောက်မြင့်မြင့် အကြောင်းမဟုတ်ဘူးကွ၊ အရေးကြီးတာက အောက်ငုံ့ မကြည့်မိဖို့ဘဲ လိုတယ် …”
          ဖြတ်ခနဲ စိန်ပန်းပင်ထက်သို့တက်လိုက်သည်။ နောက် အရုပ်လေးချိတ်ဆွဲထားရာဆီသို့ တရွေ့ရွေ့။ လက်ခုံပေါ်နှင့် လက်ဖျံပေါ်သို့ တရွေ့ရွေ့တက်လာသည့် ပုရွက်ဆိတ်များ၊ တဆစ်ဆစ်ကိုက်နေသည့် ပုရွက်ဆိတ်များကို လက်နှင့် သပ်ချလိုက်သည်။ တစ်ချို့ကိုတော့ ချေမွပစ်လိုက်သည်။
          ထိတ်လန့် ပန်းဟိုက်မှုများ၊ နာကျင်ကိုက်ခဲမှုများအားလုံး အရုပ်လေး လက်ထဲရောက်လာသည်နှင့် မေ့လျော့သွားသည်။ တကယ်တော့ အရုပ်လေးက ကီးချိန်းလေးတစ်ခုသာဖြစ်သည်။ အညိုရောင်မွေးနုလေး များနှင့် လုပ်ထားသည့် ရှဥ့်ရုပ်လေးဖြစ်သည်။ အရုပ်လေးနှင့်ပတ်သက်သည့် လေးနက်သည့် အဓိပ္ပါယ်ကို စဉ်းစားကြည့်သည်။ တတ်သမျှ၊ မှတ်သမျှ ကြားဖူးထားသည့် နည်းပေါင်းစုံနှင့် စဉ်းစားကြည့်တော့
အဖြေထွက်မလာဘဲ မေးခွန်းတစ်ခုသာ ထွက်-ထွက်လာသည်။
          “ ဘာလဲကွာ ဘာသဘောမှန်းလည်း မသိဘူး …”
          ပေးထားသည့် အရုပ်လေးသည် အညိုရောင်ရှဥ့်ရုပ်လေးဖြစ်သည်။ ကြားဖူးသည်မှာ “ ရှဥ့်ညိုလေး ရှဥ့်ညိုလေး မြီးလေးလှုပ်တုတ်တုတ် ” ဆိုသည်သာဖြစ်သည်။ ရှဥ့်ရုပ်လေး၏ အမြီးကို လှုပ်ကြည့်လိုက် သည်။ အမြီးလေးရမ်းသွားသည်မှအပ ဘာမျှမထူးခြား။ လိုရာကို ဆွဲတွေးသော်လည်း ကျေနပ်လောက် သည့် ဆက်စပ်မှုကို ရှာဖွေမရ ဖြစ်နေသည်။
          ကျွန်တော့်အတွက် သီတာပေးသည့် လက်ဆောင်သည် ကီးချိန်းတစ်ခုထက် အဓိပ္ပါယ်လေးနက်နေ မှာ သေချာသည်။ ညက သီတာ့ထံဖုန်းဆက်စဉ် သီတာ့ထံမှ စကားတို့က ဝေ့ဝေ့ဝဲဝဲ။
          “ မနက်ဖြန် ကိုဖြိုးရဲ့မွေးနေ့မှာ ပျော်ရွှင်နိုင်အောင်လို့ လက်ဆောင်လေးတစ်ခု ဖန်တီးထားတယ်။ အဓိပ္ပါယ်ဖော်နိုင်ရင်တော့ ပျော်စရာလေးဖြစ်မယ်ထင်တာပဲ။ ဝှက်ထားတဲ့အဓိပ္ပါယ်က အလွယ်လေးဆိုတော့ ဖော်နိုင်မှာပါ။ အဲဒီလက်ဆောင်လေးကို ကိုဖြိုးကိုယ်တိုင် သွားယူနိုင်ဖို့ပဲ လိုတယ်။ အဓိပ္ပါယ်ဖော်နိုင်ဖို့ လွယ်တယ်ထင်ပေမယ့် သွားယူဖို့၊ ရှာတွေ့နိုင်ဖို့က ခက်ချင်ခက်နေမယ် ထင်တာပဲလေ။ နေရာက သီတာတို့ ထိုင်နေကြနားလေးတစ်ဝိုက်ပေါ့ … ”
          သွားယူဖို့၊ ရှာတွေ့နိုင်ဖို့ ခက်ခဲနိုင်သည်ဟု သီတာထင်ထားသည့် အရာများက ကျွန်တော် ကျော်ဖြတ်နိုင်ခဲ့သည့် အတားအဆီးလေးများသာဖြစ်သည်။ အလွယ်တကူ ဖော်နိုင်မည်ထင်ထားသည့် အရာလေးက ကျွန်တော်မကူးမဖြတ်နိုင်သည့် ချောင်းကလေးတစ်ခုလည်းဖြစ်နေသည်။ ကျွန်တော် မကျော်နိုင်သည့် တောင်ကုန်းတစ်ခုလည်းဖြစ်သည်။
          မျက်လုံးဝိုင်းဝိုင်း၊ အမြီးဖွားလေးနှင့် ရှဥ့်ရုပ်လေးကို နမ်းလိုက်စဉ် သီတာသုံးနေကြ ရေမွှေးနံ့လေးကို ရလိုက်သည်။
          “ ချစ်တယ် သီတာ …”
          ချစ်သူ၏ အပြုံးမျက်နှာလေးက ပေါင်ရင်းဆီမှ ဆစ်ခနဲနာကျင်မှုကြောင့် ရုတ်ချည်းပျောက်ကွယ် သွားသည်။ ဘောင်းဘီပေါ်မှနေ၍ ထိုအကောင်ကို ပွတ်ချေပစ်လိုက်သည်။ ကိုင်း မှတ်ကရော ဟင်း …။
          လေအဝှေ့တွင် ယိမ်းထိုးသွားသည့် သစ်ကိုင်းကြောင့် အောက်ဆင်းရန် သတိရလိုက်သည်။ ကျွန်တော် ရင်တဒိတ်ဒိတ်ခုန်သွားသည်။  ဒူးတဆတ်ဆတ် တုန်သွားသည်။ ရူပဗေဒကျောင်းသားပီပီ ကမ္ဘာမြေရဲ့ဆွဲအားဆိုသည့် နယူတန်၏ နိယာမကို သတိရသွားသည်။ (Freeing Falling Body) ဆိုသည့် လွတ်လပ်စွာကျဆင်းလာသည့် အရာဝတ္ထုတို့၏ အမြင့်ဆုံးအရှိန် စသော သင်ခန်းစာ ပို့ချချက်များစွာက ခေါင်းထဲသို့ စာရွက်လှန်သလို တဖြတ်ဖြတ်နှင့် ရောက်လာကြသည်။
          ဝါးတစ်ရိုက်မကသည့် အမြင့်မှ အတားအဆီးမဲ့ကျလာမည့် ကျွန်တော့်ခန္ဓာကိုယ်နှင့် မြေကြီးထိတွေ့ စဉ် သက်ရောက်မည့် အရှိန်အကျိုးဆက်တို့ကို တွက်ချက်ကြည့်မိသည်။ အနည်းဆုံး “ ဘုန်း ” ဆိုသော အသံကျယ်ကြီး ထွက်လာနိုင်သည်။ ဦးခေါင်းနှင့် ကျသွားမည် ဆိုပါက “ ခွပ် ” ဆိုသော အသံတစ်ခုကို လည်း ကြားရနိုင်သည်။ နံရိုးကျိုးနိုင်သည်။ အနည်းဆုံး ခြေလက်တစ်ခုခု ကျိုးသွားမှ ပြီးသွားနိုင်သည့်အ ရေးဖြစ်သည်။
          မိန်းကလေးတစ်ယောက်ထံမှ လက်ဆောင်တစ်ခုရဖို့ (ထိုလက်ဆောင်သည် အဖြေပေးခြင်းလည်း ဖြစ်နိုင်သည်) သည်လောက်ခက်ခဲသလား၊ သည်လောက် အရင်းအနှီးကြီးသလားဆိုသော အတွေးနှင့် အတူ လက်ထဲမှ မျက်လုံးပြူး၊ မျက်ဆန်ပြူးလေးနှင့် ရှိနေသည့် ရှဥ့်ရုပ်လေးကို ကြည့်လိုက်မိသည်။ နဖူးမှာသီးထနေသည့် ချွေးတို့ကို တိုးသွားသည့် လေပြေလေးကြောင့် အေးခနဲ ခံစားလိုက်ရသည်။ တကယ် တော့ ဒီလက်ဆောင်လေးသည် သီတာ့ထံမှ ကျွန်တော်လိုချင်သည့် အဖြေတစ်ခုဖြစ်နိုင်သည် ဆိုသော မျှော်လင့်ချက်ဖြင့် တက်ကြွခဲ့ခြင်းဖြစ်သည်။ ယခုတော့ ကျွန်တော့်အဖြစ်က သောင်မတင် ရေမကျနှင့် သစ်ပင်ထက်မှာ ခွကျနေသူဖြစ်သည်။ သူငယ်ချင်းထံမှ သစ်ပင်တက်နည်းသာ မေးခဲ့ဖူး၍ သစ်ပင်ဆင်းနည်း မမေးမိခဲ့သူဖြစ်သည်။
          အချစ်ဆိုတာ သစ်ပင်တက်သလိုပဲလားဟု စဉ်းစားမိလိုက်သည်။ သစ်ပင်ကတော့ တက်ဖို့ လွယ်သလောက် ဆင်းဖို့ခက်သည်။ အချစ်ကရော … ။ ချစ်ဖို့လွယ်သလောက် ပစ်ဖို့ခက်မည် ထင်သည်။ ကျွန်တော့်အတွက် အချစ်ဆိုသည်က တက်ဖို့မလွယ်သလောက် ဆင်းဖို့ခက်သည့် သစ်ပင်သာ ဖြစ်သည်။
          အရောင်စုံပန်းကလေးများ၊ ပျားပိတုန်းလေးများစွာကို သစ်ပင်ထက်မှ မြင်နေရသည်။ တစ်ချို့ တွေက ကဲင်န်တင်းဆီသို့၊ တစ်ချို့တွေက စာသင်ခန်းများဆီသို့ဖြစ်သည်။ ထိုစဉ် ခုံတန်းလေးပေါ်ရှိ ကျောပိုးအိတ်ပြာလေးထဲမှ ဖုန်းမြည်သံကို ကြားလိုက်စဉ် စိတ်အိုက်သွားသည်။ လက်ထဲမှ ကီးချိန်း ရှဥ့်ရုပ်လေးကို ခပ်ဖွဖွကိုင်ရင်း ခပ်တင်းတင်း ဆုတောင်းလိုက်သည်။
          “ ဘုရား၊ သိကြားမ-လို့ ဟိုကောင်တွေ မြန်မြန်ရောက်လာပါစေ …”
          ကျောင်းရောက်ရောက်ခြင်း သူငယ်ချင်းတွေ ထိုင်နေကြ ဒီနေရာလေးက အတန်ငယ်လှမ်း၍ စုံတွဲတစ်ချို့မှအပ ကျောင်းသား၊ ကျောင်းသူတစ်ချို့ သိပ်မရောက်ဖြစ်သည့် နေရာလေးလည်းဖြစ်သည်။ ဟိုကောင်တွေရောက်မလာခဲ့လျှင် သစ်ပင်ထက်မှာ ကျွန်တော်မိုးလင်းသွားနိုင်သည်။ အဲလေ နေဝင်သွား မည်ထင်သည်။
          “ မနက်ဖြန် ကိုဖြိုးမွေးနေ့မှာ ပျော်ရွှင်စရာတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ …”
          သီတာ၏ စကားသံကို ကြားယောင်မိစဉ် ပြုံးလိုက်မိသည်။ သစ်ပင်အောက် ခုံဝိုင်းလေးပေါ် မှာရှိနေသည့် ကျောပိုးအိတ်ပြာလေးကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
          “ ကြောက်တယ် သီတာ … အဲလေ…”
          အမြင့်ကြောက်စိတ်ဖြင့် မှားရွတ်မိခြင်းဖြစ်သည်။ ရေရွတ်နေကြ စကားလုံးလှလှလေးရှိသည်။ ဘာပါလိမ့်ဆိုသော အတွေးနှင့်အတူ …
          “ ချစ်တယ် သီတာ …”

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း