ကျွန်တော်နှင့် သင်တန်း




ကျွန်တော်နှင့် သင်တန်း
ရသစာတမ်း
ကျွန်တော် အပြန်ပြန် အလှန်လှန် တက်ခဲ့ဖူးသည့် သင်တန်းများထဲတွင် စပိကင်း သင်တန်းမှာ တစ်ခုအပါအဝင်ဖြစ်သည်။ ကျွန်တော် ဆယ်တန်းဖြေပြီးနောက် ဂရမ်မာနှင့် စပိကင်း သင်တန်းကို တက်သည်။ ထိုသင်တန်းကာလပြီးဆုံးသည်အထိ တက်သည်။ တက္ကသိုလ်မှ ဘွဲ့တစ်ခုရသည့်အခါမှာလည်း ထိုသင်တန်းကို ပင် နောက်တစ်ကြိမ် ထပ်တက်သည်။ သင်တန်းကို နှစ်ကြိမ်တက်ထားသော်လည်း အင်္ဂလိပ်စာကို အသုံးချ သည့် မည့်သည့်အလုပ်ကိုမျှ ကျွန်တော် မလုပ်ဖြစ်သေး။
မိဘလုပ်စာကို မသိကျိုးကျွံပြုကာ အခန့်သားထိုင်စားရင်း တစ်နေ့တွင်တော့ ဝါသနာမပါသည့် အလုပ်တစ်ခုကို ဝင်လျှောက်သည်။ မရနိုင်ဘူးထင်၍ လျှောက်လိုက်မိခြင်းဖြစ်သည်။ ကံဆိုးစွာဖြင့် ထိုအလုပ်ကို ကျွန်တော်ရသည်။ ထိုအလုပ်က အင်္ဂလိပ်စကားပြောကို အနည်းငယ်အသုံးချရသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

“ မင်္ဂလာပါ ဆား…”
“ ရွာဝဲလ်ကမ်း …”
“ ဘိုင့်…ဘိုင်…”
စသော စကားလုံးများကို တွင်တွင်ကျယ်ကျယ် အသုံးချရသော အလုပ်ဖြစ်သည်။ အလုပ်မလုပ်ချင်ဘဲ တွေ့သည့်လူတိုင်းက အလုပ်မလုပ်သေးဘူးလား ဆိုသော မေးခွန်းကို ရှောင်လို၍ မရနိုင်ဟု ထင်သောအလုပ် ကို ဝင်လျှောက်မိသူ ကျွန်တော့်အတွက် ယခုတော့ အတော့်ကို ဂွကျသည်။ အခက်တွေ့သည်။ အသက်က လည်း အတော်ကို ကြီးနေသည်ဖြစ်၍ သင်ဖူးခဲ့သည့် အင်္ဂလိပ်စကားပြော များကိုလည်း မေ့ပြီ။ ဆိုရလျှင် …
“ ဟောင်းအာယူး …” နှင့်
“ ဟူးအာယူး …” ကို ကျွန်တော် မကွဲပြား။ အာယူးခြင်းတူသော်လည်း ရှေ့မှာပါသည့် ဟောင်းနှင့် ဟူးကြောင့် (ရက်)ဖြေရမည်လား၊ (နိုး) ဖြေရမည်လား ကျွန်တော် မဆုံးဖြတ်နိုင်ဖြစ်ရသည်။ ကျွန်တော်က (ရက်) ဆိုလျှင် သကြားလုံးသာ သိ၍ (နိုး) ဆိုလျှင် အဆိုတော် သဇင်ကိုသာ သိသူဖြစ်သည်။ တစ်ခုခု မေးလိုက်လျှင် သကြားလုံးလား၊ သဇင်လား ကျွန်တော်ဝေခွဲမရချင်တော့။ ထို့ကြောင့် သင်တန်းတက်ရန် ကြိုးစားရတော့သည်။ အင်္ဂလိပ်စာအရေးနှင့် အပြောကို အခြေခံမှစ၍ စနစ်တကျသင်သည်ဟု နာမည်ကြီးသော သင်တန်းတစ်ခုကို တက်သည်။ ဟိုတုန်းက တက်ဖူးခဲ့သည့် စပိကင်းဆရာကြီးမှာ အသက်ကြီး၍ သေသွားသဖြင့် တခြားသင်တန်းတစ်ခုကို ရွေးချယ်ရခြင်းဖြစ်သည်။
ထိုနာမည်ကြီးသင်တန်းကို တက်မှ ကျွန်တော့်အတွက် ပို၍ အခက်ကြုံရသည်။ သင်တန်း တက်ကြသည့် ကလေးတွေက ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းကလေးတွေ ဖြစ်သည်။ စာသူငယ်ကြား လင်းတနားသလိုဖြစ်နေသည်။ နောက်ပြီး သင်တန်းဆရာက ကျွန်တော့်ထက်ငယ်နေပြန်သည်။ သူပြော သည့် ရယ်စရာဟာသများကို ကျန်သင်တန်းသားကလေးများ ဟီးဟီးဟားဟားရယ်နေချိန်တွင် ကျွန်တော် က ကြားဖူးပြီးသားဖြစ်၍ မရယ်ရတော့။ လိုက်ရယ်ကြည့်ရန်ကြိုးစားသော်လည်း ရယ်၍မရဖြစ်ရသည်။ ဌာနဆိုင်ရာများတွင် လူကြီးပြောသည့်ဟာသကို နောက်ဆုံးမှရယ်သူသည် အလုပ်ပြုတ်ရန် နီးသည် မဟုတ်လား။ ကျွန်တော်လည်း သည့်အတူပင်ဖြစ်သည်။
ဆရာလေးက သူပြောသည့် ဟာသကို တဟီးဟီးရယ်နေကြသည့် သင်တန်းသား၊ သင်တန်းသူ များကိုကြည့်ပြီး အရာသာရှိနေချိန်တွင် နောက်ဆုံးခုံမှာထိုင်ရင်း သူပြောသမျှ ရုပ်တည်ကြီးနှင့် လိုက်ကြည့်နေတတ်သည့် ကျွန်တော့်ကြောင့် ဖီလင်အောက်ဟန်တူသည်။ နောင်ရယ်စရာပြောပြီးတိုင်း နောက်ဆုံးခုံကို သူမကြည့်တော့။ ထိုအခါမှ ကျွန်တော့်မှာ အနေရ၊ အထိုင်ရ သက်သာသည်။ သို့သော် ပို၍သက်သာစေရန်အတွက် သင်တန်းသို့ မသွားတော့။ အကြောင်းရင်းမှာ ရှစ်တန်း၊ ကိုးတန်းကလေးများ ဆရာမေးသမျှကို ဂျောင်းဂျောင်းပြေး အော်ဖြေနေကြချိန်တွင် ကျွန်တော့်မှာ ဧည့်ခံပွဲတွင် မုန့်နင်နေစဉ် အင်တာအဗျူးခံရသည့် သရုပ်ဆောင်မင်းသားလေးလို ဖြစ်နေသည်။ မေးသမျှ မေးခွန်းတိုင်းကို အပြုံးလေးနှင့်နားထောင်နေသော်လည်း ဘာစကားသံမှ ထွက်မလာနိုင်သည့် ပုံဖြစ်သည်။ ထို့ကြောင့် သင်တန်းမှ ကျွန်တော့်ကို မထုတ်သော်လည်း ကျွန်တော်က ကိုယ့်ကိုယ်ကို သင်တန်းမှထုတ်လာခဲ့ လိုက်သည်။
ကျွန်တော်နှင့် သင့်တော်မည့် သင်တန်းတစ်ခုခုကို လိုက်ရှာသည်။ ကျွန်တော့်ထက် ဆယ်နှစ်ခန့် ငယ်သော ညီမငယ်တစ်ယောက်ကို အကူအညီတောင်းကာ ရှာရသည်။ သူမ စုံစမ်းပေးသဖြင့် ကျွန်တော်နှင့် သင့်တော်သည့် သင်တန်းတစ်ခုကို တွေ့သည်။ ကျွန်တော် ချက်ခြင်းပင် စာရင်းပေး လိုက်သည်။ ကျွန်တော် အဖော်ရစေရန်အတွက် ထိုညီမငယ်ကပါ သင်တန်းလိုက်တက်သည်။
ခုတော့ ကျွန်တော့်အတွက် အစစ အရာရာ အဆင်ပြေသွားပြီ ဖြစ်သည်။ ကျန်သင်တန်းသားမျာက သင်တန်းလာလျှင် လွတ်သည့်နေရာတွင် ထိုင်တတ်ကြသော်လည်း ကျွန်တော်တို့နှစ်ယောက်ကတော့ တံခါးပေါက်နားနီးသည့် နောက်ဆုံးခုံတွင် ထိုင်ဖြစ်သည်က များသည်။ ထိုသို့ အတူတူထိုင်ဖြစ်သဖြင့်လည်း အင်္ဂလိပ်စကားပြောရာတွင် အဆင်ပြေသည်။ ဆရာက တစ်ဦးနှင့် တစ်ဦး မိတ်ဆက်စကားပြောစေလျှင်…
“ ဝှပ်အစ် ယူဝါနိမ်း ဝါဝါ…”
ထိုကဲ့သို့သော မေးခွန်းများကို ကျွန်တော်မေးတတ်လာသည်။ သူမကလည်း…
“ မိုင်နိမ်းအစ် ဝါဝါ…”
စသဖြင့် ချက်ခြင်းပင် ပြန်ဖြေတတ်သည်။ သူမက ကျွန်တော့်ထက် ပို၍ အဆင့်အတန်းမြင့်သော အင်္ဂလိပ်စကားများဖြင့် ပြန်မေးတတ်သေးသည်။
“ ယူဝါနိမ်း ပလိ… ကိုဝေဖြိုး…”
“ အိုင်အမ် ကိုဝေဖြိုး…”
ကျွန်တော်တို့၏ စကားပြောစွမ်းရည်က အံ့မခန်းပင် တိုးတက်လာသည်။ တစ်ပတ်စဉ်ထဲ တက်လာသည့် တခြားသင်တန်းသား၊ သင်တန်းသူများနှင့် ဆရာသင်ထားသည့် စကားပြောပုံစံအတိုင်း ပြောနိုင်လာသည်။ ကျွန်တော်တို့ထက် သုံးပတ်ခန့်စောသော သင်တန်းသားများနှင့်မူ မပြောနိုင်သေး။ သူတို့၏ လေယူလေသိမ်းက တစ်မျိုးဖြစ်နေ၍ ကျွန်တော်တို့ နားမလည်နိုင်ကြသေး။ သို့သော် ကျွန်တော့်အတွက်တော့ ယခင်သင်တန်းများနှင့်စာလျှင် ပို၍ အဆင်ပြေသည်။ သင်တန်းသားများကလည်း ကိုးတန်းဆယ်တန်းများ မဟုတ်ကြ။ တစ်ချို့ဆိုလျှင် တက္ကသိုလ်မှာ သင်ကြားနေကြသည့် လက်ချာ ဆရာမများဖြစ်သည်။
ဒီသင်တန်းတွင် ကျွန်တော် ပြောနိုင်ဆိုနိုင်ဖြစ်လာသည်။ ညနေပိုင်း သင်တန်းသို့လာလျှင် တွေ့သည့် အတန်းဖော်တစ်ဦးဦးကို …
“ ဂွတ်မောနင်း …”
စသဖြင့် ဦးအောင် နှုတ်ဆက်နိုင်သည်။ အသံထွက်တွေလည်း ကောင်းလာသည်။ (ရက်) ဆိုလျှင် အမေရိကန်ဆန်ဆန်(ယက်)၊ (နိုး) ဆိုလျှင် (နုတ်) ဟု အသံထွက်တွေ ပြောင်းလာသည်။ ကျွန်တော် အဖော်ရရန် လိုက်တက်ပေးသည့် ဝါဝါပင်လျှင် အသံထွက်တွေ မိုက်လာသည်။
“ ဝှဲယူဂိုး ကိုဝေဖြိုးစ် …”
“ ဒီနားစ် …”
ကျွန်တော်တို့၏ တိုးတက်မှုကို ကျွန်တော်တို့ကိုယ်တိုင် အားရနေကြသည်။ ကျွန်တော်က သင်တန်းမပျက်တတ်သော်လည်း ဝါဝါက သူ၏အစ်ကိုကြီးနှင့် ပန်းခြံထဲတွင် ကုလားကားရိုက်တတ်သဖြင့် သင်တန်းပျက်တတ်သည်။ ထိုရက်မျိုးတွင် ထိုင်နေကြနေရာတွင် တခြားသင်တန်းသားများနှင့် ထိုင်ရသည်။
တစ်ရက်တွင် ဝါဝါ ပန်းခြံထဲ ကုလားကားရိုက်ရန်ရှိသဖြင့် ထုံးစံအတိုင်း သင်တန်းပျက်သည်။ ထိုနေ့က ကျွန်တော်လည်း သင်တန်းနောက်ကျသည်။ ထိုင်နေကြခုံတွင် ဝါဝါနေရာ ဝင်ထိုင်နေသည့် ဖြူဖြူသန့်သန့်နှင့် ခပ်ချောချော ကောင်လေးတစ်ယောက် ထိုင်နေသည်။ ကျွန်တော် သူ့ဘေးမှာပင် ဝင်ထိုင်လိုက်စဉ် ထိုကောင်လေးက ပြုံးပြသည်။ သင်တန်းတွင် တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေတတ်သည့် ကောင်လေးဖြစ်သည်။ ယောက်ျားလေးတစ်ယောက် ဥနုနေအောင်ချောတတ်သည်ကို ထိုကောင်လေးကို မြင်မှ သိလိုက်ရသည်။
ခဏအကြာ ကျွန်တော့်ထက်ပင် နောက်ကျနေဟန်ရှိသည့် ကောင်မလေးတစ်ယောက် ဆရာ့ခွင့်တောင်း၍ ဝင်လာသည်။ နောက် ကျွန်တော်တို့ နှစ်ယောက်ရှိရာခုံသို့ ဝင်ထိုင်သည်။ ကျွန်တော် နေရာရွေ့ပေးရင်း ကောင်မလေးကို ကြည့်လိုက်သည်။ ခါတိုင်း ရှေ့ဆုံးနားမှာထိုင်တတ်သည့် ကောင်မလေးဖြစ်သည်။ ခပ်လှမ်းလှမ်းမှမြင်ရ၍ ဒီလောက်ချောမှန်းမသိရဘဲ ခုမှသိရခြင်းဖြစ်သည်။ အမေက ငါ့ကို ဘာ့ကြောင့်စောမွေးခဲ့တာပါလိမ့်။ နောက်ကျပြီးမှမွေးရင် ခုလိုခပ်ချောချောလေး တွေနဲ့…ငိ..ငိ။ ကျွန်တော် ခပ်မြူးမြူးတွေးလိုက်ရင်း မသိမသာ သူမကို ကြည့်သည်။
သူမက ပန်းနုရောင် ယုန်ရုပ်ကျောပိုးအိတ်လေးထဲမှ စာအုပ်များကို ထုတ်သည်။ ကျွန်တော် ဆရာစာသင်နေရာသို့ အာရုံစိုက်လိုက်စဉ် သူမ၏ ကန်တော့ချွန်လက်ချောင်းလေးဖြင့် လက်ဖျံကို လာတို့သည်။ ကြည့်လိုက်တော့ အပြုံးချိုချိုလေးနှင့်အတူ …
“ ဘရာသာ… ပဲန်း..ပလိစ်…”
 ဘရာသားဖြစ်သော်လည်း သူမခေါ်လိုက်သည်က ဘရာ ဟုသာဖြစ်သည်။ မြန်မာလိုပြန်ရလျှင် အစ်ကို၊ သို့မဟုတ် ကို ဟုသာဖြစ်လိမ့်မည်ဟု လိုရာဆွဲ၍တွေးကာ ပါလာသည့်အထဲမှ မရေးရက်၍ သိမ်းထားသည့် ဘောပင်လေးကို ပေးလိုက်သည်။ ခဏနေတော့ နေရာရွေ့သလိုနှင့် သူမက ကျွန်တော့်ကို တတောင်နှင့်တွတ်သည်။ ငဲ့ကြည့်လိုက်တော့ ငှားထားသည့် ဘောပင်လေးကို လက်နှင့်အုပ်ပြီး ကျွန်တော့်ဘက်သို့ တွန်းလိုက်သည်။ သေချာကြည့်လိုက်တော့ ဘောပင်နှင့်အတူ နုတ်စာရွက်ပိုင်းလေး တစ်ခု ပါလာသည်။ ယူကြည့်လိုက်သည်။ ဒိတ်ခနဲ ဖြစ်သွားသည်။ ကျွန်တော်သူ့ကို ဖြတ်ခနဲ လှည့်ကြည့်သည်။ သူမက ရက်ရက်ရောရောကိုပင် ပြုံးပြနေသည်။ သူမရေးထားသည်က …
“ အိုင် လပ် ယူ…၊ ယူ လပ် မီ …?”
ကျွန်တော့် မေမေကို ချက်ခြင်းပင် ကျေးဇူးတင်သွားသည်။ မေမေ့ ကျေးဇူးကြောင့် ဒီလိုအခွင့် အရေးမျိုးကို ရတာ။ မေမေသာ နောက်ကျမှ မွေးခဲ့လျှင် သူမနှင့် ရွယ်တူကောင်လေးတစ်ယောက်အနေဖြင့် အသည်းအသန်ကြိုးစားနေရဦးမည်။ နောက်ပြီး ဘယ်တော့မှ မကြိုက်သည့် ကိုရီးယားကားများကိုလည်း အလွန်သဘောကျသွားသည်။ သူတို့က (ဟာဂျက်ရှိ=ဦးလေးကြီး) ဆိုသော စကားလုံးကို တွင်တွင်သုံးကာ ဦးလေးကြီးနှင့် ဇာတ်လမ်းများ စီမံထုတ်လုပ်သူများ မဟုတ်လား။ ကျွန်တော်၏ ပျော်ရွှင်ဝမ်းမြောက်မှုများက ဒုံးပျံလွှတ်သလို မိုးသို့ ထိုးတက်သွားသည်။ ကျွန်တော် သူမဘက်သို့ ထပ်ငဲ့ကြည့်ရင်း ကိုယ်ကိုတစောင်း လှည့်လိုက်သည်။
သူမက လက်ညှိုးလေးကိုက်ရင်း ထပ်ပြုံးပြသည်။ နောက် ဇက်ကလေးပု၍ ကျွန်တော့်ဘေးမှ ကောင်ကလေးကို လက်ညှိုးထိုးပြသည်။ ဘေးမှ ကိုယ်တော်က ဆရာစာသင်သည့်ထဲ စိတ်နှစ်ကာ စာအုပ်ကြည့်နေသည်။ ကျွန်တော်က ဘာလဲဆိုသည့် အဓိပ္ပယ်ဖြင့် ကောင်မလေးကို မေးဆတ်ပြသည်။ သူမက ကျွန်တော့်လက်ထဲမှစာရွက်လေးကို လက်ညှိုးထိုးကာ ဘေးမှကောင်လေးကို ပေး ပေးရန် အသံတိတ်ညွှန်ကြားသည်။ ကျွန်တော် စိတ်ညစ်သွားသည်။ စိတ်ဓာတ်တို့က သတ်မှတ်စံချိန်မပြည့်မီဘဲ မိုးပေါ်ထောင်တက်မိသဖြင့် တရှိန်ထိုးပြုတ်ကျလာသည့် လေယာဉ်တစ်စီးလိုပင် ဖြစ်သည်။ ကျွန်တော် စိတ်မပါစွာဖြင့် ဘေးမှ ကောင်လေးကို လက်တို့လိုက်သည်။ သူလှည့်ကြည့်တော့ လက်ထဲမှ စာကိုပေးလိုက်ရင်း အကြည့်တို့ကို ဆရာစာသင်နေရာ ဝှိုက်ဘုတ်ဆီသို့ ပို့လွှတ်ထားလိုက်သည်။ သူက အံ့အားသင့်ဟန်ဖြင့် ကျွန်တော့်ကို ကြည့်နေကြောင်း သိနေသည်။ ထို့နောက် သူ့ထံမှ …
“ မမနဲ့ တိုင်ပြောမှာနော်…”
ခက်ပြီ။ သူက ကျွန်တော်နှင့် ဝါဝါကို စွတ်ထင်နေသည်။ ကျွန်တော်က …
“ ဘာမှ မဆိုင်ဘူး… အဲဒါ သူငယ်ချင်းညီမ…”
“ တ…တကယ်ပြောတာနော်…”
သူက ဝမ်းသာ အားရဟန်မဖုံးနိုင်သည့်အသံကြောင့် ဆရာက စာသင်နေရာမှ တစ်ချက်လှမ်းကြည့် သည်။ ထို့နောက် သူက အသံတိုးတိုးဖြင့်…
“ ဒါများ စောစောကတည်းက မပြောဘူး အစ်ကိုရယ်…”
ကနွဲ့ကလျဖြင့် လက်ကလေးကိုင်ကာပြောနေသည့် ကောင်လေးကိုကြည့်ပြီး တစ်ခုခု လွဲနေပြီ ဆိုတာကို သိသည်။ ထိုအလွဲသည် အကြီးကြီးဖြစ်သည်။ ကောင်မလေးဘက်လှည့်ကြည့်တော့ လက်သီးကို လက်ဝါးနှင့်အုပ်ပြီး
“ရှဲ့ ရှဲ့ တာကော”
ငတိမက တရုတ်လို ကျေးဇူးတင်ပါတယ် အစ်ကိုကြီး လုပ်နေသည်။ သူ စိတ်ညစ်သွားသည်။ တစ်ဖက်လှည့်လိုက်တော့ …
“ ပျော်လိုက်တာ အိုပါးရယ်…”
ကျွန်တော့်လက်ကို ရွရွလေးပွတ်ရင်း တီးတိုးပြောနေသည့် ကောင်လေးကြောင့် ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားသည်။ ဒီကောင်လေး ချောလွန်းပါတယ်ထင်နေတာ ဒါ့ကြောင့်ကိုးဆိုသော အတွေးကို တွေးလိုက်မိသေးသည်။ ဆရာက စာသင်ပြီးသွား၍ ထုံးစံအတိုင်း မေးစရာရှိသလားဆိုသော အမေးဖြင့် အဆုံးသတ်သည်။
“ အဲနီးသင်း အဲ့လ်စ်…”
“ နပ်သင်း…ဆာ…”
ကျွန်တော့်နှုတ်မှ အရင်ဆုံး၊ အကျယ်လောင်ဆုံးထွက်လာသော အသံဖြစ်သည်။ ထိုသင်တန်းတွင် ကျွန်တော် မပြောဖူးခဲ့သည့် စကားလုံးကို  ပထမဆုံး ပြောလိုက်မိခြင်းဖြစ်သည်။ ထို့အတူ နောက်ဆုံး ပြောခြင်းလည်း ဖြစ်သည်။ ဘေးမှ ကောင်မလေးကို တိုးတိုက်ကာ အပြင်ဘက် ဆိုင်ကယ်ထားရာဆီသို့ ကသောကမျော ထွက်ခဲ့လိုက်သည်။ နောက်မှ ကောင်လေး၏ …
“ အိုပါး စောင့်ဦးနော်…ခဏ…”
ဆိုသော စကားသံကို ချန်ထားရစ်ခဲ့လိုက်သည်။ ကျွန်တော်၏ သင်တန်းလေးကိုလည်း ချန်ထားခဲ့ လိုက်သည်။ နောက်ကို ဘယ်တော့မှ ကျွန်တော် မသွားတော့။ ဝါဝါကတော့ တွေ့တိုင်းမေးသည်။
“ဝှပ်သမက်တား ကိုဝေဖြိုးစ်…”
ကျွန်တော် စိတ်တိုတိုရှိသောကြောင့် နင်တွေ ငါတွေနှင့် ပြန်ပြောဖြစ်လိုက်သည်။
“ ဘာမှ မမက်တားဘူး…အဲဒါ နင် ကုလားကား ခဏခဏရိုက်လို့…”
“ အာ … ကိုဝေဖြိုးကလည်း…”
ဝါဝါက ရှက်ကိုးရှက်ကန်းနှင့် ထိုစကားလုံးကိုတော့ မြန်မာလိုပဲ ပြောသည်။ ထို့နောက်မှာတော့ သူမလည်း သင်တန်းမသွားဖြစ်တော့။ ကျွန်တော်လည်း မသွားဖြစ်တော့။
တစ်ခါတော့ ကျွန်တော် သူမဆီသို့ဖုန်းဆက်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု စွမ်းရည်မြှင့် သုံးလသင်တန်း လျှောက်လွှာခေါ်ချိန်ကဖြစ်သည်။
“ ဘယ်လိုလဲ တက်မှာလား၊ သင်တန်းဆင်းလက်မှတ်လည်းပေးမှာ၊ တက်မှာဆိုရင် လျှောက်လွှာ ယူခဲ့မယ်…”
“ တက်ချင်တယ် ကိုဝေဖြိုးရဲ့၊ ဒါပေမယ့် ဝါဝါမှာက …”
“ ဘာလဲ၊ ကုလားကား ရိုက်စရာ ရှိလို့လား…”
“ အင်း… အာ ဟုတ်ပါဘူး…”
ထိုသို့ဖြင့် လူ့စွမ်းအားစွမ်းရည်မြှင့် သုံးလသင်တန်းလေးကို ကျွန်တော်တက်ဖြစ်ခဲ့သည်။ ကျွန်တော်တို့နောက် အပတ်စဉ်တွင် ဝါဝါ တက်ဖြစ်ခဲ့သည်။ ကုလားကား ရိုက်၊ မရိုက် မသိရတော့ သော်လည်း သင်တန်းကိုတော့ မကြာခဏ ပျက်သည်ဟု သိရသည်။ ကျွန်တော်ကတော့ အလုပ်လုပ်ရင်း နောက်ထပ်တက်နိုင်မည့် သင်တန်းလေးများကို နားစွင့်လျက်ရှိသည်။ အခါအခွင့် သင့်မည် ဆိုလျှင်တော့ အင်္ဂလိပ်စကားပြောသင်တန်းလေးကို တက်ချင်ပါသေးသည်။
*****                                        *****                                        *****
(PS: ကျွန်တော်တက်ခဲ့သည့် ထိုသုံးလသင်တန်းတွင် လူပျိုကြီး ဖြိုးမောင်မောင်၊ ဖွားဂျေနှင့် က.ည.န မှ Miss Bagan တို့နှင့် သိကျွမ်းခင်မင်ခွင့် ရခဲ့သည်။ ထိုကြောင့် လူပျိုကြီး၏ လျှို့ဝှက်ဇာတ်လမ်းများကို ဖွားဂျေမှ ဖော်ကောင်လုပ်သဖြင့် များစွာသိခဲ့ရသည်။ သူငယ်ချင်းများ သိလိုခဲ့ပါလျှင် လူပျိုကြီး၏ ဇာတ်လမ်းများကို ဖော်ထုတ်ချင်ပါသေးသည်။ (လူပျိုကြီးမှ လက်ဖက်ရည်မတိုက်သဖြင့် ဖော်ထုတ်စေချင် သည်ဟု ယူဆမိသောကြောင့်လည်းတစ်ကြောင်း)။ ထိုသင်တန်းသည် ကျွန်တော့်အတွက် လွန်စွာအကျိုးရှိ စေခဲ့သည့် သင်တန်းဖြစ်သည်။ မိတ်ဆွေများလည်း လွန်စွာတိုးပွားခဲ့သည်။ မိန်းမယူရန်အတွက် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ အလုပ်သွားလုပ်ကာ ပိုက်ဆံစုသော်လည်း မပြည့်မှီသေးသဖြင့် စာကြည့်တိုက်မှူးလုပ်နေသည့် ကိုစိုးထက်နှင့်လည်း ရင်းနှီးကျွမ်းဝင်ခဲ့ရကြောင်းကိုလည်း မှတ်တမ်းတင်အပ် ပါသည်။)
*****                                 *****                                    *****
                                                                              ချစ်ခြင်းများဖြင့် 
                                                                                              သင့်ရဲ့
                                                                                                     ရှဥ့်ညိုလေး 
(၁၂.၁.၂၀၁၅ ညနေ ၅း၄၈ မိနစ်တွင်ပြီး)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း