ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၂)



ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၂)

“ ဒီကောင် ဖုန်းခေါ်တာလည်း မကိုင်ဘူးကွ …”
          “ ကိုအောင်စိုး ခင်ဗျားသူ့အိမ်သွားတော့ ဘာပြောလိုက်သေးလဲ …”
          “ မနက် ခြောက်ခွဲလောက်ကတည်းက ထွက်သွားတာတဲ့ဟ …”
          စကားတပြောပြောနှင့် လျှောက်လာသည့် အောင်ကိုလတ်တို့အုပ်စုကို  မြင်နေရသည်။ ခပ်လှမ်းလှမ်းမှ ဖြစ်သည့်တိုင် အာကျယ်ပါကျယ်ပြောနေကြသည့်အတွက် စကားသံတွေကို ကြားနေရ သည်။ သူတို့က အ-သုံးလုံးအုပ်စုဖြစ်သည်။ အောင်ကိုလတ်၊ အောင်စိုးနှင့် အောင်ထွန်းတို့ဖြစ်သည်။ အဖွဲထဲတွင် “အောင်”မပါ သည့်ကျွန်တော်က အပုဆုံးဖြစ်သည်။ အသက်ငယ်ဆုံး ကတော့ အောင်ကိုလတ်ဖြစ်သည်။ အားလုံးထက် ငါးနှစ်ကြီး(ဆယ်တန်းငါးခါကျ)သည့် အောင်စိုးကို ကျွန်တော်တို့ တစ်ဖွဲ့လုံး
“ ကို”တစ်လုံးအဆစ်ပေးကာ ကိုအောင်စိုးဟု ခေါ်ကြသည်။ လူကို လေးစား၍ မဟုတ်ဘဲ ဆယ်တန်းငါးခါကျသည့်တိုင် မလျော့သောဇွဲကို လေးစားဟန်ဖြင့် ဂုဏ်ပြုခေါ်ဝေါ်ခြင်းဖြစ်သည်။ ကျန်သူငယ်ချင်းတွေကတော့ ရွယ်တူများဖြစ်၍ “ဟေ့ကောင်” တွေ၊ “မင်း” တွေ၊ “ငါ” တွေနှင့်ဖြစ်သည်။
          သူတို့အုပ်စုကို မြင်နေရသည့်တိုင် ကျွန်တော်လှမ်းမခေါ်မိ။ မိနစ်ပိုင်းအတွင်း ကျွန်တော်ရှိရာသစ်ပင် အောက်သို့ ရောက်လာကြမည့်သူများ မဟုတ်လား။ အင်အားကို အပိုကုန်မခံတော့။ အ-သုံးလုံးအဖွဲ့နောက် မလှမ်းမကမ်းတွင် ရတနာတို့လာနေကြသည်ကိုလည်း မြင်နေရသည်။ သူတို့နှင့်အတူ (Law) မှ သီဟ ပါလိုက်လာသည်။ သစ်ပင်ပေါ်ရောက်နေသည်မှာ နှစ်နာရီနီးပါးရှိနေပြီဖြစ်၍ အကြောကပ်ချင်သလိုဖြစ်နေ သည့် ညာလက်ကို ဆုပ်ချည်ဖြန့်ချည် လုပ်ကြည့်နေလိုက်သည်။
          “ ဟာ … ဟေ့ကောင်တွေ၊ ဟိုမှာ … ဟိုမှာ”
          အမြဲတမ်းအလန့်တကြားလုပ်တတ်သည့် ဖိုးအောင် စကားအဆုံး
          “ ဘာလဲဟ …”
          “ ကျောပိုးအိတ် … ကျောပိုးအိတ် ”
          “ အေးလေ ကျောပိုးအိတ် ဘာဖြစ်လဲကွ၊ ဖိုးအောင်တို့များ ကျောပိုးအိတ်တွေ့တာ ပထွေးတွေ့တဲ့ မယားပါသား ကျနေတာပဲ …”
          “ မဟုတ်ဘူးဗျ ကိုအောင်စိုးရ၊ ဒါ ဝေဖြိုးကျောပိုးအိတ်ဗျ၊ ကျွန်တော်မှတ်မိတယ် …”
          ထိုအခါကျမှ သကောင့်သားအားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။
          “ ဒီကောင် ဒီနားပတ်ဝန်းကျင်ပဲ ရှိရမယ်ကွ …”
          ကိုအောင်စိုးက မနက်စောစောတပ်လာသည့် နေကာမျက်မှန်ကို မချွတ်ဘဲ စုံထောက်ဟန်ဖြင့် သုံးသပ်ပြသည်။ ငပိန်းနှစ်ကောင်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဟိုတစ်ယောက်ပြော သည်ကို ဟုတ်နိုးနိုးဖြင့် ခေါင်းညိတ်နေကြသေးသည်။ ကျွန်တော် ကျွဲမြီးတိုလာသည်။ ကျွန်တော်ဖြစ်လို သည်က တစ်မျိုး၊ သူတို့လုပ်နေပုံက တစ်ဖုံဖြစ်သည်။ ထင်ထားသည်က သူတို့ စိန်ပန်းပင်ပေါ်သို့ မော့်ကြည့်ကြမည်။ ဝါးတစ်ပြန်မကသည့် စိန်ပန်းကိုင်းထက်မှ ကျွန်တော့်ကို မြင်သည်နှင့် …
          “ ဟာ ဟေ့ကောင် ဘာလုပ်နေတာလဲ၊ အတွဲချောင်းနေတာလား၊ ကြီးပါ့ကွာ ဝါသနာက၊ ဆင်းခဲ့ ဆင်းခဲ့ ”
          စသဖြင့် ပြောမည်။ ကျွန်တော်က ကော်ဖီမစ်ကြော်ငြာထဲမှ ကိုသားကြီး၏အိုက်တင်ဖြင့် …
          “ ငါကြောက်လို့ကွ …”
          ဟုဖြေမည်။ ကိုသားကြီးပြောသည်မှာ “ ငါကြိုက်လို့ကွ” ဖြစ်သော်လည်း ကျွန်တော်ကတော့ အောက်ဆင်းရမှာ ကြောက်၍ဖြစ်သည်။ အောက်မှ စုံထောက်ဟန်ဖမ်းနေသည့် ကိုအောင်စိုးကို အသံတိတ် ကျိန်ဆဲလိုက်သည်။ စုံထောက်ဆိုသည်ကို စကားလိမ်ဖြင့် ဆဲရေးလိုက်ခြင်းဖြစ်သည်။ ထိုစဉ် အရုပ်ကိုင် ထားသည့် ဘယ်ဘက်ချိုင်းမှ ဆစ်ခနဲ ဆစ်ခနဲ နာသွားသည်။ ကျွန်တော် ကြက်သီးတဖြန်းဖြန်းထ သွားသည်။ လွတ်နေသည့် ညာလက်ဖြင့် ချိုင်းကြားရှိ ကိုက်နေသည့်အကောင်ကို ပွတ်ချေပစ်လိုက်သည်။
          “ သေစမ်း စောက်ထုံစုတ်၊ အဲလေ စုံထောက်စုတ်၊ ဟုတ်ပေါင် ကမြင်းမသား ပုရွက်ဆိတ် …”
          အ-သုံးလုံး အူထုံထုံဂိုဏ်းသားများအနီးသို့ ရတနာတို့အုပ်စုရောက်လာကြသည်။
          “ ဘာလုပ်နေကြတာလဲ …”
          “ ဝေဖြိုးလေ မနက်ခြောက်ခွဲလောက်ကတည်းက အိမ်ကထွက်သွားတာတဲ့ဟ။ ခု သူ့ကျောပိုးအိတ် တွေ့ပြီ။ တစ်ယောက်ယောက်က ရိုက်သတ်သွားတာနေမှာပေါ့။ ဒီနားတဝိုက်ရှိမှာ။ ဟိုဘက်က မြက်ပင်တွေကြားထဲ ရှာကြည့်ကြပါဦး …”
          “ ဟင် ”
အေးမွန်၊ ရတနာနှင့် မြင့်မြင့်စိန်တို့၏ အာမေဋိတ်သံက သစ်ပင်ထက်မှာ ငှက်ရှိနေလျှင်တောင် လန့်ပျံသွားလောက်သည့် အသံမျိုးဖြစ်သည်။ သွားပြီ။ မဖြစ်တော့။ စုံထောက်ရူးကြောင့် သူများမသတ်ဘဲ သူ့ပါးစပ်ဖျားတင် အချောင်သေနေရပြီ။ မိန်းကလေးတွေရှေ့ အရှက်ရမည်စိုးသဖြင့် အသံမပြုတော့ဟု ဆုံးဖြတ်ထားသော်လည်း အသံပေးရတော့မည်။
          “ ငါ ဒီမှာဟ …”
          “ ဟာ ငါဒီမှာတဲ့ဟ၊ မသေသေးဘူး ဒဏ်ရာနဲ့နေမှာ၊ ရှာကြဟ ရှာကြ …”
          သီဟနှင့် မိန်းကလေးသုံးယောက်က မြက်ပင်ရှည်များဖုံးလွှမ်းနေသည့် မြောင်းဟောင်းကြီးဘက်သို့ ဂရုတစိုက်ရှာသည်။ ကိုရွှေစုံထောက်က ခုမှပင် နေကာမျက်မှန်ကို ချွတ်သည်။ ကိုလတ်က နာရီလက်တံ အတိုင်းရော၊ နာရီပြောင်းပြန်အတိုင်းပါ လှည့်ပတ်ရှာသည်။ ဖိုးအောင်က ကျောပိုးအိတ် တင်ထားသည့် ခုံဝိုင်းအောက်သို့ ငုံ့ရှာသည်။ သူ့နှုတ်မှ ရုတ်တရက် …
          “ တွေ့ပြီ …”
          အားလုံး၏အကြည့်တွေက ဖိုးအောင်ဆီသို့ လှည့်လာသည်။ ထို့နောက် ခုံဝိုင်းလေးဆီသို့ သုတ်ခနဲ ရောက်လာကြသည်။
          “ ဘယ်မှာလဲ ဟ …”
          “ ဖိနပ် ဖိနပ် … ဒီမှာ ဝေဖြိုးဖိနပ် …”
          ကျွန်တော် ဆက်သီးမခံနိုင်တော့။ ဒေါသသံအပြည့်ဖြင့် …
          “ ဒီမှာဟေ့ ဒီမှာဟ၊ မင်းတို့ ဖေဖေက ဒီမှာကွ …”
          သူတို့အားလုံးအကြည့်တွေက သစ်ပင်ထက်ဆီသို့ရောက်လာသည်။ ပါးစပ်အဟောင်းသား နှင့်ဖြစ်သည်။ ကျွန်တော့်အမျိုးများ ငှက်မဟုတ်သောကြောင့် သင်းတို့အားလုံး ကံကောင်းသွားကြသည်။ နို့မို့ဆိုလျှင် ဟနေကြသည့် ပါးစပ်ဆီသို့ ငှက်ချေးပါချခိုင်းလိုက်မည်ဖြစ်သည်။ စိန်ပန်းကိုင်းပေါ် အလျား လိုက်မှောက်နေသည့် ကျွန်တော့်ကို မြင်သွားကြသည်နှင့်
          “ ဟိုမှာ …”
          အားလုံး၏ အော်သံကြောင့် လန့်ဖြတ်ကာ ပြုတ်ကျမတတ်ဖြစ်သွားသည်။ ထို့နောက် ကျွန်တော် အားလုံးကို ပြုံးပြလိုက်သည်။ အထက်ဆီးအပြုံးဖြစ်သည်။ ကျွန်တော်က သစ်ပင်ထက်မှ မဟုတ်လား။ ယခုအချိန်တွင် ဝတ်ထားသည့် စတိုင်ပဲန်ဘောင်းဘီလေးသည် တွန့်ကြေနေပြီဖြစ်သည်။ ချွေးများရွဲနေသည့် စပို့ရှပ်အဖြူသည် တွန့်ကြေညစ်ထေးနေလောက်ပြီဖြစ်သည်။ ညာလက်ဖြင့် ချွေပျံနေသည့် မျက်နှာကို အသာသပ်လိုက်သည်။ ချစ်သူကို တိုင်တည်သည့် စကားတစ်ခွန်းကို တိုးတိုးလေးပြောလိုက်သည်။
          “ အိုက်တယ် သီတာ၊ ပြီးတော့ ကိုက်လည်း ကိုက်တယ် ပုရွက်ဆိတ်တွေက …”

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း