ကျွန်တော့်ရဲ့ ခင်မေဖြူ



ကျွန်တော့်ရဲ့ ခင်မေဖြူ

                မိန်းကလေး အတော်များများက မိုးဆိုသော စကားလုံးကို နှစ်သက်တတ်ကြသည်။ ယောက်ျားလေး အများစုကတော့ ဖြိုးဆိုသော စကားလုံးကို နှစ်သက်ကြသည်ထင်သည်။ ကျွန်တော့်သူငယ်ချင်းထဲတွင် ဖြိုး ဟူသော နာမည်ပါသည့် သူငယ်ချင်းပေါင်း များစွာရှိသည်။ ၎င်းတို့ထဲမှ ဖြိုးမောင်မောင် ဆိုသော နာမည်နှင့် သူငယ်ချင်းမှာ သုံးဦးထက်မနည်းရှိသည်။ Examplez အဖွဲ့ထဲမှ အဆိုတော်တစ်ဦးနာမည်သည် ဖြိုးမောင် ဟု အမည်ရသည် မဟုတ်လား။
ကျွန်တော့်သူငယ်ချင်းထဲတွင် ကရာတေးကစားသည့် ဖြိုးမောင်မောင် ရှိသည်။ လေးဖြူသီချင်း အဟစ်ကောင်းသည့် ဖြိုးမောင်မောင် ရှိသည်။ ရုံးနာမည် သေချာမသိသော်လည်း ကျွန်တော်တို့ အလွယ်ခေါ်သည့် ထွန်စက်စခန်းတွင် ဖြိုးမောင်မောင် အမည်ရသည့် ညီငယ်တစ်ယောက်ရှိသည်။ ယခု ကျွန်တော် ပြောပြလိုသည်က လူပျိုကြီး ဖြိုးမောင်မောင် အကြောင်းဖြစ်သည်။ လခထုတ်ပြန်လာသည့် လူပျိုကြီးနှင့် ကားပေါ်မှာ ဆုံခဲ့ရသည့် ငတိမလေးတစ်ကောင်၏ စိတ်လှုပ်ရှားဖွယ်ရာ
အဖြစ်အပျက်တစ်ခုဖြစ်သည်။ ထိုနေ့သည် …. ။ ဆိုရလျှင် လခထုတ်ပြီး အိမ်အပြန်ခရီးတစ်ခုတွင် ဖြစ်သည်။ နောက်ရက်သည် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ဖြစ်၍ ဖြိုးမောင် အမေ့အိမ်ရှိရာသို့ ပြန်ခဲ့ခြင်းဖြစ်သည်။
ဖြိုးမောင် ကားပေါ်တက်လိုက်တော့ သူ့အရင် ရောက်နှင့်နေကြသည့် သားအမိ၊ သားအဖ သုံးယောက်ကို တွေ့လိုက်ရသည်။ မိသားစု သုံးယောက်ဟု သူထင်မိခြင်းဖြစ်သည်။ တကယ်တမ်းတွင် ဘာမျှ မတော်ကြောင်း ခရီးလမ်းတစ်ဝက်ရောက်မှ သိလိုက်ရခြင်း ဖြစ်သည်။ လင်မယားနှစ်ယောက်ဆင်းသွားချိန်တွင် သူနှင့် ကောင်မလေး ကားနောက်ခန်းထဲကျန်ရစ်ခဲ့သည်။ သည်တွင်မှ ထိုလင်မယားနှင့်ကောင်မလေး ဘာမှ မတော်မှန်း သိလိုက်ရသည်။ ကောင်မလေး ကြည့်ရသည်မှာ အလွန်လန်းသည်။
လူပျိုးကြီးတို့၏ အတတ်ပညာဖြင့်ကြည့်လိုက်သည်ရှိသော် ဇယားမဟုတ်ဘဲ အမှန်အကန် အမျိုးကောင်း သမီးလေးဖြစ်မှန်း သိသည်။ သို့သော် သူမ ဝတ်ထားသည်က အနည်းငယ် ဟော့သည်ဟု ဆိုရမည်လားမသိ။ လူပျိုးကြီးပီပီ မည်သို့ ဂေါ်ရေးဖွင့်ရမည်ကို အမြန်ဆုံးတွက်ချက်သည်။ ကားတစ်စင်းနှင့် တစ်စင်းအရှောင်တွင် လေတိုးသဖြင့် လှုပ်သွားသည့် ဒူးဖုံးရုံ စကတ်အတိုနံ့သာရောင်လေးဆီသို့ မျက်လုံးဝေ့မိသည်။ သူ မျက်လုံးဝေ့သည်ကိုလည်း ကောင်မလေးက သိသည်။ လက်နှင့်အသာဖိကာ အကြည့်ကို လမ်းဘေးဝဲယာဆီသို့ လွှဲသွားသည်။ သူလည်း အကြည့်ကို တခြားဘက်သို့ လွှဲလိုက်သည်။ သို့သော် အာရုံထဲတွင် သလုံးသားဝင်းဝင်းလေးကို မြင်ယောင်နေမိသည်။ ထို့ကြောင့် ထပ်ကြည့်သည်။ သူ့ကို ပြုံးကြည့်နေသည့် ကောင်မလေးကို တွေ့လိုက်ရသည်။ သူရှက်ကိုး ရှက်ကန်းနှင့် မျက်နှာလွှဲရန် ပြင်လိုက်စဉ် ကောင်မလေးထံမှ ထင်မှတ်မထားသည့် စကားတစ်ခွန်း ထွက်လာသည်။
" ကြည့်ချင်လို့လား…"
သူ တံတွေးကို မြိုလိုက်ရင်း ယောင်ယောင်ကန်းကန်းနှင့် ခေါင်းညိတ်မိသည်။
" ဒူးအထက်နားလေးကို ကြည့်မလား…ကြည့်ချင်ရင်…"
သူမက သူ့ဂျက်ကော့အိတ်ကို မေးဆတ်ကာ လက်ညှိုးထောင်ပြလိုက်သည်။ သူ့ဘက်မှ ဒီလောက်တော့ ရင်းသင့်တယ် မဟုတ်လား။ ပြီး လခထုတ်လာတာပဲလေ။ သူ အရွက်ကြီး တစ်ရွက်ကို အသံမြည်အောင်ထုတ်ပေးလိုက်ရင်း ကျန်ပိုက်ဆံများကိုပါ မြင်အောင် မသိမသာပြလိုက်သည်။ သူမ ဒူးဖုံးစကတ်လေးကို အနည်းငယ်မ-တင်လိုက်တော့ တစ်စုံတစ်ခုကို သူတွေ့လိုက်ရသည်။ သူမြင်လိုက်ရသည်က အမာရွတ်လေးဖြစ်သည်။ သူမထံမှာ ရယ်သံညင်းညင်းနှင့်အတူ စကားသံထွက်လာသည်။ သူ့စိတ်ထဲ အနည်းငယ်တော့ အောင့်သွားသည်။
" ဒါ ငယ်ငယ်က စက်ဘီးလဲတုန်းကလေ…"
နောက်သူမက ဆက်ပြောသည်။
" ဟိုမှာကတည်းက ဒီအမာရွတ်လေးကို ဖျောက်ခဲ့ရမှာ…"
သူ သက်ပြင်းရှိုက်လိုက်သည်။ သူမက ရယ်ကျဲကျဲ လုပ်နေရာမှ…
" ကျွန်မ ဘယ်သူ့မှ မပြဖူးသေးတဲ့ လျို့ဝှက်အမာရွတ်လေး ရှိသေးတယ်၊ အဲ့ဒါလေး ကြည့်ချင်ရင်တော့…"
သူမ လက်ငါးချောင်းထောင်ပြသည်။ သူက ငွေရေးကြေးရေးကို ဂရုစိုက်သူမဟုတ်။ သူ ဂရုစိုက်သည်က…
ချက်ခြင်းပင် ဂျက်ကော့အိတ်ထဲမှာ အရွက်ကြီး ငါးရွက်ကို ထုတ်ပေးလိုက်သည်။ သူမ၏ အမာရွတ်လေးသည် လူမမြင်နိုင်သည့် လျို့ဝှက်နေရာတွင် ရှိနိုင်သည်ဟုလည်း တဆက်တည်း တွေးမိသည်။ သူမဝတ်ထားသည်က လည်ဟိုက်သည့်အပြင် ချိုင်းပြတ်အင်္ကျီဖြစ်သည်။ ဝတ်ထားသည့် စကတ်ကလည်း ဒူးဖုံးရုံ မဟုတ်လား။ သူမက ဆံပင်တွေကို လက်နှင့် သပ်တင်လိုက်ရင်း မေးစေ့ချွန်ချွန်လေးကို မော့ပြသည်။ သူ စိတ်တိုသွားသည်။ လေသံမာမာဖြင့်…
" မင်း… မင်း လျို့ဝှက် အမာရွတ်ကို ပြမှာဆို…"
" ပြနေတာပဲလေ၊ မမြင်ဘူးလား…ဒီမှာပဲဟာကို…"
သူမလက်ညှိုးလေးဖြင့် ထောက်ပြသည်က သူမ၏ လည်ပင်းတစ်နေရာကိုဖြစ်သည်။ ကားကလည်း လှုပ်နေသဖြင့် အမာရွတ်သဏ္ဍန်အရာလေးမှလွဲပြီး မမြင်လိုက်သည်က သေချာသည်။
" ဒါလား လျို့ဝှက်အမာရွတ်၊ လူတိုင်းမြင်နိုင်တဲ့ဟာကို…"
" ဟုတ်တယ်လေ လျို့ဝှက်အမာရွတ်၊ ဘယ်သူ့ကိုမှ မပြဖူးဘူး၊ ဒီအမာရွတ်လေးက ကျွန်မရဲ့ လျို့ဝှက်ချက်ပဲ…"
" ဟာဟ…၊ လာလာချည်သေး၊ မလိမ့်တစ်ပတ်နဲ့ ငါ့ပိုက်ဆံတွေ ပြန်ပေးစမ်း၊ နေစမ်းပါဦး မင်းရဲ့ ဒီအမာရွတ်ကို ဘာလျို့ဝှက်ထားစရာရှိလို့လဲ…"
သူမက နောက်လှန်ထားသည့် ဆံပင်လေးများကို ကပိုကရိုဖြစ်အောင် ရှေ့သို့ပြန်ချလိုက်သည်။ ထို့နောက် ဆေးဆိုးထားသည့် သူမလက်သည်းလေးများကို ကြည့်ရင်း…
" အရင်တုန်းကတော့ ကျွန်မလဲ ရှင်တို့လိုပါပဲ၊ မိဘကလည်း အတတ်နိုင်ကြီးမဟုတ်တော့ ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး ဟိုနိုင်ငံမှာ အလုပ်လုပ်တယ်၊ ပိုက်ဆံပြည့်မှပဲ ခွဲစိတ်ပြီး ဒီဘဝကို ခံယူလိုက်တာ…"
" ငိ…ဒါဖြင့် မင်း...မင်းက ..."
" ဟိုးတုန်းကတော့ ရှင်တို့လိုပါပဲလို့ဆို ..."
" ဒါဆို လည်ပင်းက အမာရွတ်က၊ ဟာကွာ ..."
" ဟုတ်တယ်လေ၊ လျို့ဝှက်အမာရွတ်လေးပေါ့၊ ကျွန်မတို့က ရှင်တို့လို လည်စိကြီး ပြူးနေလို့ မရဘူးလေ၊ ဒီဟာလေးကို ကျွန်မက လူတိုင်းလိုက်ပြနေရမှာလား…"
သူ အော်ဂလီဆန်သွားသည်။ လျို့ဝှက်အမာရွတ်ဆိုတာ ဇလုတ်ဖျောက်ချင်သောကြောင့် ရထားသည့်အမာရွတ်။ ဒါကိုများ လျို့ဝှက်အမာရွတ်တဲ့။ ထွီ။
" ရှင့် ပိုက်ဆံပြန်လိုချင်သေးလား…"
သူ သွက်သွက်လက်လက်ပင် ခေါင်းညိတ်ပစ်လိုက်သည်။
" ရှေ့နားဆိုရင် ကျွန်မဆင်းရမယ့်နေရာရောက်ပြီ၊ လိုက်ခဲ့လေ၊ ဟိုမှာ ကျွန်မနဲ့အတူ အလုပ်လုပ်ရင်း ကျွန်မလိုပဲ ပုံပြောင်းထားတဲ့ သူငယ်ချင်းတွေ ရှိသေးတယ်…သူတို့ သဘောကျရင် ရှင့်ပိုက်ဆံတွေအပြင် နောက်ထပ်ပိုက်ဆံတွေ ထပ်ရဦးမှာ…"
သူမက ဖြတ်ခနဲပင် သူ့လက်ကို လှမ်းကိုင်လိုက်သည်။ သူ ရုန်းလိုက်ရင်း …
" တော်… တော်…တော်ပါပြီဗျာ…လွှတ်ပါဗျ…"
သူမက အဲလေ သူက အနည်းငယ်တော့ အားသန်သည်။ ယောက်ျားပုံပြောင်းကြီး မဟုတ်လား။ ဖြိုးမောင် ဇွတ်ရုန်းပစ်လိုက်ပြီး အရှိန်နှေးသွားသည့် ကားပေါ်မှ ခုန်ဆင်းလိုက်သည်။ ဖုတ်ခနဲပြုတ်ကျ၍ ကားလမ်းမထက်တွင် ခွေခွေလေး လဲနေရစ်သည်။ တဖြည်းဖြည်းဝေးသွားသည့် ကားလေးကိုကြည့်ရင်း သက်ပျင်းချလိုက်မိစဉ်…
" ပွမ်…ပွမ်"
နောက်ကျောဘက်မှ အရှိန်နှင့်ပြေးလာနေသော Express ကားကြီးကြောင်း လမ်းဘေးသို့ တရွတ်ဆွဲပြေးရသည်။ လမ်းဘေးရောက်သည်နှင့် မဟန်နိုင်ဘဲ လဲသွားသည်။
" ဘယ်နားနာသွားလဲဟင်…ရရဲ့လား…"
အသံနှင့်အတူ လူတစ်ယောက်ရောက်လာသည်ကို သိလိုက်သည်။ မျက်လုံးတွေက ပြာနေသည်။ ရင်ကလည်း တဒိုင်းဒိုင်းခုန်နေသည်။
" လန့်သွားတာနေမှာ၊ ရော့ ရော့ ရေလေးသောက်လိုက်…"
ထိုသူက သူ့ကို နောက်ကျောမှ ထိန်းထားရင်း ပေးလာသည့် ရေသန့်ဗူးကို တဂွတ်ဂွတ် နှင့် သောက်သည်။
" ကျေးဇူးပါဗျာ…"
သူ ကျေးဇူးတင်စွာဖြင့် ကျေးဇူးရှင်ကို မော့်ကြည့်လိုက်သည်။
" အောင်မငီးဗျ…."
နီရဲနေသည့် ထူအမ်းအမ်းနှုတ်ခမ်းကြီးတစ်စုံ၊ မိတ်ကပ်များဖြင့် ပြာနှမ်းနေသည့် မျက်နှာကြီးတစ်ခု။ သူရုတ်တရက်ဖြစ်၍ လန့်အော်မိသော်လည်း အသိစိတ်ကို အလျင်အမြန်ဖမ်းလိုက်ရသည်။ သူ့ဆီက ရိတ်သွားသည့် ပုံပြောင်းကို သူလန့်မအော်မိသော်လည်း သူ့ကို လက်ရှိအကူအညီပေးနေသူကိုတော့ သူလန့်အော်မိသည်။
" ဆောရီးပါဗျာ ကျွန်တော် ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါ…"
သူမက နားလည်ဟန်ဖြင့် သူ့ကို ပြုံးပြသည်။ နောက်သူ့ကို ဆွဲထူရင်း ကားလမ်းဘေးရှိ ခုံဝိုင်းတစ်ခုပေါ်သို့ တွဲခေါ်သွားသည်။ သွေးအေးသွားပြီဖြစ်၍ ခေါက်လဲသွားသည့် ခြေထောက်ကလည်း နာလှသည်နှင့် အားမနာနိုင်တော့ဘဲ သူမကို တွဲကာ အားပြုခဲ့လိုက်သည်။ ထိုင်ခုံပေါ်ရောက်မှ ကျေးဇူးရှင်ကို ပြုံးကြည့်ကာ မိတ်ဆက်ရတော့သည်။
" ကျွန်တော့် နာမည်က ဖြိုးမောင်မောင်ပါ… ဒီက နာမည်က…"
" ခင်မေဖြူပါရှင်…"
ခပ်သြသြ သူမအသံအဆုံး သစ်ပင်ထက်နားနေသည့် ငှက်တချို့ ပျံပြေးသွားသည်။ ဖြိုးမောင်စိတ်ထဲတွင် အတွေးတို့ များစွာ ပြန့်ကျဲနေသည်။ သူက လူပျိုကြီးမဟုတ်လား။ သူ့အတွေးအတော်များများသည် ကုလားကားထဲမှ မင်းသားများလို ကွင်းပြင်ကြီးထဲတွင် မင်းသမီးနှင့် ပြေးတမ်းလိုက်တမ်းဆော့ကာ မျက်နှရူးထနေသည်။ အတွေးအဆုံးတွင် အိမ်ထောင်ကျခြင်းနှင့် အဆုံးသတ်သည်က များသည်။ ယခုလည်း ပြုံးပြုံးကြီး စိတ်ကူးယဉ်နေသည်။ ပြုံးပြသူထက် ဆုံးမသူကိုချစ်ပါဆိုသော စာသားကို မဆီမဆိုင် သတိရနေသေးသည်။ သူလည်း ချစ်တော့မည်။ ရုပ်လှသူထက် နှလုံးလှသူကို ချစ်တော့မည် ဟု ဆုံးဖြတ်လိုက်စဉ်…
" အစ်ကို ဟိုမှာ ကားလာနေပြီ…"
ခပ်လှမ်းလှမ်းမှာ လာနေသည့် မှန်လုံကားကြီးတစ်စင်းကို တွေ့လိုက်ရသည်။ သူ့အတွက် ကားတားပေးနေသည့် ခင်မေဖြူ ကိုကြည့်ရင်း
" ကံ မကုန်သေးရင်တော့ ပြန်ဆုံကြဦးမှာပေါ့ ခင်မေဖြူ… "
သူ အသာ ထရပ်လိုက်တော့ သစ်ပင်ထက်မှာ ကျန်နေသေးသည့် ငှက်တစ်အုပ် ထပြန်သွားသည်။ ယခုမှ သတိပြုမိသည်။ ခရီးဆောင်အိတ်ကလေးကို ဖြစ်သည်။ ခင်မေဖြူ၏ အိတ်ကလေးဖြစ်သည်။ သူလည်း ခရီးသွားပါလားဆိုသော အသိကြောင့် ခရီးတစ်ခုကို အတူဆက်ဖြစ်ဦးမည်ဟု တွေးကာ ပြုံးလိုက်မိသည်။
သူ့တို့နှစ်ဦး ကားပေါ်ရောက်တော့ နောက်ဆုံးတန်းတွင် ထိုင်ခုံရသည်မှာ ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ သူစပ်စုလိုက်မိသည်။
" ဘယ်သွားမလို့လဲ…"
" မုံရွာကို…"
အနားမှာ အိပ်ငိုက်နေသည့် ခရီးသည်တစ်ဦးက ခေါင်းထောင်ကြည့်သည်။ သူမ၏ ခပ်သြသြအသံကြောင့်ဖြစ်မည် ထင်သည်။
" အလည်သက်သက်လား…"
" မဟုတ်ဘူး အလုပ်လျှောက်ထားလို့၊ ဟိုတယ်မှာလေ၊ ဟိုတယ်က…"
အနားမှာ အိပ်ပျော်နေသည့် အဒေါ်ကြီးက သူတို့ကို မျက်စောင်းထိုးလိုက်ရင်း ရင်ဘတ်ပေါ်ရှိ သူ့တဘက်လေးဖြင့် နားကိုပိတ်ကာပေါင်းပြီး ပြန်အိပ်သွားသည်။ ကားကြီးက အရှိန်ပြင်းပြင်း မောင်းနှင်ဆဲ။ နောက်ဆုံးတန်းရှိ သူတို့နှစ်ယောက်ထံမှ စကားသံတို့က အရှိန်အဟုန် မပျက် ပျံ့လွင့်ဆဲ…။
***** ***** *****
(သူငယ်ချင်းများ ရယ်မောပျော်ရွှင်စေလို၍ ပေါက်တတ်ကရ တင်လိုက်ရပါသည်။ မရယ်ရလျှင် ရပ်ကွက်လူကြီးအားဆဲ၍ ရယ်ရလျှင် ကျွန်တော့်အား ချီးကျူးကြပါကုန်။ ဤဇာတ်လမ်းထဲမှ ဖြိုးမောင်မောင် ဆိုသူမှာ ကျွန်တော်၏ သူငယ်ချင်းဖြစ်၍ ခင်မေဖြူမှာ အပြင်လောကတွင် ယခုဇာတ်လမ်းထဲမှ ဇာတ်လိုက်မင်းသမီးလေး ခင်မေဖြူအတိုင်း ထပ်တူ ချွတ်စွပ် ချောမောလှပပါသည်။ အရင်းနှီးဆုံး မိတ်ဆွေဖြစ်၍ စိတ်ဝင်စား၍ ချဉ်းကပ်လိုသူများ အကျွန်ုပ်အား အမြန်ဆုံး ဆက်သွယ်ကြပါကုန်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း