ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၅)
ရှဥ့်ညိုလေးရဲ့
ကျောင်းပုံပြင်(၅)
လူက
ခေါင်းတွေမူးနောက်လာသည်။ ဆယ်နာရီခွဲကျော်ကျော်ဖြစ်သည်။ ဆယ့်တစ်နာရီဆယ့်ငါး တွင် ပရက်တီကယ်ရှိ၍
ကျွန်တော်တို့၏ မစ်ရှင်ကို ခဏနားမည်ဟု ဆုံးဖြတ်ထား သည်။ လောလောဆယ် ခေါင်းမူးသည်။ မျက်နှာတွေလည်း
ထူပူနေပြီဖြစ်သည်။
ကျောင်းသူတစ်သုတ်ဝင်လာတိုင်း ၄င်းတို့နောက်မှ နေ၍
ကျောပိုးအိတ်မှာချိတ်ထားသည့် အရုပ်လေးများကို သရုပ်ခွဲရသည်။ တစ်ချို့အရုပ်လေးများချိတ်ထား
သည်မှာ ကျောလယ်လောက်ဖြစ် ၍ ပြဿနာမရှိသော်လည်း တစ်ချို့အရုပ်ကလေးများက ကျောပိုးအိတ်အောက်ခြေနားဖြစ်၍
အထင်မှားစရာ ဖြစ်သည်။ ဘူးယိုတွေ ဆိုသောစကားသံက ကျောင်းသူတစ်ချို့ထံမှ မကြာခဏ ထွက်ကျသည်။
ကျောင်းသားတစ်ချို့၏ ဘာကောင်တွေလည်းဟ ဆိုသည့် အကြည့်ကို မကြာခဏ လစ်လျူရှုရသည်။ ထိုအခြေအနေကို
အမြန်ဆုံးအဆုံးသတ်ပေးသူမှာ ကျောင်းဂိတ်တွင် တာဝန်ကျနေသည့် ဆရာမများထဲမှ တီချယ်ကြီးဖြစ်သည်။
“ သားတို့ ခဏ၊ သားတို့ကို တီချယ်ကြည့်နေတာကြာပြီ။
ကျောင်းသူလေးတွေဝင်လာတိုင်း နောက်ကနေလိုက်ပြီး စ-နောက်နေတာ သားတို့အတွက် ပျော်စရာကြီးပေါ့ကွာ
။ ဒါပေမယ့် ကိုယ့်အပျော်က သူတစ်ပါးအတွက် အနှောက်အယှက်မဖြစ်ဘူးဆိုရင်တော့ အပြစ်ကင်းတာပေါ့။
တီချယ်မြင်ရ သလောက်တော့ တစ်ချို့တွေဆို တော်တော်စိတ်အနှောက်ယှက်ဖြစ်သွားတာ တွေ့ရတယ်။
ကျောင်းသား အချင်းချင်းဆိုတဲ့စိတ်နဲ့ သီးခံသွားကြတာ၊ သားတို့မှာ အပြစ်မကင်းဘူးနော်၊
တီချယ်လည်း သားတို့ကို အပြစ်မပေးချင်ဘူး …”
ကျွန်တော်တို့အားလုံး အောင်မြင်စွာ ဆုတ်ခွာခဲ့ကြသည်။
သီဟက ဥပဒေဆောင်ဘက်သို့ ထွက်ခွာသွားသည်။ အောင်ကိုလတ်၊ အောင်စိုး၊ အောင်ထွန်းနှင့် ကျွန်တော်က
တစ်မေဂျာထဲဖြစ်၍ စာသင်ဆောင်ဘက်သို့ ချီတက်ခဲ့ကြသည်။ သို့သော် ခြေလှမ်းတို့က နှေးကွေးလေးလံစွာဖြင့်
…။ စာသင်ခန်းထဲတွင် သီတာရှိသည်။ သူမပေးထားသည့် လက်ဆောင်လေး ပျောက်ဆုံးနေကြောင်းကိုတော့
မသိစေလိုပါ။ ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်ဘက်မှ စကားမစရဲသလို သူမဘက်မှ စလာမှာကိုလည်း
ကြောက်သည်။ သူမ မျက်နှာညိုသည်နှင့် ကမ္ဘာပြိုမတတ်ဖြစ်နေခဲ့သော ကျွန်တော်အတွက် သူမ၏ဒေါသသည်
မိုးကြိုးမုန်တိုင်းတစ်ခုလည်း ဖြစ်သွားနိုင်သည်။ သီတာ့ဘက်မှ လိုက်လိုက်လျောလျော ဆက်ဆံသည်မှာ
မကြာသေးသော ကာလအတွင်းမှဖြစ်သည်။
သီတာနှင့်ပတ်သက်၍ ပါမောက္ခရုံးခန်းလည်း တက်ဖူးပြီဖြစ်သည်။
ဘွဲနှင်းသဘင်ခန်းမရှေ့ရှိ မြက်ခင်းတွင်လည်း အမှိုက်ကောက်ခဲ့ဖူးပြီ။ ရှာမီလာအမေ လက်ခ်ျမီးနှင့်လည်း
ပြဿနာဖြစ်ခဲ့ဖူးသည်။ သူငယ်ချင်းများ၏ ကူညီစောင်မမှုဖြင့် ကျွန်တော်တို့အဖွဲ့ထဲ ဆွဲခေါ်နိုင်ခဲ့သည်။
အထူးသဖြင့် အေးမွန်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။ ဟိုတုန်းကတော့ သူငယ်ချင်းများမသိစေဘဲ
ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားမည်ဟု ဆုံးဖြတ်ဖူးခဲ့သူဖြစ်သည်။ မိန်းကလေးတစ်ယောက်ထံမှ
အဖြေကို ရဖို့ သူငယ်ချင်းများနှင့် တိုင်ပင်ရသည်မှာ အပေါစားရုပ်ရှင်ဆန်သည်ဟု အယူသည်းသူတစ်ဦးလည်းဖြစ်သည်။
ကို့ရို့ကားယား အဖြစ်အပျက်များ ကြုံပြီးသည့်နောက်ပိုင်း သူငယ်ချင်းများ၏ အကူအညီကို
မသိကျိုးကျွံပြုကာ လက်ခံရတော့သည်။ တကယ်တော့ ကျွန်တော်သည် လျို့ဝှက်လိုသူဖြစ်သည်။ ယခုကြုံနေရသည့်
ပြဿနာသည်ပင် ကျွန်တော်လျို့ဝှက်လို၍ ပေါ်ပေါက်လာရသည့် ပြဿနာဖြစ်သည်။
စာသင်ခန်းရှေ့ရောက်သောအခါ ကော်ရစ်ဒါတွင်
လူရှင်းနေသည်။ ကျွန်တော်တို့အုပ်စု ရှေ့တံခါးပေါက်မှ အသာအကဲခတ်လိုက်သောအခါ စာသင်ခန်းစတိတ်ခုံပေါ်တွင်
ဆရာမရှိတော့။ ဆရာအချိန်စောထွက်သွားပြီ ထင်သည်။ ထိုစဉ် …
“ ဘူးယိုတွေ သတိ …”
ကျောင်းသားတစ်ယောက်၏ ကျယ်လောင်သောအသံနှင့်အတူ
အားလုံး၏အကြည့်တွေက တစ်ဖွဲ့လုံးဆီသို့ စူးစိုက်လာသည်။ ကျောင်းသူတစ်ချို့၏ မျက်စောင်းများ
ဝဲပျံလာသည်။ တစ်ချို့တွေက နှာခေါင်းရှုံ့သည်။ တစ်ချို့တွေက ပြုံးစိစိ။ တစ်ချို့တွေက
သတင်းကိုယခုမှ အသည်းအသန် လိုက်ရှယ်နေ သည်။ မသိလိုက်ရသေးသူများက သတင်းဖြန့်ဝေသူထံမှာ
နားကိုစွင့်ရင်း မျက်လုံးများကတော့ ကျွန်တော် တို့ တစ်ဖွဲ့လုံးဆီသို့။
ထူပူနေသည့် မျက်နှာကို ကျောပိုးအိတ်၊ လွယ်အိတ်
စသည်များဖြင့်ကာရင်း စာသင်ခန်း နောက်ပေါက်ဆီမှ အပြေးအလွှား ဝင်ခဲ့ကြသည်။ အေးမွန်တို့ခုံနောက်
လွတ်နေသည့်နေရာကို တိုးတိုးခွေ့ခွေ့ ဝင်ထိုင်လိုက်သည်။ ဖိုးအောင်က အေးမွန်ဘေးဝင်ထိုင်သည်။
ပထမဆုံး အေးမွန်ထံမှ မျက်စောင်းတစ်ခုကို ဖိုးအောင်ရလိုက်သည်။ ထို့နောက် တဖြတ်ဖြတ်ဖြင့်
လက်မောင်း၊ လက်ပြင်တို့ကို ရိုက်သည်။ တိုးတိုးတိုးတိုးနှင့် အံကြိတ်ပြောနေပုံရသဖြင့်
ဘာပြောနေမှန်းတော့ မသိရ။ နောက်တခဏ ဖိုးအောင်၏ ခန္ဓာကိုယ်တွန့်လိမ်သွားသည်။ အေးမွန်က
လူကောင်သေးသလောက် လက်စွမ်းပြနေသည်ကို သိသည်။
“ အေးလေ နင်တို့ကလည်း ကဲကို ကဲတယ် ”
ရတနာထံမှ တီးတိုးအပြစ်တင်သံနှင့်အတူ အောင်ကိုလတ်ထံမှ
“ ငါတို့ ဘာမှ မလုပ်ပါဘူးဟ”
သူငယ်ချင်းတွေ
ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေချိန် ကျွန်တော်လည်း ကျွန်တော့်ကိစ္စနှင့် ကျွန်တော်
အလုပ်ရှုပ်နေသည်။
ရှာသည်။ မတွေ့။ ဘယ်နားမှာပါလိမ့်ဆိုသော အတွေးနှင့်အတူ မတ်တပ်ရပ်၍ရှာသည်။ ရှေ့ဆုံးခုံများတွင်လည်း
မတွေ့။ အလယ်ပိုင်းခုံများတွင်လည်း မတွေ့။ ယခုအချိန်တွင် “ သီတာ ဘယ်မှာလဲ”ဆိုသည့် အဆိုတော်
စိုးပိုင်၏သီချင်းကို သံကုန်ဟစ်လိုက်ချင်သည်။ သီတာသည် ဟိုးတုန်းက ရှေ့ဆုံးခုံများတွင်
ထိုင်တတ်သော်လည်း အေးမွန်တို့နှင့် သူငယ်ချင်းဖြစ်ပြီး တစ်ခါတစ်ရံ နောက်နားတွင်သာ ထိုင်တတ်သည်။
အေးမွန်တို့လည်း ထို့အတူပင်ဖြစ်သည်။ ကျွန်တော်တို့အဖွဲနှင့် သူငယ်ချင်းဖြစ်ပြီး နောက်နားတွင်သာ
ထိုင်ကြတော့သည်။ နောက်နားခုံများတွင်လည်း ရှင်းနေသည်။ မေးဖို့ရန်ကလည်း ကိုယ့်အဖွဲ့သားအချင်းချင်းပင်
မကြည်ဖြစ်နေ၍ တွန့်နေသည်။ အားလုံးထဲမှာ စကားနည်းသော်လည်း သဘောကောင်းသည့် သီဟညီမမြင့်မြင့်စိန်ကို
မေးရန်စိတ်ကူး လိုက်သည်။
စာသင်ခန်းနောက်ပေါက်တွင်ရိပ်ခနဲမြင်လိုက်ရသည့်
လူရိပ်ကို လှည့်ကြည့်လိုက်သည်။ သီတာ။ ကျွန်တော့်ရဲ့ ရွှေမင်းသမီးလေးသီတာ။ ကြည်ကြည်စင်စင်လေးဖြစ်နေသည့်
မျက်ဝန်းလေးကို အကဲခတ်ပြီး နောက် ပြုံးပြလိုက်သည်။ ပြုံးယောင်သမ်းသွားသည့် မျက်ဝန်းလေးကို
ကြည့်ရင်း ရင်ထဲမှ အလုံးကြီးကျ သွားသည်။ သီတာနှင့်အတူဝင်လာရင်း နီလာက နှာခေါင်းကို
လက်ညှိုးဖြင့်ထောက်ပြ လိုက်သည့်အခါ ကျသွားသည့်အလုံးကြီးက ချက်ခြင်းပြန်ဆောင့်တက်လာသည်။
“ ဟာ … သွားပြီ ….”
သက်ပြင်းနှင့်အတူ ဘယ်သင်ခန်းစာတွင်မှ မပါသော်လည်း
ကျွန်တော်ခေါင်းငိုက်စိုက်ချလိုက်သည်။ ကျွန်တော်ခေါင်းငိုက်စိုက်ကျသွားမှန်း သီတာသိသည်။
ကျွန်တော်ကလည်း သိစေချင်သည်။ ခေါင်းပြန် မမတ်သော်လည်း အသာစောင်း၍ သီတာထိုင်သည့် နေရာကို
လိုက်ကြည့်သည်။ အိုးခေ ။ အေးမွန်တို့ ဘေးရှိ ရှေ့ခုံတွင်ဖြစ်သည်။ ကျွန်တော့်နေရာမှဆိုလျှင်
သီတာမျက်နှာလေးကို တစ်ရာ့နှစ်ဆယ် ဒီဂရီမှနေ၍ မြင်နိုင်သည့် နေရာမဟုတ်လား။ ကံကောင်း၍
အေးမွန်ထံလှည့်စကားပြောလျှင် ချစ်သူမျက်နှာ ကို ကြည်ကြည်ရှင်းရှင်းမြင်နိုင်ပေလိမ့်မည်။
ခဏနေတော့ ဆရာရောက်လာသည်။ အရင်တစ်ပတ်က ဖြေထားသည့်
ကျူတိုရီယယ်စာအုပ်များ ဝေသည်။ စိတ်အစဉ်က သီတာဆီမှာ။ ပုစ္ဆာတစ်ချို့ကို ဆရာက ဘုတ်ပေါ်တွင်ရေးပေးသည်။
မျက်လုံးတို့က သီတာထံမှကျော်ကာ ဆရာရေးပေထားသည့် ပုစ္ဆာဆီသို့မရောက်။ ဘေးမှာရှိသည့် အောင်ကိုလတ်ထံမှ
လိုက်ကူးရသည်။ ဒီပုံအတိုင်းဆို ဖြေထားသည့် စာမေးပွဲအောင်နိုင်ပါတော့မည်ဟု ကျွန်တော်မထင်တော့။
ပြဿနာက ကျွန်တော့်ကိုနှစ်ခြိုက်နေမှတော့ သီတာ့ဆီက အဖြေဆိုတာက ပေါက်ပြီးပျောက်သွားတဲ့
ထီလက်မှတ်တစ်စောင်လည်း ဖြစ်သွားနိုင်သည်မဟုတ်လား။ ပြဿနာက ကျွန်တော့်ကို ရှာတာလား၊ ကျွန်တော်က
ပြဿနာကို ရှာတာလား။ နှစ်ခုစလုံးလည်းဖြစ်နိုင်သည်။ တကယ်တော့ …
“ ကျွန်တော်က ပြဿနာကောင်ပါ သီတာ …”
“ ဟေ့ကောင် ဘာတွေပြောနေတာလဲ၊ ကဲန်တင်းသွားစို့လို့ပြောနေတာ
…”
ယောင်ယောင်ကန်းကန်းနှင့် ထရပ်လိုက်သည်။ ဆရာက
ကျူတိုရီရယ်စာအုပ်များကို ထပ်ပြီး
သိမ်းနေသည်ကို
တွေ့ရသည်။ ကျွန်တော့်စာအုပ်ကို သူငယ်ချင်းတစ်ယောက်ယောက် သွားထပ်လိုက်တာ ဖြစ်မည်။ အတန်းထဲမှထွက်သွားသည့်
ဆရာကိုနှုတ်ဆက်ပြီးနောက် ကျောပိုးအိတ်ကို ဆွဲ၍ထွက်လိုက် သည်။ ဘေးခုံမှာချိတ်ထားသည့်
လွယ်အိတ်နှင့်ငြိပြီး ပြုတ်ကျသွားသည်။
“ ဆောရီး၊ ဆောရီး …”
ကျွန်တော်ပြန်ကောက်ပေးမည်ပြင်သော်လည်း ကောင်မလေးထံမှ မျက်စောင်းတစ်ခု ရောက်လာ သောကြောင့်
တုန့်သွားသည် ။ ကျသွားသည့်လွယ်အိတ်ကို သူ့ဘာသာပင်သူကောက်သည်။ ဒီနေ့ပြဿဒါး ဆိုတာ သေချာပြီ။ ထိုနေရာမှ လစ်ထွက်ရန်ပြင်လိုက်သည်။
ကျောပိုးအိတ်ကို လွယ်လိုက်သည်။ လွယ်အိတ်ကောက်ပြီး ပြန်ထလာသည့် ကောင်မလေးမျက်နှာကို
ရိုက်မိသည်။ မျက်မှန်ပြုတ်ကျ သွားသည်။ သူငယ်ချင်းများ၏ ဝိုင်းဝန်းတောင်းပန်မှုကြောင့်သာလျှင်
ထိုကောင်မလေး မကျေနပ်သော်လည်း ကျေနပ်လိုက်ရခြင်းဖြစ်သည်။ ကျွန်တော် ခေါင်းငိုက်စိုက်ဖြင့်
အတန်းထဲမှ ထွက်လာခဲ့လိုက်သည်။ တကယ့်ကို စိတ်ဓာတ်ကျသွားသည်။ ဒီလိုအချိန် ခေါင်းငိုက်စိုက်ကျမှုမျိုးကိုတော့
သီတာကို မမြင်စေလိုပါ။
ပြဿနာက ကျွန်တော့်ကိုရှာတာမဟုတ်ဘူး။ ကျွန်တော်ကလည်း
ပြဿနာကို မရှာခဲ့ဘူး။ ကျွန်တော်လုပ်သမျှက ပြဿနာဖြစ်နေတာ။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်ကိုက
…
“ ပြဿနာကောင်ပါ သီတာ …”
Comments
Post a Comment