ခံစားရတာလေးတွေ




ခံစားရတာလေးတွေ

ကျွန်တော် စကားပြောသင်တန်းတက်တုန်းက တစ်ပတ်ထဲတက်တဲ့ သင်တန်းသားများနဲ့ ဆရာသင်ပေးတဲ့ ပုံစံအတိုင်း ပြောနိုင်လာတဲ့အကြောင်း၊ အပတ်စဉ်စောတဲ့ စီနီယာသင်တန်း သားများနဲ့တော့ ဆရာသင်ပေးသလို မပြောတတ်ကြောင်း ကျွန်တော်နဲ့သင်တန်း ရသစာတမ်းမှာ ရေးခဲ့ဖူးတယ်။ ဒီနေ့လည်း အဲဒီအဖြစ်မျိုးနဲ့ ဆင်ဆင်တူတာ တွေ့ခဲ့ရတယ်။
ကျွန်တော့် သားလေးနေမကောင်းလို့ ကလေးဆရာဝန်ဆီ သွားပြပါတယ်။ မနက်(၉) နာရီထိ သူ့ဆေးခန်းမှာထိုင်တယ်ဆိုလို့ အပြေးအလွှား အချိန်မှီသွားပြတယ်။ ကျွန်တော်တို့ ကံကောင်းပါတယ်။ အကြောင်းက အချိန်မှီရောက်သွားလို့ သူက ကုသပေးပါတယ်။ နောက် စစ်ဆေးရမယ့် ဓာတ်ခွဲခန်းကိုလည်း ဓာတ်ခွဲခန်းနာမည်ပါတဲ့ ဘောက်ချာလေးနဲ့ အချက်အလက် တချို့ ရေးပေးလိုက်တယ်။ နေ့ခင်း ဆေးခန်းထိုင်တဲ့အချိန် ရလဒ်ကို လာပြဖို့လည်း မှာလိုက်တယ်။ သူစစ်ခိုင်းတာက သွေးစစ်ဖို့ရယ်၊ တီဗီဓာတ်မှန်ရိုက်ဖို့ရယ်ပါ။ နှစ်ခုစလုံး ပုဂ္ဂလိက ဓာတ်ခွဲခန်း များပါ။ ကျွန်တော်တို့ မိသားစု သူ့ညွှန်ကြားချက်အတိုင်း ချီတက်ရတာပေါ့။ ကျွန်တော်ရယ်၊ သားမေမေရယ်၊ သားကြီးရယ်၊ သားငယ်ရယ်ပေါ့။

သူပြောတဲ့ ဓာတ်ခွဲခန်းကို ကျွန်တော်တို့ အချိန်မှီရောက်ပါတယ်။ အချိန်မှီဆိုတာ တီဗီ ဓာတ်မှန်ရိုက်ပြီး အဖြေထုတ်ပေးမယ့် ဆရာဝန်ကြီး ဆေးခန်းထိုင်နေချိန်မို့ပါ။ ပုဂ္ဂလိကဓာတ်ခွဲ ခန်းကြီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းလေးတွေရဲ့ ကျဲတောက်နေတဲ့ဆက်ဆံရေးနဲ့ မောက်မာမှုကို ကျွန်တော်တို့ လစ်လျူရှုလိုက်တယ်။ ဖွင့်စတုန်းကလို ဝန်ဆောင်မှု မဟုတ်တော့ တာကို သိထားသည့်တိုင်ပေါ့။ ကျွန်တော်တို့ ယဉ်ကျေးလိမ္မာသင်တန်းက သင်တန်းသူတွေဆီကို သွားတာမှ မဟုတ်တာ။ နောက်ပြီး သူတို့က အထူးကုကြီး ညွှန်ကြားလိုက်တဲ့ ဓာတ်ခွဲခန်း မဟုတ် လား။ ကျွန်တော်တို့ အလှည့်ရောက်ဖို့ စောင့်နေလိုက်တယ်။ ကျွန်တော်တို့ရှေ့တစ်ယောက်ပဲရှိ တော့တဲ့အချိန်ကျမှ ဝန်ထမ်းမလေးက ဆရာကြီးက မကြည့်ပေးနိုင်တော့ဘူး။ နောက်တစ်ခေါက် ပြန်လာဆိုပြီး ချိန်းတယ်။
ကျွန်တော်တို့ နှစ်နာရီနီးပါး စောင့်ခိုင်းထားတာ ဘာ့ကြောင့်များပါလိမ့်။ သူတို့ ဓာတ်ခွဲခန်း ရဲ့ ကြီးကျယ်ခမ်းနားမှုကို ပြချင်တာများလား။ လာစစ်တဲ့သူ ဘယ်လောက်များတယ် ဆိုတာ သိစေချင်တာများလား။ ဆရာဝန်ကြီးရဲ့ အချိန်နဲ့ အချိန်အလုပ် လုပ်ပုံကို သိစေချင်တာများလား။ ဆရာဝန်ကြီးရဲ့ တန်ဖိုးရှိတဲ့အချိန်နဲ့ ကျွန်တော်တို့ရဲ့ အဖိုးမတန်တဲ့ အားယားတဲ့အချိန်ကို သိစေချင်လို့ ပြသလိုက်တာလို့ပဲ ထင်မိပါတယ်။ အဲဒါနဲ့ တန်ဖိုးမရှိတဲ့ အချိန်တွေကို ပိုင်နေတဲ့ ကျွန်တော်တို့ မိသားစုလေးယောက် နောက်တစ်နေရာကိုရွေ့တယ်။ အထူးကုကြီးညွှန်လိုက်တဲ့ သွေးစစ်တဲ့ဆီပေါ့။
အဲဒီမှာတော့ မကြာပါဘူး။ သားတို့အမေက ပြောတယ်။ နေ့လည် (၁)နာရီအမှီပြန်ပြရမှာ ဆိုတော့ အနီးမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံကြီးမှာ ဝင်စစ်လိုက်မလားလို့ မေးတယ်။ ကျွန်တော်က မလုပ်နဲ့ ရှင်မရေ ဆရာဝန်မကြီးပေးလိုက်တဲ့ နာမည်ပါတဲ့ ဘောက်ချာကို သိလား၊ အဲဒါ ပါစဲင်းနစ်ကွ လို့ပြန်ပြောရတယ်။ တခြားမှာရိုက်ပြီး ဆရာဝန်မကြီးနဲ့ပြတဲ့အခါမှာ သူပြောတဲ့ တီဗီဓာတ်မှန်ဆရာဝန်ကြီးက နောက်တစ်ကြိမ်ချိန်းလို့ ကလေးအတွက်စိုးရိမ်တာနဲ့ တခြားက စစ်လာပါတယ်လို့ ကျွန်တော်တို့ မပြောရဲဘူး။ ဒါ့ကြောင့် ဆရာဝန်မကြီးဆီကို ပြန်သွားတယ်။ တခြားမှာ သွားစစ်ခွင့်ပြုဖို့ပေါ့။
ဆေးခန်းပြချိန်ကျော်သွားတော့ ဝင်းတံခါးကြီးက ပိတ်သွားပါပြီ။ တိုက်တံခါးတွေ ပွင့်နေသည့်တိုင် ခေါ်လို့ မရေတော့ပါဘူး။ ဒါ့ကြောင့် ကိုယ့်သဘောနဲ့ကိုယ် ဆေးခန်းနဲ့နီးရာ ပုဂ္ဂလိက ဓာတ်ခွဲခန်းကိုပဲသွား စစ်လိုက်တယ်။ သားကြီးနဲ့ သူ့အမေက တီဗီဓာတ်မှန်ရိုက်နေချိန် ကျွန်တော်က သာလိကာနဲ့ ကြက်တူရွေးသား ရောစားထားတဲ့ မျောက်ကောင်ရေတစ်သိန်းအား နဲ့ညီတဲ့ သားငယ်နဲ့ ကားပေါ်မှာ…။ အိုး ဘာပြောကောင်းမလဲ။ ဘာမှကို ပြောမကောင်းဘူး။ အဲဒီမှာလည်း အချိန်ကြာတယ်။ ရေသောက်ပြီးစောင့်နေရတယ်တဲ့။ ဆီးအိမ်တင်းမှ ရိုက်လို့ရမှာ ကိုး။ ဆရာဝန်ကြီးအဖြေကြောင့် စိတ်ပူနေတာလျော့သွားတယ်။ စိုးရိမ်စရာ မရှိပါဘူးတဲ့။ ဆယ့်နှစ် ထိုးတော့မှာပေမယ့် အိမ်ကိုပဲ ပြန်လာခဲ့လိုက်ကြတယ်။ ဆရာဝန်မကြီးဆီက (၁)နာရီမှပြန်ပြရမှာ ဆိုပေမယ့် သားအမေပဲ သွားလိုက်ရင်ရပြီမဟုတ်လား။ ကျွန်တော်ကတော့ မျောက်ကောင်ရေ တစ်သိန်းအားကို ထိန်းခဲ့ရသူဆိုတော့ ခေါင်းကမထူနိုင်အောင်ကို မူးနေပြီ။

***                                           ***                                           ***
နေ့ခင်း (၁)နာရီကျော်တော့ သားအမေ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာတယ်။ နောက်သားကြီးကို အဝတ်အစားလဲပေးနေရင်း တဗျစ်တောက်တောက်လုပ်နေလို့ ဘာဖြစ်လို့လဲ မေးလိုက်တယ်။ ဆရာဝန်မကြီးက ပြောတယ်တဲ့၊ သူလိုချင်တာ ဒီအဖြေမဟုတ်ဘူးတဲ့၊ ဟိုက ရေးပေးလိုက်တာနဲ့ တိုက်စစ်လို့ မရဘူးလို့ပြောတယ်တဲ့။ ကျွန်တော်လဲ ခေါင်းတွေထိုးကိုက် နေတဲ့ကြားက ပြုံးလိုက်မိသေးတယ်။ မချိပြုံးထင်ပါရဲ့။ ရာခိုင်နှုန်းလို့ ကိုယ်ပြောသားပဲဆိုပြီး နှုတ်ကထွက်သွားလိုက်မိသေးတယ်။ စည်းကမ်းလိုက်နာ ဘေးကင်းကွာဆိုတဲ့အတိုင်း ဆရာဝန်မ ကြီးပြောတဲ့ ဓာတ်ခွဲခန်းကို နောက်တစ်ကြိမ်ထပ်သွားတယ်။
ကိုယ့်အလှည့်ရောက်ဖို့ ပိုလျှံနေတဲ့အချိန်တွေကို သုံးပြီးစောင့်တယ်။ အဖြေရလာတော့ သားအမိနှစ်ယောက်အိမ်ပြန်လာကြတယ်။ ပြန်ပြရမယ့် ဆေးခန်းက ပိတ်သွားပြီ။ ညနေကျမှဖွင့် တော့မှာမို့တဲ့။ ညနေကျတော့လဲ သားနဲ့ သူ့အမေပဲ သွားကြတယ်။ ကျွန်တော်က သွေးတိုးနေလို့ပါ။ ဟိုးတုန်းက သွေးပေါင်ကျတတ်ပေမယ့် အိုဗာသာတီးဖြစ်လာတော့ ပြောင်းသွား တယ်။ စိတ်တို၊ စိတ်ရှုပ်စရာကြုံလာရင် ကိုယ့်(emotion) ကို ထိန်းနိုင်ပေမယ့် (Pressure) ကိုတော့ မထိန်းနိုင်ဘူးဗျ။ စိတ်ဆိုးဒေါသထွက်စရာကြုံလာရင် ခံစားချက်တွေ ထွေပြားပြီးရောသွား အောင်လို့ ပေါပြစ်လိုက်တယ်။ ဟာသတစ်ခု၊ ရယ်စရာတစ်ခုအဖြစ် အမြင်ပြောင်းလိုက်တယ်။ ဆိုပါတော့ အလုပ်မှာ ကိုယ့်အထက်လူကြီးက ဆူနေတယ်ဆိုပါတော့။ ကြားနေရတဲ့ သူ့အသံကို ဖျောက်ပြီး သူ့မျက်နှာကိုပဲ လိုက်ကြည့်နေလိုက်တယ်။ ကြာလာတော့ ကိုယ့်ကိုဆူနေတဲ့ လူကြီးမျက်နှာက ရယ်စရာကောင်းလာရော။ သူ့မှာ ကိုယ်ရယ်စရာဖြစ်ဖို့ အမူအရာအမျိုးမျိုးနဲ့ သရုပ်ဆောင်ပြနေရတယ်ထင်လာတော့ သနားလာရော။ တစ်ယောက်ယောက်က လူကြီးဆူတော့ မှာမို့ ဟိတ် လက်ဖက်ခြောက်ယူသွားလို့ပြောရင် ဟိုတုန်းကလို စိတ်မညစ်တော့ဘူး။ ရယ်စရာ တစ်ခုခု၊ သနားစရာတစ်ခုခုကို ကျွန်တော်တွေ့တော့မှာ သေချာတယ်လေ။ ခင်ဗျား စိတ်ဆိုးဒေါသ ထွက်နေတဲ့ လူတစ်ယောက်ယောက်ကို အမြင်တစ်မျိုးပြောင်းကြည့်လိုက်။ ရယ်စရာကောင်း နေတာကို တွေ့ရလိမ့်မယ်။ အနည်းဆုံးတော့ အဲဒီလူက အရူးကြီးနဲ့တူတယ်ဆိုတာကို ခင်ဗျား သတိထား မိလိမ့်မယ်။
ကျွန်တော်သိမြင်လာတဲ့ အကြောင်းအရာလေးတွေနဲ့ ခံစားချက်လေးတွေကို ဝေမျှချင်လို့ ဒီစာကိုရေးတာဗျ။ ကျွန်တော်တို့ အင်္ဂလိပ်စပိကင် တက်သလိုပဲ ဆရာဝန်တွေလည်း ဆရာဝန်သင်တန်း(ဆေးကျောင်း)တက်ကြရတယ်။ ကျွန်တော်တို့တတွေက တစ်ပတ်ထဲဆင်းဆို ရင် ဆရာသင်ပေးလိုက်တဲ့ပုံစံအတိုင်း အချင်းချင်းပြောနိုင်ကြတယ်။ ဆရာဝန်တွေကျ တစ်ပတ်ထဲ ဆင်းတောင် အချင်းချင်း သူဘာရေးတယ်၊ သူဘာမေးတယ် မပြောတတ်၊ မဖတ်တတ်ကြဘူး။
ကျွန်တော်တို့အားလုံး တစ်ချိန်က ကလေးတွေဗျ။ ကြီးလာမှ ကလေးကြီးတွေ ဖြစ်လာ ကြတာ။ တချို့တွေဆိုရင် အသက်ကြီးလို့ သေသာသွားရော ကလေးကြီးအဆင့်ကကို တက်မသွား ရရှာဘူး။ တချို့ကျလဲ ကလေးငပေါ အဆင့်မှာတင် အဆုံးသတ်သွားတယ်။ ကလေးတွေရဲ့ ဒေါသက ငိုတာဗျ။ လိုဘမပြည့်ရင် ငိုရော။ လိုဘပြည့်ရင်တော့ ရီတာပေါ့ဗျာ။ အသက်ကြီးလာတဲ့ ကလေးကြီးတွေကျ လိုဘမပြည့်ရင် မိုးတွင်းနောက်ချေးပုံကြီးလိုပဲ။ သူတို့လိုဘလည်းပြည့်ရော …။ အဲဒီမျက်နှာ ခင်ဗျားတို့ မြင်ဖူးပါတယ်။
ဒီနေ့ ကျွန်တော် ကောင်းတာလေးတွေ လုပ်ခဲ့မိတယ်လို့ ခံစားမိတယ်ဗျ။ ဘာ့ကြောင့်လဲဆို ဆရာဝန်မကြီး မခိုင်းတဲ့ဓာတ်မှန်ခန်းကို သွားစစ်တဲ့အတွက် အဲဒီက ပတ်သက်ဆက်နွယ်သမျှ ကျွန်တော်တို့စစ်တဲ့ဓာတ်မှန်ခကို အချိုးကျ ရကြမယ်ဗျာ။ နောက်ပြီး ဆရာဝန်မကြီးစစ်ခိုင်းတဲ့ ဓာတ်မှန်ဆရာဝန်နဲ့ ဝန်ထမ်းများလည်း အချိုးကျရကြမယ်။ သူစစ်ခိုင်းတဲ့ ပုဂ္ဂလိကဓာတ်ခွဲခန်း သွားစစ်တဲ့အတွက် ဆရာဝန်မကြီးလည်း ပျော်တယ်။ ရာခိုင်နှုန်းနဲ့အတူ ဆရာဝန်မကြီးရဲ့ အပျော်တွေကလည်း ပိုများလာမယ် ထင်ပါတယ်။
ခင်ဗျားတို့လည်း တစ်ဦးတစ်ယောက်ကို အပျော်တွေဘယ်လိုပေးခဲ့ကြောင်း ခံစားချက်လေး များကို ရင်ဖွင့်စေချင်တယ်။ ဒါဟာ ကလေးလား၊ လူကြီးလား ကွဲပြားစေနိုင်သလို ခင်ဗျားဘာလဲ ဆိုတာ တံဆိပ်ကပ်နိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။
*****                                       *****                                       *****
                                                                          ချစ်ခြင်းများဖြင့်
                                                                                         သင့်ရဲ့
                                                                                               ရှဥ့်ညိုလေး
(၂၇.၁.၂၀၁၆ ၉း၃၀မိနစ်ပြီး)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း