ကျွန်တော်နှင့် အကြည့်




ကျွန်တော်နှင့် အကြည့်

          လူတိုင်းတွင် မေ့လျော့ပျောက်ကွယ် မသွားနိုင်သည့် အဖြစ်အပျက် အကြောင်းအရာ မျိုးစုံရှိသည်။ တချို့အရာတွေက သာယာညွှတ်နူးဖွယ်ရာများဖြစ်သည်။ တချို့အရာများက နာကျည်းဝမ်းနည်းစရာ များဖြစ်သည်။ ထိုနှစ်မျိုးမှ လွတ်ကင်းနေသည့်တိုင် သတိရမိသော အဖြစ်အပျက်တွေက များစွာပင် ဖြစ်သည်။
တချို့သော အကြောင်းအရာများက ပါးပါးလေးနှင့် ရှပ်ထိသွားသည် ထင်ရသော်လည် တကယ်တမ်းတွင် ဟတ်ထိသွားခြင်းမျိုးကိုလည်း တွေ့ကြုံဖူးကြမည် ထင်ပါသည်။ တစ်ခါတစ်ရံ ထိသွား သည်ပင် မထင်ရသော်လည်း တကယ့်တကယ်တွင်မူ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာထိတိုင် စွဲဝင်နေသည့် မြားတို့လည်း ရှိတတ်သေးသည်။ အမှတ်တရများစွာဖြင့် ရစ်ပတ်နေသည့် ကမ္ဘာကြီးတွင် နေထိုင်သူ ကျွန်တော့်ထံတွင်လည်း မေ့မရသည့် အမှတ်တရ တချို့ရှိသည်။ ၎င်းတို့ထဲမှ မကြာခဏ သတိရမိသည့် သို့မဟုတ် နေ့စဉ်နီးပါး အမှတ်ရမိသည့် အရာတစ်ခုရှိသည်။ ထိုအရာသည် မျက်ဝန်းတစ်စုံထံမှ ထွက်လာသည့် အကြည့်ဖြစ်သည်။ ကျွန်တော် မေ့မရသည့် အမှတ်ရစရာများစွာထဲမှ တစ်ခုမှာ ထိုအကြည့်ဖြစ်သည်။ ထိုအကြည့်ဖြင့် ကြည့်ခံခဲ့ရသူမှာ ကျွန်တော် ဖြစ်သည်။ ရိုးစင်းရှင်းလင်းစွာ ပြောပြရမည် ဆိုပါလျှင် ထိုအကြည့်ကိုဖြစ်ထွန်းစေခဲ့သူမှာ …။
***                                           ***                                           ***

ကျွန်တော့် နာမည်မှာ မောင်မောင်စိုး ဖြစ်သည်။ လူပျိုပေါက်အရွယ်တွင် စိတ်ကူးယဉ်ဖူးသည့် အရာတစ်ခုရှိသည်။ တစ်ချိန် ကျွန်တော့်မှာ ချစ်သူရှိလာခဲ့မည်ဆိုလျှင် မောင်မောင်ဟု ရှေးဆန်ဆန်လေး ခေါ်ခိုင်းရမည်လား၊ ရုပ်ရှင်ထဲမှ မင်းသားတွေလိုပင် မောင်ဟု ခေါ်ခိုင်းရမည်လား ဝေခွဲမရ ဖြစ်ခဲ့ဖူးသည်။ ကိုယ့်ထက်ငယ်သော ချာတိတ်မလေးဆိုလျှင်တော့ ကိုကို ဟုပင် ခေါ်ခိုင်းမည်ဟု ယတိပြတ်ဆုံးဖြတ်ထားသည်။ မမကြီးတစ်ယောက်နှင့် ချစ်ခွင့်ရခဲ့မည်ဆိုလျှင်တော့…။
ကျွန်တော့်ချစ်သူသည် သူငယ်ချင်းမလေးများထဲ မှလည်း ဖြစ်နိုင်သေးသည် မဟုတ်လား။ ထို့ကြောင့် ကျွန်တော် နာမည်ကိစ္စကို မစဉ်းစားတော့။ ကျွန်တော် မစဉ်းစားသော်လည်း သူငယ်ချင်းမျာက ကျွန်တော့်ကို မောင်စိုး ဟုသာ ခေါ်သည်။ တချို့တလေက ငစိုး ဟုခေါ်တတ်သော်လည်း အမေ မကြိုက်သည်ဖြစ်၍ သူငယ်ချင်းများ အိမ်ရောက်လာလျှင် ခွကျတတ်သည်။ ထို့နောက်မှာတော့ ထိုသူငယ်ချင်းများသည်လည်း မောင်စိုးဟုပင် ခေါ်ကြတော့သည်။ သူငယ်ချင်းများ၏ အာလုတ်စကားဖြင့် မောင်စိုး ဟူသော အမည်သည် ခိုင်မာသွားတော့သည်။
ထိုစဉ်က မောင်စိုး အမည်တွင်သော ကျွန်တော်၏ အိမ်ရှေ့ရောက်လာလျှင် အောက်ပါ သီချင်းစာသား များကို ဂစ်တာဒေါင်ဒင်သံဖြင့် တွဲလျှက်ကြားမိမည် ဖြစ်သည်။
“ ကလေးရယ် … ဘာကြောင့် မင်းလေးနဲ့တွေ့မှ ငါ့စိတ်တွေယိုင်နဲ့…ကလေးရေ…”
“ မ…မချစ်လို့တော့ သေနိုင်တယ်၊ အပိုတွေမဆိုဘူး ယုံလိုက်ကွယ်၊ မ…မှ မချစ်ရင် ဘဝပျက်သွားနိုင်တယ် …”
“ သူငယ်ချင်းလို့ ပြောပေမယ့် … ခိုးချစ်ရသူလေး ရှိဖူးတယ်…”
အစရှိသော သီချင်းများဖြစ်သည်။ ဘယ်ဘက်ကစမ်းစမ်း မလွတ်အောင် ကျွန်တော်လေ့ကျင့်ထားသည်။ ထိုအချိန်က အဆိုတော်ညဏ်လင်းအောင် မပေါ်သေး၍ ၎င်း၏ သူငယ်ချင်းသီချင်းကို မဟစ်ခဲ့ရခြင်းဖြစ်သည်။ တစ်ခါတစ်ရံတော့ လူပျိုကာလသားကျွန်တော့်ကို အဖေက စိတ်လိုလက်ရ ဆုံးမတတ်သေးသည်။
          “ ငါ့သား လှတာမက်ရင် ညစာ ခက်မကွနော်…”
          “ ဟာ အဖေကလည်း ဒီခေတ်ထဲ ထမင်းဆိုင်တွေ ပေါလွန်းလို့၊ မလှတာမက်မှ ညမှာခက်မှာဗျ…”
ထိုသို့သော စကားဖြင့် ချေပခဲ့ဖူးသည်။ အဖေက ခွေးကောင်ဟု ဆဲရေးသည်။
          “ လှဖို့ကလည်း အရေးကြီးပါတယ်၊ ဒါပေမယ့် ဒီထက် အရေးကြီးတာက … ”
တလှုပ်လှုပ်နှင့် လျှောက်လာသည့် အမေ့ကိုမြင်၍ အဖေ့စကားတို့ ရပ်တန့်ခဲ့ရဖူးသည်။
သိပ်မကြာသော ကာလတွင် ချောမောလှပလွန်းသည့် ချစ်သူလေးကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ထိုအချိန် တုန်းက ကျွန်တော့်အတွက် မိုးမမြင်လေမမြင် ကာလများဖြစ်ခဲ့သည်။ ကျွန်တော်တို့ မြို့ရှိ ဖုန်တင်နေသည့် မြင်းစီးကြေးရုပ်ကြီးကလည်း ချစ်စရာကောင်းသည်။ နာရီစင်ကြီးကလည်း ချစ်စရာကောင်းသည်။ ဗေဒါတွေ ပြည့်နေသည့် အထင်ကရ ရေကန်ကြီးကလည်း ချစ်စရာကောင်းသည်။ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းမိ၍ ကျွန်တော့်ကို ဒဏ်ရိုက်ပြေစာဖြတ်ပေးနေသည့် ယဉ်ထိန်းရဲကြီးကလည်း ယူနီဖောင်းအဖြူကြီးနှင့် ချစ်စရာ ကောင်းသည်။ ယုတ်စွအဆုံး အိမ်ရှေ့မှာ ဝပ်နေသည့် ခွေးပိန်ကျားလေးသည်ပင် ချစ်စရာကောင်းနေသည်။
          ကျွန်တော့်ချစ်သူသည် ချစ်စရာကောင်းသည့် လောကကြီးအကြောင်း သင်ပြပေးသည့် ကျွန်တော်၏ တစ်ဦးတည်းသော အချစ်ဆရာမလေး ဖြစ်သည်။ သူမသည် ကျွန်တော့်ထက် ငါးနှစ်ခန့်ငယ်ပါသည်။ သို့သော် ကျွန်တော် စိတ်ကူးယဉ်ဖူးခဲ့သလို ကိုကိုဟု မခေါ်ပါ။ သူမခေါ်ပုံက တစ်မျိုးလေးဖြစ်သည်။ အသံသြချိုချိုလေးနှင့် သူမခေါ်လိုက်တိုင်း ကျွန်တော့်အသည်းသည် မည်သည့်နေရာက ယား၍ မည်သည့်နေရာက ရွှင်နေသည်ကို ကျွန်တော် မသိ။ သို့သော် နှလုံးသားသည် ပုစွန်ဆိတ်ခုန် ခုန်နေသည်ဟု ထင်သည်။ သူမခေါ်သည်က တစ်လုံးတည်းဖြစ်သည်။ ကို့ ဟူသော သူမအသံလေးကြားလိုက်တိုင်း ကျွန်တော့်ရင်အစုံက ဗရမ်းဗတာကို ခုန်ပါသည်။
          သူမက သိပ်လှသူဖြစ်သည်။ သူမနှင့် ကျွန်တော်တို့ တွေ့ဆုံချိန်သည် ဆယ်တန်းစာမေးပွဲကြီးပြီး၍ တက္ကသိုလ်မတက်ခင် ကြားကာလဖြစ်သည်။ ထိုအချိန်က ဆယ်တန်းဖြေပြီးသည်နှင့် တက္ကသိုလ်တက်ရန် သုံးလေးနှစ်စောင့်ဆိုင်းနေရချိန် ဖြစ်သည်။ သူမ တက္ကသိုလ်တက်တော့ အိမ်ထောင်ရှင်မ အဖြစ်ကို ခံယူပြီးဖြစ် သည်။ သို့သော် ဖရက်ရှာဝဲလ်ကမ်းနေ့တွင် ကွင်းအဖြစ် သူမကို မဲပေးမည့်ကျောင်းသားဦးရေမှာ ထိုနှစ်မေဂျာ တွင် အမှန်တကယ် ကွင်းဖြစ်သွားသည့် ကျောင်းသူလေးထက် များနေခဲ့ကြောင်း တိုးတိုးတိတ်တိတ် သတင်းများအရ သိခဲ့ရသည်။ နောက်မှ သူမအိမ်ထောင်ရှင်မှန်း မယုံချင့် ယုံချင် ယုံလိုက်ကြရကာ စင်ပေါ်တင်ရန်အကြံကို လက်လျော့ လိုက်ကြကြောင်း သူမ၏ သူငယ်ချင်းကောင်လေး တစ်ယောက်ထံမှ သိခဲ့ရသည်။ သိပ်လှသည့် ချစ်သူတစ်ယောက်ကို ဇနီးမယားအဖြစ်ပိုင်ဆိုင်ခွင့်ရခဲ့၍ ကျွန်တော်ကံကောင်း သည်ဟု ဆိုချင်ပါသည်။
          “ သွယ်က သိပ်လှတာကိုး…”
သူမ၏ သူငယ်ချင်းမလေး ချီးမွမ်းစကားကို နားထောင်ရင်း ဖယောင်းသွယ် လက်ချောင်းဖြူဖြူလေးကို ဖျစ်ညှစ်ခဲ့ဖူးသည်။ သူမ၏ သူငယ်ချင်းများက သွယ်ဟု တစ်လုံးထဲခေါ်တတ်ကြသော်လည်း ကျွန်တော်က သူမကို ကေကေ ဟုသာ ချစ်စနိုးဖြင့် ခေါ်ခဲ့သည်။ ကျောက်ကောင်းများမှာပင် အနာအဆာလေး ပါတတ်သလို ကေကေ့တွင်လည်း ပြောစရာတစ်ခုရှိသည်။  အပြစ်ဟု သတ်မှတ်ရန် မသင့်သည့် အမူအကျင့်လေးဟု ယူဆခဲ့ဖူးသည်။ ထိုအားနည်းချက် အမူအကျင့်လေးကို ပထမဆုံးချိန်းတွေ့သည့် ပထမဆုံးအကြိမ်မှာပင် သိခဲ့ရခြင်းဖြစ်သည်။ ထိုနေ့သည် …။
***                                           ***                                           ***
ထိုနေ့သည် လေမှုန်နေသည့် ညနေခင်းတစ်ခုတွင် ဖြစ်သည်။ ကမ်းနားလမ်းတစ်လျှောက် သူမနှင့် စက်ဘီးစီးရင်း မြစ်ကမ်းဘေးသောင်စပ်တွင် ထိုင်ရင်း နေဝင်ချိန်ကို ငေးလိုခြင်းမှ အစပြုသည်။ ကေကေ စီးလာသည်မှာ မီကီဘီးလေးဖြစ်၍ ကျွန်တော်စီးလာသည်မှာ သူငယ်ချင်းထံမှ ငှားလာသည့် ပြိုင်ဘီးလေးဖြစ်သည်။ တာရိုးပေါ်တွင် စက်ဘီးများကို သော့ခတ်ထားပစ်ခဲ့ပြီး လေဟူးဟူးရားရားတိုက်နေသည့် သောင်ပြင်ပေါ်တွင် လမ်းလျှောက်ဖြစ်သည်။
ခြေသလုံးတစ်ဝက်ခန့်ရှိသော ဂါဝန်လေးနှင့် အညိုရောင်သမ်းသော ဆံနွယ်လေး လေထဲတွင် လွင့်နေပုံက ချစ်စရာတစ်မျိုးကောင်းသည်။ ထိုအချိန်တွင် ကေကေ့ကို ကြည့်ရသည်မှာ ကဗျာတစ်ပုဒ်နှင့် တူသည်။ လမ်းလျှောက်လာသော ကဗျာလေးဖြစ်သည်။ နောက် ပန်းချီကားတစ်ချပ်နှင့်လည်း တူသည်။ သက်ရှိပန်းချီလေး ဖြစ်သည်။ သောင်ပြင်ထဲတွင် လမ်းလျှောက်နေသည့်ပုံဟန်မှာ ခုနက ကျွန်တော်ဇွတ်မဲဆွယ် ခေါ်ခဲ့ရသည့် သူမ မဟုတ်တော့သယောင်ယောင်။ သောင်စပ်တစ်နေရာတွင် ထိုင်လိုက်ရင်း သူမထိုင်ရန် အတွက် လွယ်အိတ်ထဲမှ ဂျာနယ်တစ်ရွက်ကို ဖြန့်ကာခင်းလိုက်သည်။ သူမထိုင်ရန်ပြင်လိုက်စဉ် လေနှင့်အတူ ဂျာနယ်က လွင့်သွားသည်။ ကျွန်တော် နောက်တစ်ရွက်ထုတ်ကာ ခင်းလိုက်ရင်း လက်နှင့် အနားစလေးကို ဖိထားလိုက်သည်။ သူမက ဂါဝန်လေးကို လက်နှင့်သပ်ရင်း ကြုံ့ကြုံ့လေးထိုင်လိုက်စဉ် ကျွန်တော်တာရိုးပေါ်ရှိ စက်ဘီးထားရာနေရာကို လှမ်းကြည့်လိုက်သည်။ နားထဲတွင် ခပ်ကျယ်ကျယ်အသံတစ်ခုကို ကြားလိုက်ရသည်။ မော်တော် ဟွန်းသံဖြစ်သည်။ ဖြတ်ခနဲ မြင်ပြင်ဘက်သို့လှမ်းကြည့်သည်။ မတွေ့။ မော်တော်နှင့် တူသည့်အရိပ်အယောင်ပင်မတွေ့။ ရေတိမ်သည့်ရာသီဖြစ်၍ မော်တော်များ အထက်ဘက်သို့ မတက်တော့ သည်မှာ ကြာပြီဖြစ်သည်။ ကေကေ့ကိုကြည့်လိုက်တော့ သဲပြင်ထက်တွင် သူမ၏ လက်ချောင်းလေးနှင့် တုတ်ခြစ်ပန်းချီဆွဲနေသည်။ ခုနက ကျွန်တော် ကြားလိုက်ရသည့် အသံကို သူမ ကြားလိုက်ဟန်မတူ။
အို ချစ်သူနဲ့အတူရှိနေတုန်း မော်တော်ဟွန်းသံကြားရပြီး မော်တော် မမြင်ရတာ ဘာအရေးလဲ။ အတွေးနှင့်အတူ သူမပုခုံးလေးကို အသာဖက်လိုက်သည်။ ဖြတ်ခနဲ မော်ကြည့်လာသည့် သူမမျက်ဝန်းလေးများ ကို ပြုံးပြလိုက်သည်။ ကျွန်တော် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူမ မျက်နှာ တစ်မျိုးတစ်မည်ဖြစ် နေသည်။ နောက်ပြီး မျက်မှောင်လေးကိုလည်း အနည်းငယ် ကျုံ့ထားသည်။ ပထမဆုံး ချိန်းတွေ့ဖြစ် သည့်အချိန်တွင် ကျွန်တော့်အပေါ်ကို အခွင့်အရေးယူသူအဖြစ် အထင်လွဲမှာကို အစိုးရိမ်ဆုံးဖြစ်သည်။ ထို့ကြောင့် သူမပုခုံးပေါ်တင်ထားသည့် လက်ကိုဖယ်လိုက်စဉ် ကျွန်တော့်ပုခုံးထက်သို့ သူမ၏ဦးခေါင်းလေး မှီနွဲ့လာသည်။ သူမ၏ မို့မို့ဖောင်းဖောင်း ခြေဖမိုးလေးကို ကြည့်မိစဉ်ခဏ ခြေမလေးကုပ်ထားသည်ကို တွေ့လိုက်ရသည်။ စိတ်ဖိစီးမှုကြောင့် ကုပ်ထားခြင်းဖြစ်မည်။ သူမ စိတ်လက်လျော့ပါးစေရန်အတွက် ခြေဖမိုးလေးဆီသို့ လက်လှမ်းလိုက်စဉ် အလျင်အမြန်ပင် ကျွန်တော့်လက်ကို ဖမ်းကိုင်လိုက်သည်။
“ ဘာဖြစ်လို့လဲ ကေကေရဲ့…”
“ ဟင့်အင်း…”
သူမရှက်နေသည်ထင်၍ ရယ်မောစရာ တခြားအကြောင်းအရာများကို ပြောပြဖြစ်သည်။ အလစ်တွင် သူမခြေမလေးကို ဖြတ်ခနဲ ကောက်ကိုင်လိုက်သည်။ သူမ မျက်လုံးပြူးသွားသည်။  နောက်ဆန့်လိုက်သည့် ခဏ…။ ကျယ်လောင်သည့် စက်ဘီးလေလျော့သံကြီးကို ကြားလိုက်ရသည်။
“ ဟာ …”
ရုတ်တရက်ဖြစ်၍ ကျွန်တော်အာမေဋိတ်သံကြီးကလည်း ချက်ခြင်းထွက်လာသည်။ ချစ်သူလေးကို ကြည့်လိုက်တော့ ဒူးနှစ်လုံးကို လက်နှင့်ပိုက်ပြီး သူမမျက်နှာလေးကို ဖွက်ထားသည်။ သူမရှက်သွားပြီ။ သွားပြီ။ ကျွန်တော် လက်အငြိမ်မနေနိုင်၍ သူမ အရှက်ရသွားပြီ။ နောင်တနှင့်အတူ ကျွန်တော် သနားသွားသည်။
“ ဆော…ဆောရီးကေကေ၊ အဲဒါလေးက အီးကြောလေးမှန်း ကိုယ်မသိလို့ပါကွာ… နော်…”
သူမကား တုတ်တုတ်မျှ မလှုပ်။ ကျွန်တော် ဆက်ချော့ဖို့ ကြိုးစားရသည်။ သူမ ဖြတ်ခနဲ ခေါင်းမော့် ကြည့်သည်။ နောက်ချက်ခြင်းပင် ခေါင်းငုံ့သွားသည်။
“ ဟို… ဟိုလေ… အဲဒါလေးက…”
“ သွား… ဘာမှန်းလဲ မသိဘူး…”
ထိုစကားနှင့်အတူ တဖြတ်ဖြတ်ရိုက်သည်။ ကျွန်တော် သူမရိုက်သည်ကို ကျေကျေနပ်နပ်ခံရင်း နှုတ်မှတတွတ်တွတ် ပြောနေသည်မှာ ဘာတွေမှန်း မမှတ်မိတော့။ သမီးရည်းစားဘဝတွင် အမှားအမှန် ဆိုသည်က မိန်းကလေးဘက်မှာသာရှိကြောင်း ပထမဆုံးသိလိုက်ရသည့်နေ့လည်းဖြစ်သည်။ လေဆေးများကို စားနေဆဲဖြစ်သည့် အစာအိမ်ရောဂါဖြစ်ခဲ့ဖူးသော ကောင်မလေးတစ်ယောက်၏ ချစ်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် သိသွားသောနေ့လည်း ဖြစ်သည်။
“ ဒါဆို ခုနက ကြားလိုက်ရတာက…”
“ အာကွာ ဘာမှန်းလဲမသိဘူး”
သူမ ကျွန်တော့်ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လာသည်။
“ ဟုတ်တယ်… အကျယ်ကြီးပဲ၊ ကိုယ်ထင်တာက …”
သူမက တော်ကွာဆိုသော စကားနှင့်အတူ တဖြတ်ဖြတ် ထပ်ရိုက်သည်။ အားမရသေး၍ လက်မောင်း တွေကို ဆိတ်သည်။ ပူထူနာကျင်နေသော်လည်း နှစ်ဦးစလုံး၏ ရယ်သံများသည် မြစ်ကြောင်းတစ်လျှောက် ပြန့်လွင့်သွားသည်။  မော်တော် မမြင်ရသော်လည်း မော်တော်ဘုတ်သံလေးများ မကြာခဏထွက်လာတတ်ကာ ရယ်သံများနှင့်ရောထွေးသွားသည့် ညနေခင်းတစ်ခုလည်းဖြစ်သည်။
***                                           ***                                           ***
“ မျက်လုံး မဖွင့်နဲ့နော် ကေ…”
“ အင်းပါ…”
ကျွန်တော် ချစ်သူကေကေကို ထမင်းစားခန်းဘက်ဆီသို့ မျက်လုံးကို လက်နှင့်ပိတ်၍ ခေါ်ခဲ့လိုက်သည်။ စားပွဲအလယ်တွင် ကေကေအတွက် အထူးစပယ်ရှယ်မှာထားသည့် မွေးနေ့ကိတ်ကြီးရှိသည်။ နောက်ပြီး ကေကေ့အရင်းနှီးဆုံး သူငယ်ချင်း ငါးယောက်နှင့် ကျွန်တော့် အလုပ်မှ သူငယ်ချင်း နှစ်ယောက် အားလုံးပေါင်း ခုနစ်ယောက်ရှိသည်။ ရုတ်တရက် အံ့သြဝမ်းသာသွားမည့် ကေကေမျက်နှာလေးကို အမိအရမြင်လို၍ တစ်ကွက်မှ မလွတ်စေရန် နှစ်ယောက်စလုံး၏ သူငယ်ချင်း ဝေဖြိုးကို အပျော်တမ်းကင်မရာလေးဖြင့် ဗီဒီယိုရိုက်ခိုင်းထားသည်။ ကေကေ့ကို ထိုင်ခုံတွင် သေချာထိုင်ပြီးမှ သူမမျက်လုံးကို အုပ်ထားသည့် လက်ကိုဖယ်လိုက်စဉ်…
“ မောင်စိုးရေ … ဟေး မောင်စိုး…”
အိမ်ဝင်းပေါက်မှ ရုတ်တရက်ထွက်လာသည့် ခေါ်သံကြောင့်…
“ ကေ မျက်လုံးမဖွင့်နဲ့ဦးနော် ကတိ… ကတိ…”
ကျွန်တော် ကေကေလက်ကလေးကိုယူကာ လက်သန်းချင်းချိတ်၊ လက်မချင်းနှိပ်ပြီး ကတိဆိုသော သင်္ကေတကို လုပ်လိုက်သည်။
“ ကို့ ဘာတွေမှန်းလဲ သိဘူးကွာ …”
“ ခဏလေးပါ ကေရဲ့၊ မျက်လုံးမဖွင့်နဲ့နော်…”
အစအဆုံး မှတ်တမ်းတင်နေသည့် ဝေဖြိုးကို မျက်လုံးမှိတ်ပြခဲ့ရင်း ဝင်းတံခါးဆီသို့ ကပျာကယာ ထွက်ခဲ့လိုက်သည်။ အလုပ်မှ အနားယူထားသော်လည်း တစ်ဖက်လူက ကိုယ်မှ ကိုယ်ဖြစ်နေသောကြောင့် စကားပြတ်အောင် ပြောနေရသည်။ ခန့်မှန်းခြေ ငါးမိနစ်သာသာတွင် အိမ်ထဲမှ ရုတ်တရက် ပြေးထွက်လာသူက ကေကေ။
“ ကေကေ ဘာဖြစ်တာလဲ ကေကေ…”
ကျွန်တော့်ကို တိုးတိုက်ရင်း လမ်းမဘက်သို့ ပြေးထွက်သွားသည်။ အိမ်ပေါက်ဝဆီမှ စိုးရိမ်စိတ်ဖြင့် လှမ်းကြည့်နေကြသည့် သူငယ်ချင်းများ။ ဘာဖြစ်တာလဲဆိုသည့်အမေးကို
“ လိုက်… လိုက်၊ ရှက်သွားတာ…”
ဝေဖြိုးထံမှ စကားအဆုံး အပြင်ဘက်လမ်းမသို့ သူရောက်သွားချိန်တွင် ကေကေစီးသွားသည့် လမ်းထိပ်မှ ဆိုက်တွဲလေး၏ နောက်ပိုင်းကိုသာ မြင်လိုက်ရသည်။ ကျွန်တော် ခေါင်းငိုက်စိုက်ဖြင့် အိမ်ထဲဝင်လာ တော့ သူငယ်ချင်းအသီးသီး စိတ်မကောင်းစွာဖြင့် နှုတ်ဆက်ပြန်သွားကြသည်။ သို့သော် သူတို့အားလုံး၏ မျက်နှာတွေက ပြုံးစိစိ။ ဧည့်ခန်းတွင် စိတ်ပျက်လက်ပျက်ထိုင်လိုက်ရင်း ဝေဖြိုးပေးသွားသည့် ဗီဒီယို ကင်မရာလေးကို ပြန်ဖွင့်ကြည့်လိုက်သည်။
ပထမဆုံးမြင်ရသည်က လိုက်ကာလေးလှပ်ကာ ဝင်လာသည့် ကျွန်တော်တို့စုံတွဲ။ နောက် အိမ်ရှေ့မှ ခေါ်သံကြောင့် ကပျာကသီ ကျွန်တော်ထွက်သွားသည်ကို တွေ့ရသည်။ ကင်မရာက ကေကေဆီသို့ ဦးတည် ထားသော်လည်း ဝိုင်းထိုင်နေကြသည့် သူငယ်ချင်းများ၏ မျက်နှာများကိုလည်း မြင်နေရသည်။ တစ်မိနစ်မျှ မကြာ ကျွန်တော်ထွက်သွားရာဆီသို့ မျက်လုံးမှိတ်ထားလျှက် လှည့်ကြည့်သည့် ကေကေ့မျက်နှာလေးက ပြုံးပြုံးလေးဖြစ်သည်။ ထို့နောက် သူမ၏ ကိုယ်လုံးလေး အနည်းငယ်တိမ်းလိုက်တာကို တွေ့သည်။ သူမ၏ ညာဘက်မှာထိုင်နေသည့် မနိုင် အလျှင်အမြန် လက်ကိုင်ပုဝါဖြင့် ပိတ်လိုက်တာကို မြင်သည်။ ပြုံးတုံ့တုံ့လေး လုပ်နေသည့် ကေကေ့မျက်နှာလေးကို မြင်နေရသည်။ နောက်တစ်ခါ သူမ၏ ခန္ဓာကိုယ်လေး ညာဘက်သို့ တိမ်းလိုက်စဉ် ဘယ်ဘက်မှာရှိသည့် မလွင် ချက်ခြင်း မျက်နှာလွှဲသွားသည်။
“ ဟာ သွားပြီ …”
ကျွန်တော် နှုတ်မှ ယောင်၍ ရေရွတ်လိုက်မိသော်လည်း မျက်လုံးကိုမူ ကင်မရာမှ မခွာမိ။ ထို့နောက် မှာတော့ ဘယ်မှ မယိမ်းဘဲ ငြိမ်ငြိမ်လေးထိုင်နေသော ကေကေကို တွေ့နေရသည်။ ကျွန်တော် သေချာကြည့်မိတော့ မျက်မှောင်လေး အနည်းငယ်ကုတ်နေသည် ထင်သည်။ သူငယ်ချင်းများ၏ မျက်နှာများက ရယ်ချင်ပက်ကျိဖြစ်နေဟန်ကို အတိုင်းသားမြင်နေရသည်။ ဘယ်မှမယိမ်းသော်လည်း ကေကေထံမှ ဝါယော ထုတ်လွှင့်မှု အနည်းငယ် ကျယ်လောင်သွားသည်ထင်သည်။ သူငယ်ချင်းအားလုံး ထိန်းမထားနိုင်တော့လဲ ရယ်သံတို့ထွက်လာသည်။ ရုတ်တရက်ဖြစ်သွား၍ ကေကေလန့်သွားသည်။ မျက်လုံးဖွင့်ကြည့်ကြည့်ချင်း တစ်ယောက်မှမရှိဘူးဟု သူမထင်ထားသော အခန်းထဲမှ လူများရှိနေသည်ကိုတွေ့လိုက်ရသည်။ သူငယ်ချင်းများ ဖြစ်သော်လည်း ရှက်လည်းရှက်၊ စိတ်ဆိုးဒေါသထွက်၍ ထွက်ပြေးသွားခြင်းဖြစ်သည်။
ကေကေ စိတ်ကောက်ပြေဖို့ ကျွန်တော် တစ်လတိတိ ချော့မော့ယူရသည်။ ကေကေ့ဆီမသွားမီ ပဲကြီးလှော်များလည်း မကြာခဏစားထားရသည်။ ကိုင်းတူ အသီးတူဖြစ်ကြောင်း ပြသရန်အတွက် တောင်းပန်းရင်း ကြုံလျှင် ကြုံသလို ဝါယောလွှတ်ပြရသည်။ လူထူထူရှိချိန်တွင် ရုတ်တရက်လွှတ်ပြတတ်သည့် ဝါယောများကြောင့် ကေကေ၏ မကြေနပ်မှု အစိုင်အခဲတို့ လျော့ပါးလာသည်။ ကျွန်တော်က ချစ်သူစိတ်ကောက် ပြေဖို့အရေးကို ဤသို့ဤနှယ် ချော့ခဲ့ရသူဖြစ်သည်။ လူအများ၏ မျက်စောင်းများကို ရတတ်သော်လည်း ချစ်သူလေးထံမှ ခိုးခိုးခစ်ခစ်ရယ်သံနှင့် အပြုံးလေးများက ထိုမျက်စောင်းများကို ချေဖျက်ပစ်ပါသည်။ ကျွန်တော်က အရှက်ကွဲ ခံနိုင်သော်လည်း အသည်းကွဲ မခံရဲသူဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်တို့ ချစ်သူသက်တမ်းတစ်လျှောက် ဝါယောသံလေးများ ဖုံးလွှမ်းကာ သာသာယာယာ ဖြစ်ခဲ့ဖူးသည်။
***                                           ***                                           ***
ယောက်ျားလေးတွေက မိန်းမယူချင်လို့ မင်္ဂလာဆောင်တာဖြစ်ပြီး မိန်းကလေးတွေကတော့ မင်္ဂလာဆောင်ချင်လို့ အိမ်ထောင်ပြုတာ ဆိုသော စာသားတစ်ခုကို ဖတ်ခဲ့ဖူးသည်။ ထိုစာသား၏ အဓိပ္ပါယ်ကို လေးလေးနက်နက် မစဉ်းစားမိဖူးသော်လည်း ကျွန်တော်ကတော့ ကေကေနှင့် မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပါသည်။ ပျော်ရွှင်ကြည်နူးနေသည့် သတို့သမီးလေးထံမှ ကို့ ဆိုသော စကားလုံးတို့ လှိုင်လှိုင်ထွက် လာသော နေ့လည်းဖြစ်သည်။ ထိုစကားသံလေးကို ယခုချိန်ထိတိုင် နားထဲစွဲထင်နေဆဲဖြစ်သည်။ ထို့အတူ ထိုညက မင်္ဂလာသြဝါဒချွေအပြီး အဖေနှင့် အမေ့ကို ကန်တော့သည့် အဖြစ်အပျက်ကိုလည်း မှတ်မိနေပါ သေးသည်။
စကားနည်းသော အဖေ့ထက် အမေက ပို၍ သြဝါဒချွေသည်။ အဖေနှင့် အမေက ဆက်တီထိုင်ခုံ
ပေါ်မှာ၊ ကျွန်တော်တို့နှစ်ယောက်က ဧည့်ခန်းသင်ဖြူးဖျာပေါ်မှာ ဖြစ်သည်။
ကျွန်တော်တို့နှစ်ယောက်စလုံး ပင်ပန်းနေပြီ။ နောက်ပြီး နှစ်ဖက်မိတ်ဆွေများကိုလည်း သိသိ၊ မသိသိတစ်မနက်ခင်းလုံး ရီမောနှုတ်ဆက်နေခဲ့ရသည် မဟုတ်လား။ ဧည့်ခံပွဲ မလာနိုင်သည့် မိတ်ဆွေ သင်္ဂဟများကလည်း အိမ်သို့ရောက်လာကာ လက်ဖွဲကြတော့ ဧည့်ခံရပြန်သည်။ တစ်နေကုန် ပြုံးထားရသည့် မျက်နှာကြီးသည် ညနေခင်းရောက်တော့ ပါးကြောများ ညောင်းလာသည်။ ဧည့်သည်များရှင်း၍ နားမည်ကြံ တော့ မိဘနှစ်ပါးထံမှ ဆုံးမစကားများကို နာခံနေရပြန်သည်။ နားချင်လှပြီဖြစ်သည်။ လူလည်း ငြီးစီစီဖြစ် နေသည်။
“ ကလေးတွေလည်း ပင်ပန်းနေပြီ၊ နားပါစေတော့ …”
ကျေးဇူးတင်စွာဖြင့် အဖေ့ကို မော့်ကြည့်ရင်း ကျွန်တော် အလျင်အမြန်ဦးချဖြစ်သည်။ ကေကေကတော့ ထိခြင်းငါးပါးဖြင့် ပျပ်ဝပ်ရို့ကျိုးစွာ ကန်တော့လိုက်သည်။ နဖူးနှင့် ကြမ်းပြင်ထိလိုက်သည့်ခဏ ခပ်ကျယ်ကျယ် အသံတစ်ခုကို ကျွန်တော်ကြားလိုက်သည်။ ကျွန်တော် ဘေးဘီကြည့်လိုက်တော့ ကေကေက မျက်လုံးမှိတ်ကာ အာရုံယူရင်း နောက်တစ်ကြိမ် ဦးချရန်ပြင်နေသည်။ ကျွန်တော် ကပျာကသီ လိုက်ပြီး ဦးချရသည်။
“ ဟော …”
ကျွန်တော် ထပ်ကြားလိုက်ရပြန်သည်။ ခေါင်းမော့်ကြည့်တော့ ရှုံ့မဲ့သယောင်ဖြစ်နေသည့် အဖေ့မျက်နှာ ကို တွေ့ရသည်။ အမေကတော့ ဝမ်းဗိုက်သားကြီးများလှုပ်ကာ ကျိတ်ရယ်နေသည်။ ကေကေ မျက်လုံး မှိတ်ထားရာမှ နောက်ဆုံးတစ်ကြိမ် ထပ်ဦးချသည်။ ကျွန်တော်လည်း လိုက်ချသည်။ ထပ်ကြားရပြန်သည်။
အမေ့ထံမှ မထိန်းနိုင်တော့၍ ချောင်းဟန့်ချင်ယောင်ဆောင်ရာမှ တခွီးခွီးရယ်သံ ထွက်လာသည်။ တစ်ဆက်တည်း ရယ်သံနှင့်အတူ ဝါယောလွှတ်သံထွက်လာသည်။ ကေကေရှက်ပြုံးပြုံး၍ ခေါင်းငုံ့နေရာမှ ခေါင်းမော့လာသည်။ ဗိုက်သားကြီးများတလှုပ်လှုပ်နှင့် ရယ်မောရင်း ဝါယောလွှတ်နေသည့် အသစ်စက်စက် ယောက္ခမကြီးကိုကြည့်ရင်း ကေကေလည်း ရယ်သည်။ ကေကေထံမှလည်း ထပ်ထွက်လာသည်။ ချွေးမ အသစ်စက်စက်နှင့် ယောက္ခမအသစ်စက်စက်တို့ တစ်ဦးနှင့်တစ်ဦးကြည့်ကာရယ်ရင်း အပြိုင်ထုတ်လွှင့်နေချိန် တွင် ဘေးမှာရှိနေကြသည့် အဖေနှင့် ကျွန်တော်မျက်လုံးချင်းဆုံသွားသည်။
ချက်ခြင်းပင် မျက်နှာလွှဲသွားသည့် အဖေ့ကို တွေ့လိုက်ရသည်။ မျက်နှာမလွှဲခင်တွင် လက်ဖျစ် တစ်တွတ်မျှသာကြာသည့် အဖေ့အကြည့်ကို ကျွန်တော် သတိပြုမိလိုက်သည်။ အဖေ့အကြည့်တွင် အဓိပ္ပါယ် မျိုးစုံတို့ ပြည့်လျှမ်းနေသည်။ ထိုအကြည့်သည် …။
***                                           ***                                           ***
ထိုအကြည့်သည် ကျွန်တော့်ကို သနား၍ ကြည့်သောအကြည့်လည်းဖြစ်နိုင်သည်။ သို့မဟုတ် မင်းတော့
ခံပေဦးတော့ ဆိုသော အကြည့်မျိုးလည်း ဖြစ်နိုင်သည်။ တစ်ချိန်က သားအဖနှစ်ယောက် စကားပြောနေစဉ် အမေရောက်လာ၍ ရပ်တန့်လိုက်ရသည့် …
“ လှဖို့ကလည်း အရေးကြီးပါတယ်၊ ဒါပေမယ့် ဒီထက် အရေးကြီးတာက … ”
ထိုစကား၏ အဆက်လည်း ဖြစ်နိုင်သည်။
ယခုအချိန်တွင် အဖြစ်အပျက်တို့က နှစ်(၂၀)ကျော် ကြာခဲ့ပြီဖြစ်သည်။ ဖြတ်ခနဲမြင်လိုက်ရသော်လည်း နှစ်(၂၀)ကျော်သည့်တိုင် မေ့မရနိုင်သော အကြည့်ကိုကြည့်သွားသည့် အဖေသည်ပင် သက်ရှိထင်ရှား မရှိတော့။ သို့သော် သူ၏အကြည့်က ကျွန်တော်၏ နှလုံးသားထဲတွင် ယခုတိုင် စွဲမြဲနေဆဲဖြစ်သည်။ ကျွန်တော် မေ့မရသည့် အမှတ်တရများစွာထဲမှ တစ်ခုသော အမှတ်တရလည်းဖြစ်သည်။ ခင်ဗျားမှာလည်း မေ့မရနိုင်သည့် အကြည့်တစ်ခုခု ရှိနေနိုင်သည်။ ချစ်သူကောင်မလေးထံမှ ဖြစ်နိုင်သလို တစ်ဦးတစ်ယောက်ဆီမှလည်း ဖြစ်နိုင်ပါသည်။
*****                                        *****                                        *****
(PS: ဤစာထဲမှ မောင်မောင်စိုးမှာ စာရေးသူဖြစ်နိုင်သလို ကေကေမှာလည်း သင်ဖြစ်နိုင်ပါသည်။ အင်တာနက်မှ ကြားဖူးနားဝ ဟာသတိုလေးကို ဆင့်ပွားခံစားထားခြင်းဖြစ်၍ ဇာတ်လိုက်နေရာတွင် သင်ဖြစ်နိုင်သလို ဇာတ်ပို့နေရာတွင်လည်း ဖြစ်နိုင်ပါသည်။ အရေးကြီးသည်က သင်ဘယ်နေရာက ခံစားသည်ဆိုတာပဲ ဖြစ်သည်။ မတော်တဆ တိုက်ဆိုင်ခဲ့သည်ရှိသော် ဒေါသကို လက်ဖက်ရည်နှင့်ဖျော်၍ အီကြာကွေးနှင့် တို့စားပါရန် အကြံပြုပါသည်။)
                                                              ချစ်ခြင်းများဖြင့်
                                                                               သင့်ရဲ့
                                                                                        ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း