ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၃)



ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၃)

“ ဟေ့ကောင် သစ်ပင်ပေါ်တက်ပြီး ဘာတွေတတွတ်တွတ်ရွတ်နေတာလည်း၊ သားဆုပန်တယ် ဆိုတာ ညောင်ပင်မှာ သွားပန်ရတာဟ၊ ဆင်းခဲ့ ဆင်းခဲ့ …”
          “ ငါကြောက်လို့ကွ …”
          ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောချင်သည့်စကားကို ခုမှပြောလိုက်ရသဖြင့် ကျေနပ်သွားသည်။
          “ ဘာခုမှ ကြောက်ပါပြီလည်း တက်တုန်းကတက်ပြီး၊ အသာလေး လျောဆင်းလိုက် …”
          ကျွန်တော်ခေါင်းကို သွက်သွက်ကြီး ရမ်းပြလိုက်သည်။
          “ ဟာ ဒီကောင် …”
          ပြောပြောဆိုဆိုဖြင့် ကိုအောင်စိုး ခါးတောင်းကျိုက်လိုက်သည်။ “ ခွိ ” ဆိုသောအသံက မိန်းကလေး သုံးယောက်ဆီမှ တပြိုင်တည်း ထွက်လာသည်။
ကိုအောင်းစိုးလှည့်၍ ကြည့်လိုက်တော့ မိန်းကလေး အားလုံး မျက်နှာပိုးသတ်ကာ တစ်ဖက်သို့လှည့်သွားသည့်။ ရယ်ချင်သည့် မျက်နှာတွေက ဖုံးမရ ဖိမရ။ ကိုအောင်စိုး မျက်မှောင်ကြုတ်လိုက်ရင်း …
          “ သွားကြ သွားကြ ရိုးလ်းကောခေါ်ရင် တို့အတွက် ထူးထားပေးကြဦး၊ ဟင်း မျက်နှာတွေကိုက မိန်းကလေးဖြစ်ပြီး …”
          မိန်းကလေး သုံးယောက် ပွစိ ပွစိလုပ်ကာထွက်သွားကြသည်။ သီဟက ချန်နေရစ်ခဲ့သည်။ မိန်းကလေးတွေ ရယ်မည်ဆိုလည်း ရယ်ချင်စရာပင်။ ကိုအောင်စိုးက အရပ်ရှည်သလောက် လူပိန်သူဖြစ် သည်။ ခါးတောင်းကျိုက်လိုက်သည့်အခါ ခြေသလုံးနှင့်ပေါင် ခွဲခြားမရလောက်အောင် ပြည့်ဖြိုးသူဖြစ်သည်။ ကျွန်တော်တိတ်တဆိတ် ကျိန်ဆဲဖူးသည့် စုံထောက်မင်းက ကျွန်တော့်ကို ကယ်တော့မည်။ ခဏချင်းပင် ကျွန်တော်ရှိရာ သစ်ကိုင်းသို့ရောက်လာသည်။
          “ ဟေ့ကောင် လက်ထဲက ဘာကြီးလဲ၊ အောက်ချလိုက် …”
          “ ချဘူး …”
          “ ဒါဖြင့် ငါ့ပေးထား …”
          “ ပေးဘူး …”
          “ အာ ဒီကောင်…”
          နောက် ကျွန်တော့်ခြေထောက်ကို လှမ်းဆွဲသည်။ ကျွန်တော် ဖက်ထားသည့်ကိုင်းကို အားစိုက် ဖက်ထားလိုက်သည်။ ငါရှိတယ် အသာလေးလျောချလိုက်ဟု ပြောသော်လည်း ကျွန်တော်လျောမချရဲ။ လျောချလိုက်သည်နှင့် အောက်ပြုတ်ကျမည်ချည်း ထင်နေသည်။ ထိုအခါ စုံထောက်မင်းက ခြေထောက်ကို ဆွဲသည်။ ကျွန်တော်က အားစိုက်၍ ပိုဖက်ထားလိုက်သည်။ ကိုအောင်စိုးကို ကူရန်အတွက် ဖိုးအောင် တက်လာသည်။ ဖိုးအောင်က ကိုအောင်စိုးကဲ့သို့ပင် အရပ်ရှည်သူဖြစ်သည်။ အောက်မှနေ၍ ကိုလတ်နှင့် သီဟက အားပေးသည်။
          ဖိုးအောင် ကျွန်တော်ရှိရာကိုင်းရှိ ကိုအောင်စိုးအောက်သို့ ရောက်လာသည်။ အပေါ်သို့ မော့်ကြည့် လိုက်သည့် ခဏ။ ကိုအောင်စိုး၏ ခါးတောင်းကျိုက် ဖြုတ်ခနဲ ပြုတ်ထွက်သွားသည်။
          “ အား ……”
          ဖိုးအောင်၏ ငယ်သံပါအောင်အော်သံနှင့်အတူ မြေပြင်ထက်သို့ ခြေကားယား လက်ကားယားဖြင့် ကျသွားပုံကို မြင်လိုက်ရသည်။ ရူပဗေဒကျောင်းသားတစ်ယောက်၏ မြေကမ္ဘာ၏ဆွဲအားအကြောင်း လက်တွေ့စမ်းသပ်လိုက်သည့် နေ့လည်းဖြစ်သည်။ ထို့နောက် ထို့နောက်မှာတော့ ….။
မုံရွာတက္ကသိုလ်၏ အဓိပတိလမ်းမထက်တွင် ခြေထောက်ကျောက်ပတ်တီးစည်းထားသည့် ကျောင်းသားတစ်ယောက်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုသူ၏ ဘေးတွင် စကားတွတ်တီးတွတ်တာများကို အမျှင်မပြတ်ပြောနေသည့် ကောင်မလေးတစ်ယောက်ကိုလည်း တွေ့ရမည်ဖြစ်လေသည်။ ထိုသူ နှစ်ယောက်မှာ ….။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း