``အိမ်လည်တဲ့ဓလေ့´´



``အိမ်လည်တဲ့ဓလေ့´´
အောင်ဆန်းစုကြည်

                  မြန်မာလူမျိုးတွေကို ကမ္ဘာပေါ်မှာ ဖော်ရွေပြီး ဧည့်ဝတ်အကျေဆုံးလူမျိုးတွေ ထဲမှာ ပါဝင်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ကျွန်မငယ်စဉ်ကလေးဘ၀က လက်ဖက်ရည်သောက် ဖို့၊ နေ့လယ်စာစားဖို့၊ ညစာစားဖို့ ဖိတ်စာပို့တယ် ဆိုတာဟာ နိုင်ငံခြားသားတွေပဲ လုပ်တယ်လို့ မှတ်ထားခဲ့ပါ တယ်။ မြန်မာလူမျိုးမိတ်ဆွေအပေါင်းအသင်းတွေကတော့ မဖိတ်ဘဲရောက် လာပြီး စားသောက်နေတာတွေ့ ရင် ၀င်ထိုင်ပြီး ဝေမျှစားလိုက်ကြတာပါပဲ။ အိမ်ကို ဧည့်သည်တွေ မမျှော်လင့်ဘဲရောက်လာရင်တောင် စားစရာကတော့ လုံလောက်အောင် အမြဲရှိပါတယ်။
  တစ်ခါတလေ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေ ညနေဘက်မျိုးမှာ ရုတ်တရက်ပေါက်ချလာရင် ရေနွေးကြမ်း၊ ထန်းလျက်၊ ပဲကြော်တွေ၊ လက်ဖက်တွေ ယူထုတ်လာပြီး ၀ိုင်းဖွဲ့စားသောက်ကြပါတယ်။

  တစ်ခါတလေ စကားစမြည်ပြောလို့ကောင်းပြီး လေပေးဖြောင့်တဲ့အတွက် စကားစမဖြတ်နိုင်တဲ့အခါမျိုးကျရင် ဧည့်သည်တွေဟာ မပြန်တော့ဘဲ အိပ်ဖို့ ဆုံးဖြတ်တတ်ပါတယ်။ ဒီလိုအခါမျိုးဆိုရင်လည်း ဘာမှပြဿနာမရှိပါဘူး။ သင်ဖြူးဖျာချောတွေ၊ ခေါင်းအုံးတွေ၊ စောင်တွေ၊ ခြင်ထောင်တွေ ထုတ် လာပြီး လေ၀င်လေထွက်ကောင်းတဲ့ အခန်းတစ်ခုခုမှာ ဧည့်သည်တွေ အိပ်စက်ဖို့အတွက် ပြင်ဆင်ပေးပါတယ်။ အဲဒီအိမ်မှာ စားရင်းသောက်ရင်း၊ ဧည့်ခံကျွေးမွေးရင်းနဲ့ မိုးချုပ်သွားတတ်ပါတယ်။
                မြန်မာပြည်မှာ ဟိုတယ်တွေ၊ အင်းန် (inn)တွေမှာ တည်းတယ်ဆိုတဲ့ အစဉ်အလာမရှိပါဘူး။ တခြား တစ်မြို့တစ်ရွာကလာတဲ့သူတွေ ဟာ ဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းအသင်းတွေဆီမှာ လိုအပ်ရင် လိုအပ်သလို ကြာချင်သလောက် ကြာကြာနေတတ်ကြပါတယ်။ သိတတ်တဲ့ ဧည့်သည်တွေကျတော့ စားစရာတွေ၊ လက်ဆောင်ပစ္စည်းတွေ နဲ့ ရောက်လာတတ်ကြပြီး တွေ့တုန်းဆုံတုန်း သာကြောင်းမာကြောင်း၊ နာရေးသတင်းတွေ၊ မင်္ဂလာသတင်းတွေ၊ ပြဿနာ အရှုပ်အထွေးသတင်းတွေ၊ ကြီးပွားတိုးတက်နေတဲ့သတင်းတွေ အပြန်အလှန်ဖလှယ်ကြနဲ့ အားလုံးဟာ ပျော်ရွှင်နေကြပါတယ်။
Page - 1
Eternal Light Magazine
October 2014
``လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့´´
(ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း