ရှဥ့်ညိုလေးရဲ့ ကျောင်းပုံပြင်(၄)
ရှဥ့်ညိုလေးရဲ့
ကျောင်းပုံပြင်(၄)
“
ဒီကောင့် ကျေးဇူးကြောင့် ဖိုးအောင်တော့ အေးမွန်နဲ့အဆင်ပြေသွားပြီကွ …”
“ မင်းလည်းအဆင်ပြေချင် အဲဒီစိန်ပန်းပင်ပေါ်က
ခုန်ချကွာ …”
“ ခွီးမှပဲ မင်းခုန်ချပါလား …”
“ ကိုယ်တို့က အေးဆေးဟ၊ ကိုလတ် မင်းအတွက်ပြောတာ၊
သီဟ ညီမ မြင့်မြင့်စိန်လေးဆိုရင် ရော၊ မင်းမဟလို့ဗျ နို့မို့ဟိုက အပါပဲ … ”
“ ဝမ်းနှုတ်ဆေး စားထားတာကိုး …”
“ စားတုန်းသောက်တုန်း လျှောက်မပြောနဲ့ကွာ၊
ငါက ဖိုးအောင်လို အဖွဲ့ထဲက သူငယ်ချင်းကို မကြံဘူးကွ …”
ဒါမျိုးကျတော့ ဘေးဝိုင်းမှာ အေးမွန်ကို စာရှင်းပြနေသည့်
ဖိုးအောင်က နားပါးသည်။ လက်ထဲမှာရှိ နေသည့် စာအုပ်ကို လိပ်လိုက်ပြီး အောင်ကိုလတ်ကျောကို
လှမ်းရိုက်သည်။
“ ကိုယ်စာကိုယ် အံပါ မောင်ကိုလတ်၊ သူများကဗျာကို
လာမကျက်ပါနဲ့ …”
သူငယ်ချင်းတွေစကားသံကို ကြားနေရသော်လည်း
ကျွန်တော့်အာရုံက ပျောက်သွားသည့် ရှဥ့်ရုပ်လေးဆီသို့ တဝဲဝဲဖြစ်နေသည်။ ဘယ်မှာ ကျန်ရစ်ခဲ့တယ်၊
ကျပျောက်နိုင်တယ်ဆိုတာကို ခုချိန်ထိတိုင် စဉ်းစားမရဖြစ်နေသည်။ ဟိုနေ့က ဖိုးအောင် သစ်ပင်ပေါ်မှ
ခြေကားယား၊ လက်ကားယားကျသွားသည်နှင့် သစ်ကိုင်းပေါ်မှ လျောဆင်းစဉ် ကျနေရစ်တာလည်း ဖြစ်နိုင်သည်။
ဆေးခန်းသို့သွားရာလမ်းတစ်လျှောက် လည်း ကျနိုင်သည်။ ဆေးခန်းမှာများ မေ့ထားခဲ့သလား။ ဆေးခန်းမှအပြန်
ဖိုးအောင်တို့အိမ်ကို သူငယ်ချင်း အားလုံး သွားသည်။ နောက်ပြီး မြို့ထဲကအအေးဆိုင်တွင်
အားလုံးထိုင်ဖြစ်ကြသည်။ ထိုနေရာမှာ ကျန်ခဲ့တာလည်းဖြစ်နိုင်သည်။
“ ဝေဖြိုး ငြိမ်လှချည်လား၊ နောက်ထပ် ဘယ်အပင်ပေါ်တက်ချောင်းရမလဲ
ကြံနေတာလား …”
မဖြစ်တော့။ ကျွန်တော် ဖြစ်ပျက်သမျှ အခြေအနေတွေအားလုံးကို
ရှင်းပြလိုက်သည်။ သီတာပေး သည့် မွေးနေ့လက်ဆောင်လေးနှင့် ထိုလက်ဆောင်လေးတွင် အဓိပ္ပါယ်ဖော်နိုင်ခဲ့လျှင်
နောက်ထပ် ဆုလာဘ်တစ်ခုရှိနေနိုင်သေးကြောင်းတို့ဖြစ်သည်။ ယခုလောလောဆယ် ပျောက်နေသည့် ထိုအရုပ်လေးကို
ဘယ်မှာရှာရမည် မသိဖြစ်နေကြောင်းလည်းပါသည်။ သူငယ်ချင်းအားလုံး ခေါင်းစားသွား သည်။ ထိုစဉ်
ဝိုင်းထဲသို့ သီဟဝင်လာသည်။ လက်ဖက်ရည်မှာပြီးနောက် စီးကရက်ခဲနေစဉ် ကျွန်တော်၏ အဖြစ်အပျက်ကို
ကိုအောင်စိုးမှ နောက်တစ်ခေါက် ထပ်ပြောပြသည်။ သေချာသွားပြီဖြစ်သည်။ သူငယ်ချင်းများထံမှ
ပြဿနာ၏ အဖြေကို ရ၊ မရ မသေချာသော်လည်း ဒီဝိုင်းကိုတော့ဖြင့် ကျွန်တော် ရှင်းရတော့မည်။
အိပ်ကပ်ထဲရှိ ပိုက်ဆံကို အသာဖိရင်း သူတို့ပြောသမျှကို အသာနားစွင့်နေလိုက်သည်။
“ သီတာက အကူအညီတောင်းတာနဲ့ ကျွန်တော်လည်း
ခပ်မြင့်မြင့် တက်ချိတ်ဖြစ်တာဗျ။ ဒီလိုမှန်းသိ ခပ်နိမ့်နိမ့် ထားပါတယ်။ နို့မိုဆို
ဖိုးအောင်လည်း ခြေကျိုးမှာမဟုတ်ဘူး။ အရုပ်လေးက မွေးပွရှဥ့်ရုပ်လေးဗျ။ ကီးချိန်းလေးဆိုတာပဲ
သိတယ်။ ကျန်တာတော့ သိပ်မထူးခြားဘူး …”
သီဟ၏ စကားအဆုံး အောင်ကိုလတ်က ဆက်ပြောသည်။
“ ခြေကျိုးတဲ့ကိစ္စတော့ ထည့်ပြောမနေနဲ့၊ ဖိုးအောင်က
ခြေကျိုးတာကိုပဲ ဝမ်းသာနေတဲ့ကောင်ရယ်”
ကိုအောင်စိုးမှ စဉ်းစဉ်းစားစားပုံစံဖြင့်
…
“ ဖြစ်နိုင်ခြေရှိတဲ့ (Source) ဆို့တိုင်းကို
လိုက်ရမှာပဲ။ အဖြစ်နိုင်ဆုံးကတော့ ကျောင်းထဲမှာ ကျနေခဲ့တာပဲဖြစ်ရမယ်။ ဟိုကောင် ပြုတ်ကျတော့
ပူထူနေတာနဲ့ ကျနေခဲ့တာကို သတိမထားမိတာ ဖြစ်မယ်… ”
“ ကောက်ရတဲ့သူကလည်း ကျောင်းထဲကပဲ ဖြစ်ရမယ်၊
ယောက်ျားလေးကောက်ရလည်း အရုပ်လေးဆိုတော့ သူ့ကောင်မလေးပေးမှာပဲ။ ခု သတိထားမိလား မသိဘူး၊
ကျောင်းဝင်းထဲမှာ ကျောပိုးအိတ်နဲ့ကောင်မလေးတွေ မွေးပွရုပ်လေးတွေ တွဲလောင်းချိတ်တဲ့
ဖက်ရှင်ဖြစ်နေကြတာလေ …”
“ မေဂျာတိုင်းကို လိုက်ရှာဖို့တော့ မလွယ်ဘူးဟ၊
ဒီတော့ မိန်းဂိတ်ကပဲစောင့်မယ်၊ ကံကောင်းရင် ဒီကောင့် ကီးချိန်းလေးပြန်တွေ့မယ်။ ပုံစံတူ
အရုပ်လေးတွေ့ရင်တောင် အဖြေတစ်ဝက်မက ရနိုင်တယ် …”
“ အိုခေး ….”
သူတို့၏ စကားအဆုံး စားပွဲထိုးလေးကို ခေါ်၍ ပိုက်ဆံတွက်ခိုင်းလိုက်သည်။
ကျသင့်ငွေရှင်းရန် ပိုက်ဆံထုတ်နေစဉ် …
“ ဒီကောင့်ကောင်မလေးကိုက ခပ်ကြောင်ကြောင်ပါကွာ၊
လက်ဆောင်ကို ဒီတိုင်းပေးလည်း ပြီးနေတာကို၊ အလားကား ဇာချဲ့နေတယ် …”
ထုတ်ထားသည့် ပိုက်ဆံကို ပြန်သိမ်းရန်ပြင်လိုက်စဉ်
ကိုအောင်စိုးထံမှ “ ဆောရီး၊ ဆောရီး” ဟု ပြာပြာသလဲ ထွက်လာသည်။ ချစ်သူ နင်နဲ့ပတ်သက်လို့ကတော့
စနောက်မှန်း သိလျက်နဲ့ အပြောင် အနောက် စကားတောင် လက်မခံနိုင်ခဲ့သူပါ။ ကင်န်တီးမှဖွင့်ထားသည့်
သီချင်းသံအဆုံး တစ်ကိုယ်စာ ကြားရုံလေး တီးတိုးရွတ်ဆိုလိုက်သည်။
“ ချစ်ရပါသော သီတာ၊ အဖြေတစ်ခုခုတော့ ငါရှာတွေ့မှာပါ
…”
Comments
Post a Comment