အကုန်စားမယ် ထင်သလား…





အကုန်စားမယ် ထင်သလား…

လူပျိုကြီး ဖြိုးမောင်မောင် တစ်ယောက် ရာသီဥတု အားပေးသည်နှင့် သူငယ်ချင်းဖြစ်သူ ကိုမော်ကြီး ဖွင့်ထားသည့် “ခိုင်းတော့သက်ဝေ” ယမကာဆိုင်သို့ ထွက်လာခဲ့လိုက်သည်။ သူချိန်လိုက်တိုင်း ပါသွားတတ်ကြသည့် ကောင်မလေးများအကြောင်းက ခုလိုရာသီမျိုး၊ ခုလိုအချိန်မျိုးတွင် မုဆိုးမအိမ်က လက်နှီးစုတ်လေတိုးသလို အနံ့ တလှောင်းလှောင်းနှင့် သူ့ရင်ကို လာရိုက်သည်။ ထိုအခါမျိုးတွင် ပုလင်းဆွဲလိုက်ရမှ သူက ဖြေသာသူဖြစ်သည်။ ယခုလည်း ကိုမော်ကြီးဆိုင်ရောက်သည်နှင့် မှာနေကြအရာများကို စားပွဲထိုးလေးက လာချပေးသည်။ သူက လာနေကြ ဖောက်သည်မဟုတ်လား။ အမြည်းပင် ဘာစားမည်ဆိုသည်ကို သိနေသည်။ ဒီနေ့တော့ ဖြိုးမောင် အနည်းငယ် တင်းနေသည်။ ထို့ကြောင့် မသောက်သေးဘဲ လာချပေးသည့် အမြည်းကို လက်နှင့်တို့ကာ မြည်းလိုက်သည်။
“ ဝိတ်တား ပလီးစ်..”
မျက်နှာမှုန်ကုပ်ကုပ်နှင့် ဤဆိုင်၏ တစ်ဦးတည်းသော စားပွဲထိုးလေး မောင်စိုး အနားသို့ ချက်ခြင်းရောက်လာသည်။ ဒီလူကြီးရစ်တော့မည်ကို သူသိသည်။ ကြည်သာလျှင် ညီလေး…ညီလေးနှင့်ခေါ်သည်။ ရစ်ချင်လျှင်တော့ “ပလီးစ်”တွေ၊ “ ပလက်စ်”တွေနှင့် ခေါ်တတ်သူ မဟုတ်လား။
“ ဘာလဲ အာစိ…”
“ ဒီမှာ ကြည့်စမ်း မင်းဘာတွေ့သလဲ …”
“ အမြည်းလေ … အလကားရလို့ ခင်ဗျား အမြဲစားတဲ့ နှမ်းဖတ်ချဉ်လေ၊ ဘာဖြစ်လို့တုန်း…”
“ ဘာဖြစ်ရမှာတုန်းကွ၊ ဒီမှာ ယင်ကောင်ကြီး ကျနေတာ မမြင်ဘူးလား …”
“ မြင်သားပဲ၊ ဘာလဲ ခင်ဗျားက သူအကုန်စားနိုင်မယ် ထင်လို့လား…”
“ ဟမ်…”
(PS: ကြားဖူးနားဝ ဟာသတစ်ပုဒ်အား ဖျက်ဆီးထားပါသည်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း