ပူပူနွေးနွေး
ပူပူနွေးနွေး
ကျွန်တော့်မှာ ပြောမနာ၊ ဆိုမနာ ခင်မင်ရသည့်
သူငယ်ချင်းမှာ ရေတွက်ကြည့်လျှင် လက်တစ်ဖက် မျှသာ ရှိသည်။ ထိုအထဲမှ တစ်ယောက်သော သူမှာ
လူပျိုကြီးစောတင်မောင်၊ အဲလေ ဖြိုးမောင်မောင် ဖြစ်သည်။ ယခုအချိန်တွင် သူ့မှာ တိုက်၊
ကား၊ ဝင်းခြံတို့မှာ လက်ညှိုးထိုးမလွဲ ပေါများလှသူ ဖြစ်သည်။ ငွေဆိုသည်မှာ သူ့အတွက် အပေါဆုံးအရာဖြစ်သည်။
သို့သော် သူ့အတွက် အရှားပါးဆုံးအရာလည်း
ရှိသေးသည်။ မိန်းမဖြစ်သည်။ ယခုချိန်ထိတိုင် သူ အိမ်ထောင်မကျသေး။ ကျဖို့ဝေးစွ ရည်းစားပင်
ဖြစ်ဖြစ်မြောက်မြောက် မထားနိုင်သေးသည်မှာ အသည်းနာ ဖို့ ကောင်းလှသည်။ ရုပ်အဆင်းကို ပြောပြရလျှင်လည်း
ရုပ်ဆိုးသည့်အထဲတွင် လုံးဝမပါယုံမက သူ့မျက်နှာ က မေးသွယ်သွယ်ချွန်းချွန်းနှင့် ချစ်စရာကောင်းသည်ဟု
ထင်မြင်ယူဆစေသည့် မျက်နှာမျိုးဖြစ်သည်။ သူ့မျက်လုံးလေးကလည်း ပြုံးနေသည်ဟု ထင်ယောင်စေသည့်
မျက်လုံးလေးဖြစ်သည်။ သို့သော် ထိုမျက်လုံးနှင့် မျက်နှာကို ပေါင်းစပ်လိုက်သည့်အခါမှာတော့…။
ကောင်မလေး တော်တော်များများထံမှ …
“ သနားပါတယ်…”
ထိုစကားသံမျိုး မကြာခဏ ကြားခဲ့ရဖူးသည်။
တစ်ခါသော်လည်း သူတို့ရုံးနားရှိ ရွှေပင်ဆင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်စဉ်ကဖြစ်သည်။ ကျွန်တော်က
လမ်းဖြတ်သွားသည့် သူငယ်ချင်းနှင့် စကားထွက်ပြောနေသည်။ သူက စားပွဲတွင်ထိုင်ရင်း စောင့်နေသည်။
နောက်မှ လက်ဖက်ရည်သောက် လိုက်၊ မုန့်စားလိုက်လုပ်ရင်း အခွင့်အရေးရသဖြင့် ဘေးဝိုင်းမှ
ကောင်မလေးတစ်ယောက်ကို ဂေါ်ရေးဖွင့် နေသည်။ ကျွန်တော်က သူငယ်ချင်းနှင့် စကားပြောရင်း
သူတို့အခြေအနေတွေကို လှမ်းမြင်နေရသည်။ ကောင်မလေးကလည်း မကြာခဏ လှမ်းကြည့်သည်။ သူကလည်း
လက်ဖက်ရည်သောက်ရင်း မျက်လုံးကလေး လှန်ကြည့်သည်။ ကောင်မလေးသူငယ်ချင်းများကလည်း သဘောကောင်းပုံရသည်။
ခိုးခိုးခစ်ခစ်ရယ်ရင်း သူမတို့သူငယ်ချင်းကို ဝိုင်းလှော်နေပုံရသည်။ ကျွန်တော် အတပ်သိလိုက်သည်။
င့ါကောင်ကြီးတော့ ဒီတစ်ခါစွံပြီဆိုပြီးဖြစ်သည်။ ခဏနေတော့ ကောင်မလေးအုပ်စု စားသောက်ပြီး၍
ပြန်သွားကြသည်။ ကိုယ့်လူ ဖင်တကြွကြွဖြစ်ကာ ကျန်ရစ်ခဲ့သည်။ ကျွန်တော် သူငယ်ချင်းနှင့်
စကားစဖြတ် ပြီး ပြန်ဝင်လာတော့ သူက ပြုံးပြုံးကြီးဖြင့် လှမ်းမေးသည်။
“ မြင်လိုက်လား …”
သူ့အသံက ကတုန်ကရင်ကြီး ။ နောက်ပြီးမျက်နှာကြီးကလည်း
ဖရိုဖရဲဖြင့် မသိမ်းခဲ့ရသေးသည့် အိပ်ယာတစ်ခုလိုပင် ဖြစ်နေသည်။
“ မြင်သားပဲ၊ အတော်နိပ်သကွ၊ နောက်ရက်
ဒီမှာပဲ လာထိုင်ရအောင်၊ ဒီနားက အဆောင်သူတွေ နေမှာကွ…”
ကျွန်တော်တို့ စားသောက်ပြီး၍ ပိုက်ဆံရှင်းမည်လုပ်တော့
ဖြိုးမောင် စားသောက်ပြီးသမျှအား ကောင်မလေးများက ပေါင်းရှင်းသွားသည်ဟု ဆိုသည်။ သူ့ရုပ်ကို
ကြည့်၍ ဗိုက်ဆာနေသည်ဟု ထင်သွားကြ သည်လား မသိ။ နောက်ပြီး ဝယ်မစားနိုင်သဖြင့် သူတို့စားသမျှ
ငေးနေသည်ဟု ယူဆသွားပုံရသည်။ ကျွန်တော့် သူငယ်ချင်း ဖြိုးမောင်ကား ဤသို့ဤနှယ် ကံကောင်းတတ်သူဖြစ်သည်။
သူက ကျွန်တော့်ထက် ဆယ်နှစ်ခန့်ငယ်သူ
ဖြစ်သည်။ စီးပွားရေးတွင်မူ သူက ကျွန်တော့်ထက် ဆယ်လံမက အကွက်မြင်တတ်သူ ဖြစ်သည်။ ထို့ကြောင့်
ကျွန်တော်က အပေါင်ဆုံး ဟီးရိုးဘီးအို တာယာပါးလေးကို ရုံးတက်၊ ရုံးဆင်း အားစိုက်နင်းနေရချိန်တွင်
သူက လင်ခရူဆာ၊ ဆိုက်ဂနပ်များဖြင့် တဝီးဝီးစီးကာ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများတွင်
ငွေအထပ်လိုက်သုံးကာ စားသောက်နေရသူ ဖြစ်သည်။ ကျွန်တော် ပြောပြလိုသည်က သူ၏ စီးပွားရေးအကွက်မြင်မှုများနှင့်
နည်းပညာများကို ဖြစ်သည်။
တစ်ချိန်က သူသည် လမ်းဘေးဝဲယာမှ ပလတ်စတစ်အိတ်များကို
ဖယ်ရှားရင်း ဆိုင်သွင်းကာ စီးပွာရှာခဲ့သူဖြစ်သည်။ ထိုအချိန်တွင် ကျွန်တော်က အတန်းလစ်ကာ
ဇယ်တောက်ခုံတွင် ကွမ်းဝါးရင်း ကွမ်းအိတ်ကို လမ်းဘေးသို့ စည်းကမ်းမဲ့ စွန့်ပစ်နေချိန်ဖြစ်သည်။
ကျွန်တော် သူနှင့် ကိုမော်ကြီးတို့ သုံးဦးသား အတူငါးမျှားခဲ့ကြဖူးသည်။ ကျွန်တော်ပြောပြလိုသည်က
ဖြိုးမောင်၏ ကြိုးစားမှုနှင့် အကွက်မြင်မှု ကို ဖြစ်သည်။ မြန်မာလူမျိုးများထုံးစံ အသိမိတ်ဆွေတစ်ယောက်
အခြေမြင့်ပြောင်းလဲသွားသည်နှင့် လူထူထူတွင် အရင်က ဘာလုပ်ခဲ့တာပါကွာ၊ ကြိုးစားခဲ့လို့
ခုလိုဖြစ်သွားတာ ဆိုသော ချီးမွမ်းခြေကြောက် လိုသော စိတ်ယုတ်မာနှင့် မဟုတ်ကြောင်းကိုတော့
သိစေချင်ပါသည်။
ကျွန်တော်တို့သုံးယောက် အတူငါးမျှားခဲ့ကြဖူးသည်။
သူက ကျွန်တော့်ထက် ဆယ်နှစ်ခန့်ငယ် သည်။ ကိုမော်ကြီးက ကျွန်တော့်ထက် တစ်နှစ်ငယ်သည်။
အားလုံးထဲတွင် ကျွန်တောက် အကြီးဆုံးဖြစ် သည်။ သို့သော် ငါးမျှားသည့် နေရာတွင်တော့
…။ ကျွန်တော်တို့မြို့ရှိ ကန်သာယာဆိုသည့် အင်းကြီးတွင် ငါးမျှားကြခြင်းဖြစ်သည်။ ယခုတော့
ငါးမျှားခွင့်ရှိ၊ မရှိ ကျွန်တော် မသိတော့။
ကျွန်တော် ငါးမျှားသည်က အပျင်းပြေ ငါးမျှားခြင်းဖြစ်သည်။
မိမိ၊ မမိမိ အရေးမကြီး။ အလုပ်မရှိ၍ အချိန်ဖြုန်းခြင်းဖြစ်သည်။ ကျွန်တော့်ဘေး မလှမ်းမကမ်းတွင်
ဖြိုးမောင် မျှားသည်။ ဖြိုးမောင်နှင့် မလှမ်းမကမ်းတွင် ကိုမော်ကြီးက မျှားသည်။ ကိုမော်ကြီးကတော့
ရှင်းသည်။ ညနေစောင်းတွင် ဖွင့်သည့် သူ့၏ ခိုင်းတော့သက်ဝေ အရက်ဆိုင်အတွက် အမြည်းရှာခြင်းဖြစ်သည်။
ဖြိုးမောင်က စနစ်ကျသူဖြစ်သည်။ ငါးမိလျှင် ဘီယာဆိုင်သို့
သွင်းရန်ဖြစ်သည်။ ထိုအချိန် ကျွန်တော်တို့မြို့တွင် ဘီယာဆိုင်များ ခေတ်စားစ ဖြစ်သည်။
မြစိမ်းရောင် ဆိုသော ဘီယာဆိုင်သို့ သွင်းဖြစ်သည်က များသည်။ ထိုဆိုင်ကို ဖွားဂျေဆိုသော
အမျိုးသမီးကြီးက ဦးစီးသည်။ အွန်လိုင်းတွင် ၎င်း၏ပုံနှင့်မကြာခဏ ကြော်ငြာသည်ကို တွေ့ရတတ်သည်။
“ကျွန်မက မြစိမ်းရောင်ပါမောင်”
ဆိုသောကြော်ငြာဖြစ်သည်။ ထိုဘီယာဆိုင်မှ
လက်မခံသည့် ငါးသေးငါးမွှားများကို ခိုင်းတော့သက်ဝေ ဆိုသော အရက်ဆိုင်သို့ သွင်းသည်။ ထိုအချိန်က
ခိုင်းတော့သက်ဝေ ဆိုသောဆိုင်သည် အရက်ဆိုင်လေးမျှသာဖြစ်သည်။ ယခုလို စားသောက်ဆိုင်ကြီး
မဖြစ်သေး။
ကျွန်တော် ငါးမျှားပုံက တီကောင်ကို
ရေဆေးသည်။ နောက်ပုဆိုးနှင့်ရေသုတ်ပြီး ချိတ်တွင်ချိတ်ကာ မျှားသည်။ ဖြိုးမောင်က မမျှားခင်
ပါးစပ်နားကပ်ကာ ဂါထာစုပ်ပြီး မျှားသည်။ ကိုမော်ကြီးကတော့ ဘေးမှာရှိသည့် ခွက်ကလေးထဲ
တီကောင်ကိုစိမ်၍ မျှားသည်။ ညနေစောင်းတော့ အဖြေတွေက ကွဲပြားသွားသည်။ ကျွန်တော်က တစ်ကောင်မျှမမိ။
ကိုမော်ကြီးက တစ်ကောင်မိသည်။ ငါးအရဆုံးမှာ ဖြိုးမောင်ဖြစ်သည်။ အိမ်ပြန်တော့ သူက ငါးနှစ်ကောင်
ကျွန်တော့်ကို ဟင်းစားအဖြစ်ပေးသည်။ ကိုမော်ကြီး ကိုတော့ ငါးရောင်းရဦးမည်ဖြစ်၍ မပေး။
ပထမရက်တွင် အဖြေတွေက ဒီအတိုင်းဖြစ်သည်။ ဒုတိယရက်တွင် လည်း မပြောင်း။ တတိယရက်တွင်လည်း
ထိုနည်းအတိုင်းဖြစ်သည်။
ငါးမျှားတံများကိုသိမ်းကာ အိမ်ပြန်ရန်ပြင်နေသော
ဖြိုးမောင်ကို ကျွန်တော်နှင့် ကိုမော်ကြီး ညှပ်၍ ငါးမျှားနည်းမေးသည်။ သုံးရက်လုံးမြင်နေရသည်ဖြစ်၍
၎င်းရွတ်သည့် ဂါထာကို သိလိုခြင်းဖြစ်သည်။
“ အဲဒါ ဂါထာမဟုတ်ဘူးဗျ…”
“ လျိုမနေနဲ့ကိုယ့်လူ၊ ငါတို့ သတိထားမိတယ်၊
ဒါဖြင့်နည်းတော့ ရှိမှာပေါ့၊ ပြောစမ်းပါဦး၊ အင်းထဲက ငါးတွေ အကုန်လုံး မင်းတစ်ယောက်ထဲ
မဖမ်းနိုင်ပါဘူး …”
“ ကျွန်တော်က စားသုံးသူ ဘာကြိုက်လဲ
အမြဲစဉ်းစားတယ်ဗျ၊ အဲဒီမှာ အဖြေသွားတွေ့တာ…”
“ ဟေ ကြီးကြီးကျယ်ကျယ်၊ ပြောစမ်းပါဦး…”
“ ခင်ဗျား ထမင်းစားရင် ဘယ်လိုစားရတာ
ကြိုက်သတုန်း…”
“ ငါတော့ ထမင်းကြမ်းလေး ငပိရည်ဆမ်းစားတာ
အကြိုက်ဆုံးပဲဟေ့၊ ငရုတ်သီးကြမ်းလေး ဖြူးထားရင်တော့ ဘာပြောကောင်းမလဲ…”
“ အဲဒါ ကိုမော်ကြီး အကြိုက်လေ၊ ကျွန်တော်စဉ်းစားတာ
အများအကြိုက်။ ကဲပါ ခင်ဗျား ငါးဖမ်းပုံ ပြောပါဦး၊ ကိုဝေဖြိုးမျှားတာ မြင်ရတာတော့ ငါးမျှားတာနဲ့
မတူဘူး။ ဆိုက်ကိုတစ်ယောက် အင်းဘေး ရောက်နေတယ်ပဲ မြင်တယ် …”
“ ငါကတော့ ငါးမျှားမယ့်တီကို ငါယူလာတဲ့ခွက်ထဲက
အရက်နဲ့စိမ်လိုက်တယ်ကွာ၊ ပြီးမှမျှားတာ၊ ငါးထဲမှာလဲ အရက်ကြိုက်တဲ့ငါး ရှိမှာပဲ၊ နေ့တိုင်း
ငါးမိနေတာသာကြည့် …”
ကျွန်တော်တို့နှစ်ယောက်စလုံး ပါးစပ်အဟောင်းသားနှင့်
ကိုမော်ကြီးကိုကြည့်သည်။ ထိုနောက် ဖြိုးမောင်က….
“ ကျွန်တော့် ငါးမျှားနည်းကို လက်တွေ့ပြမယ်၊
ဒီမှာကြည့်…”
ဖြိုးမောင်က ငါးစာအဖြစ်ယူလာသည့် ကြွပ်ကြွပ်အိတ်ထဲမှ
တီတစ်ထွေးကိုယူကာ ပါးစပ်ထဲထည့်ပြီး ဝလူးဝလူးနှင့်လုပ်သည်။ ထို့နောက် လက်ထဲသို့ထွေးလိုက်ပြီး
ငါးမျှားချိတ်တွင်တပ်သည်။ ကျွန်တော်တို့ နှစ်ယောက်စလုံး အန်ချင်စိတ်ကို မျိုသိပ်ကာ
ကြည့်နေသည်။ နှစ်ချိတ်တပ်ပြီးနောက် နောက်တစ်ချိတ် တပ်ရန်အတွက် အိတ်ထဲမှ တီကောင်ကို
ထပ်ထုတ်သည်။ ထုံးစံအတိုင်း ဝလူးဝလူးလုပ်သည်။ ထို့နောက် လက်ပေါ်သို့ ထွေးချသည်။ ငါးစာတီကောင်ကား
ကျမလာတော့။ လက်ဖြင့် ပါးစပ်ထဲ ဟိုစမ်းဒီစမ်း လုပ်သည်။ ထို့နောက် တီအိတ်ထဲသို့ လက်နှိုက်ရင်း
တအံ့တသြကြည့်နေသည့် ကျွန်တော်တို့နှစ်ယောက်ကို လှည့်ပြောသည်။
“တစ်ခါတစ်ခါတော့ ငါးစာက လူစာဖြစ်သွားတာပေါ့ဗျာ…
ဟဲ…ဟဲ”
ကိုမော်ကြီး ထိန်းမရတော့။ အနားတွင်
တဝေါ့ဝေါ့နှင့် အန်နေသည်။ ကျွန်တော်က ငါးဖမ်းပညာရှင် ကိုဖြိုးမောင်၏ လက်ချာကို ဆက်လက်နားစွင့်နေသည်။
“ ဘယ်သူမဆို အစားအသောက်ကို ပူပူနွေးနွေးစားချင်တဲ့သူချည်းပဲဗျ၊
အဲဒါနဲ့ ဒီနည်းကို စဉ်းစားမိတာ။ အလုပ်မဖြစ်ဘူး၊ ဖြစ်တယ်ဆိုတာကတော့ အစ်ကိုတို့ မျက်မြင်ပဲလေ၊
စမ်းကြည့်ပါလား …”
မျက်နှာဆီသို့တိုးဝင်လာသည့် တီအိတ်ကြီးကို
အလန့်တကြားရှောင်လိုက်ကြရသည်။ ထို့နောက် နှစ်ဦးသား အင်းဘေးတွင် အပြိုင်အန်လိုက်ကြသည်။
ဂယောင်ဂတမ်းနှင့် ကိုမော်ကြီးထံမှ…
“ ပူပူနွေးနွေး…”
ကျွန်တော့်ထံမှ ဝေါ့ဆိုသော အသံနှင့်အတူ
ထပ်အန်ပြန်သည်။ ကျွန်တော်က ယောင်ယောင် ကန်းကန်းနှင့် …
“ ငါးစားလေးက ပူပူနွေး …”
ကိုမော်ကြီးထံမှ …
“ ဝေါ့ …”
ထိုညနေသည် မသောက်ရဘဲ၊ အမူးမလွန်ဘဲ အင်းဘေးတွင်
အန်ခဲ့ရသည့် ညနေတစ်ခုဖြစ်သည်။ ဘဝတွင် အန်၍ အကောင်းဆုံးသော ညနေတစ်ခုလည်း ဖြစ်သည်။ ထိုအချိန်မှစ၍
ကျွန်တော် ငါးမမျှား တော့။ ငါးမစားတော့။ အင်းဘေးမသွားတော့။ အခန့်မသင့်၍ အင်းဘေးမှဖြတ်ရလျှင်လည်း
သင်္ချိုင်း ကျတ်တီးကုန်းကို တစ်ယောက်ထဲဖြတ်နေရသူပမာ သုတ်ခြေတင်ခဲ့မိသည်က များသည်။ ထိုအချိန်မှစကာ
စွဲခဲ့သည့်ဆိုက်ကိုမှာ လမ်းမှာဖြတ်သွားသည့် ဈေးသည်ထံမှ…
“ အကြော်စုံ ပူပူနွေးနွေးလေး…”
ထိုအသံကို ရှင်းလင်းပြတ်သားစွားကြားမိသည့်တိုင်
နားထဲတွင်…
“ ငါးစာ ပူပူနွေးနွေးလေး…”
ဟု ကြားယောင်မိနေခြင်း ဖြစ်တော့သည်။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(PS: ဖော်ပြပါပုံမှာ ဤဇာတ်လမ်းထဲမှ ကိုဝေဖြိုးဖြစ်ပါသည်)
Comments
Post a Comment