ရူး



 ရူး

          ဆေးခန်းတစ်ခုတွင် ဖြစ်သည်။ လူရှင်းနေချိန်ဖြစ်၍ တန်းစီစောင့်နေသည့် လူနာဟန်မပေါက်သော လူသုံးယောက်မှာ မရိုးမရွဖြစ်နေသည်။ သုံးယောက်စလုံးမှာ သူငယ်ချင်းများဖြစ်၍ တိုင်ပင်ပြီးရောက်လာကြသူများဖြစ်သည်။ ထိုစဉ် အခန်းထဲမှ ဆရာဝန်နှင့်တိုင်ပင်ပြီး၍ လူနာတစ်ယောက် ထွက်သွားသည်နှင့် လူသုံးဦးအနက်မှ ခပ်၀၀လူက အခန်းထဲသို့ စွတ်ဝင်သွားသည်။ အခန်းထဲဝင်လာသူကို ဆရာဝန်က ပြုံးပြရင်း ထိုင်ခိုင်းလိုက်သည်။
" နာမည်က..."

" မော်ကြီးပါခင်ဗျ..."
" ဘာဖြစ်တာလဲ၊ ခင်ဗျားဖြစ်ပုံ အသေးစိတ်ပြောပြဗျာ...ဘာမှရှက်စရာ၊ ကြောက်စရာ မလိုဘူး..."
" အဟဲ ဒီလိုဗျ။ အသံတွေကြားနေရတယ်။ နားထဲမှာ အသံတွေကြားနေရတယ်..."
" အင်း ဆက်ပြောပါဦး၊ ဘယ်လိုအသံတွေလဲ..."
" ဖုန်းခေါ်သံတွေခင်ဗျ...။ စိတ်ထဲမှာ ဖုန်းမြည်တယ်ထင်ပြီး ထထကိုင်မိနေတာ၊ တကယ်တော့ ဘာဖုန်းမှ မမြည်ဘူး…”
“ ခင်ဗျား ဒီလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ…”
“ ကျွန်တော့်ကောင်မလေး စိတ်ကောက်သွားကတည်းကပါ ဒေါက်တာ၊ ဖုန်းဆက်လို့လဲ မရဘူး၊ ဖေ့စ်ဘွတ်ခ်မှာလည်း ဘလော့သွားတယ် ဒေါက်တာ၊ ကယ်နိုင်ရင် ကယ်ပါဦးဒေါက်တာရယ်၊ ကြာရင် ကျွန်တော်ရူးတော့မယ်၊ ရူးလည်း ရူးနေပါပြီဒေါက်တာရယ်…အီးဟီးဟီး… ”
“ စိတ်တင်းပါဗျာ ကိုမော်ကြီး၊ ကျွန်တော် ဒေါက်တာ ဖြိုးမောင်ပါ၊ ကျွန်တော်ကုလို့ သွက်သွက်ခါ ရူးသွားတဲ့လူတွေ မနည်းဘူး…”
“ ခညာ…”
“ သြော်… ရောဂါပျောက်သွားတာကို ပြောတာပါ…”
ထို့နောက် … ထို့နောက်မှာတော့ …
***                       ***                       ***
“ …………”
  ဟုတ်ကဲ့ ကိုစိုးထက်၊ ဆက်ပြောပါ…”
“ ကျွန်တော် ကြောက်နေတာ ဆရာ”
“ အင်း … ပြောပါဦး၊ ဆရာ့ကို ရဲရဲသာပြော …”
“ သူနဲ့ တွေ့ရမှာကို ကြောက်နေတာ ဆရာ၊ အလုပ်မှာ ကျွန်တော်တစ်ယောက်ထဲဆို အားလုံးချောမောလို့၊ နေ့ခင်းပိုင်း ထမင်းစားချိန် သူ့ရုံးကနေ ကျွန်တော့်ရုံး ကူးလာရင် ကျွန်တော် ပျို့ချင်အန်ချင်ဖြစ်လာရော၊ သူ့မြင်လိုက်တာနဲ့ အမှားလုပ်မထားတောင် အဆူခံရတော့မှာပဲဆိုပြီး ကြောက်နေတာဆရာ…”
“ အထက်လူကြီးကို အဲဒီလောက် ကြောက်စရာမလိုဘူးလေ၊ ဒါ ဒီမိုကရေစီခေတ်ရောက်နေပြီ၊ ပြောင်းလဲချိန်တန်ပြီဗျ…”
“ မဟုတ်ဘူးဆရာ၊ အထက်လူကြီး မဟုတ်ဘူး၊ ကျွန်တော့်အမျိုးသမီးပါ၊ ခုနောက်ပိုင်းဆို ပါတီတွေတောင် မသွားဝံ့တော့တာ ကြာပါပြီ၊ တစ်ခါပဲ ပါတီသွားတာ၊ အဲ… အဲဒီမှာ…”
“ …………………………..”
“ …………………………..”
“ …………………………..”
***                       ***                       ***
              ဆေးခန်းထဲမှ ချွေးတလုံးလုံးနှင့် ကိုစိုးထက်တစ်ယောက်ထွက်လာပြီးနောက် ပါဝါမျက်မှန် တပ်ထားသည့် ကုပ်ကိုင်းကိုင်း လူက ၀င်သွားသည်။ အထဲရောက်ပြီး ခလုတ်တိုက်သည့် အသံများကို ကိုစိုးထက်နှင့် ကိုမော်ကြီးတို့ ကြားလိုက်ရသည်။ နှစ်ဦးစလုံး ပြိုင်တူပြုံးမိသည်။ ခပ်မှောင်မှောင် အခန်းထဲ သူတို့သူငယ်ချင်း ဝေဖြိုးတစ်ယောက် မမြင်မစမ်းနှင့် ခလုပ်တိုက်မိပြီဖြစ်ကြောင်း သိကြသည်။ သူ့ရောဂါ ဘာလဲဆိုတာ သိချင်စိတ်ဖြင့် နှစ်ဦးသား အခန်းဝနားသို့ ကပ်ခါ ထိုင်လိုက်သည်။
“ ဆရာ အခန်းထဲက မှောင်လိုက်တာ၊ ဒီထက်လင်းတဲ့ မီးလုံးလေးများ မရှိဘူးလား…”
“ အပြာရောင်မို့ မှောင်တယ် ထင်တာပါ …”
ထို့နောက် ခလုတ်တချို့ ဖွင့်သံကြားရသည်။ အခန်းထဲမှ အလင်းတချို့ တံခါးကြားမှ ထွက်လာသည်။
“ ဆရာ့ နာမည်က …”
“ ဒေါက်တာ ဖြိုးမောင်ပါ…”
“ ဆရာ့ ရင်ထိုးမှာရေးထားတာက ဒေါက်တာ အုန်းမောင်ဆိုပါလား…”
“ အာ ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီနေ့ ဂျူတီကုတ်မေ့လာလို့ ဆရာ့ကုတ် ခဏယူဝတ်တာဗျ…ဟဲဟဲ၊ ဆရာအပြင်သွားတုန်းလေး…ကဲပါလေ ခင်ဗျားနာမည်နဲ့ ဘာဖြစ်တယ်ဆိုတာလေး ပြောပြပါဦး …”
“ ကျွန်တော့် နာမည် ဝေဖြိုးပါ၊ အဲ ကျွန်တော်ဖြစ်တာက …”
       ထိုစဉ် ဆေးခန်းရှေ့သို့ အရှိန်ဖြင့် ထိုးရပ်လာသည့် အလုံပိတ်ကားတစ်စီးထံမှ ဘရိတ်ဖမ်းသည့် အသံထွက်လာသည်။ ကိုဖြိုးမောင်နှင့် ကိုမော်ကြီး လှည့်ကြည့်လိုက်စဉ် သန့်ပြန့်သားနားသည့်အပြင် နဖူးပါပြောင်နေသည့် ဥပတိရုပ်ကောင်းကောင်း လူတစ်ယောက် ၀င်လာသည်။ သူ့နောက်မှာ တူညီဝတ်စုံဝတ်ထားသည့် ဗလတောင့်တောင့် အမျိုးသားကြီးလေးယောက် ရောက်လာသည်။
ကိုစိုးထက်နှင့် ကိုမော်ကြီးကို ကြည့်ရင်း လှမ်းမေးလိုက်သည်။
“ ရှိသေးလား …”
နှစ်ယောက်သား ဘာမေးမှန်းမသိ။ လူနာရှိသေးလားဟု မေးသည်ထင်ကာ ပြိုင်တူပင်…
“ ရှိသေးတယ်…”
“ တော်သေးတာပေါ့ဗျာ၊ ကျွန်တော်ကုဖူးတဲ့ လူနာ ဒီနေ့ပြန်ရောက်လာတာဗျ၊ ဆေးရုံတက်ခိုင်းထားတာ၊ မဆင်းရသေးဘူးဆိုတာ သိထားတော့ ထွက်ပြေးလာမှန်း အတတ်သိရတော့တယ်။ ကျွန်တော့်ကုတ် ၀တ်ချင်တယ်ဆိုလို့ ပေးထားခဲ့တာ၊ သူက ဆရာဝန်ရူးလေ၊ ဟေ့လူ တံခါးနာက ဖယ်ဗျ…”
              နောက်တခဏ တံခါးခေါက်လိုက်သည့်အခါမှာတော့ ပြုံးစိစိမျက်နှာနှင့် ဂျူတီကုတ်ဝတ်ထားသည့် လူတစ်ယောက် ထွက်လာသည်။ ထိုသူနောက်မှာ ခေါင်းကုတ်ထွက်လာသည်က ကိုဝေဖြိုး။ ကိုစိုးထက်နှင့် ကိုမော်ကြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူတို့အားကိုးတကြီး တိုင်ပင်မိသူသည်…။
“ ဆရာ…ဆရာမလာခင်လေး ဒီလူနာသုံးယောက် ကျွန်တော်ကြည့်ပေးထားတယ်နော်…”
“ သိုင့်ခရူး ဖြိုးမောင်၊ ခု သူတို့နဲ့ လိုက်သွားဦးနော်၊ ဟိုမှာ မင်းသူငယ်ချင်းတွေက မင်းကိုမျှော်နေကြပြီ၊ ဒေါက်တာဖြိုးမောင် မလာသေးဘူးလားတဲ့…”
“ ဟုတ်ကဲ့ ဆရာ ဂွတ်လပ်ခ်…”
“ ဂွတ်လပ်ခ်…”
ငိုင်တွေတွေထိုင်နေသည့် လူသုံးယောက်ကို ဒေါက်တာဦးအုန်းမောင်မှ
“ ကဲ…ဆို၊ ကျွန်တော် ဘာများ အကူအညီပေးရမလဲ…”
“ အာ… မလိုပါဘူးဆရာ၊ မလိုတော့ဘူး …”
ထို့နောက် သုံးယောက်သား ၀ရုန်းသုန်းကားဖြင့် ဆေးခန်းထဲမှ ထွက်ပြေးကြတော့သည်။ သူတို့သုံးယောက် နောက်လှည့်ကြည့်ဖြစ်မည် ဆိုပါလျှင် ရုပ်ပျက်ဆင်းပျက်ရယ်မောနေသည့် ဖရိုဖရဲ မျက်နှာနှင့် ဒေါက်တာကြီးကို တွေ့မိမည် ဖြစ်လေသည်။ သူ၏ မျက်လုံးများပြူးကျယ်နေကြောင်း အနီးအနားတွင် တစ်ဦးတစ်ယောက်ရှိနေမည်ဆိုပါက တွေ့နိုင်မည်ဖြစ်သည်။ ထိုဆရာဝန်ကြီးရှိနေသည့် ဆေးခန်းအမည်မှာ …….။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၂.၆.၂၀၁၆ နံနက် ၆း၂၄ မိနစ်ပြီး)
https://shintnyolay.weebly.com


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း