ကျွန်တော်နှင့် ချစ်သောဆရာများ


ကျွန်တော်နှင့် ချစ်သောဆရာများ

       ချစ်ကြောက်ရိုသေမှ ဆရာအဆင့် မှီမှာလား။ ဘ၀မှာ ချစ်ကြောက်ရိုသေရတဲ့ ဆရာတချို့လည်း ရှိတယ်။ ချစ်ပေမယ့် မကြောက်ရတဲ့ ဆရာတို့လည်း ရှိမယ်။ မချစ်ပေမယ့်အောင့်ထားရတဲ့ ဆရာဆိုးလည်း များမယ်။
ပျားရည်ကျွေးပြီး အားပေးသွားတဲ့ ဆရာတွေလည်း ရှိတယ်။ ဆားရည်နဲ့ အနာသိပ်သွားတဲ့ ဆရာတချို့လည်း ရှိခဲ့ဖူးတယ်။ ဘ၀က ခါးတယ်။ အဲဒါကိုမှ ကော်ဖီခါးခါးတိုက်သွားတဲ့ ဆရာတစ်ယောက်လည်း ကြုံခဲ့ဖူးတယ်။ ချစ်ခဲ့ရတဲ့ ဆရာတွေနဲ့ မနှစ်မြို့ခဲ့ဖူးတဲ့ ဆရာတွေအကြောင်းတလှည့်တပြောင်းနဲ့ခေါင်းထဲရောက်ရောက်
လာတယ်။

ချစ်တဲ့ ဆရာ့အကြောင်း တွေးမိယုံနဲ့ ၀န်းကျင်မှာ ပန်းတွေပွင့်တယ်။ ရနံ့တွေ သင်းသွားပုံများ မျက်နှာထက်မှာ အပြုံးတွေဆင့်တယ်။ Never understimate the power of your smile. No gem cam sparkle more than your smile. အပြုံးတစ်ခုရဲ့တန်ဖိုးကို ပိုင်းဖြတ်ပြသွားတဲ့ ဆရာတစ်ယောက်ကိုလည်း ပြုံးနေရင်းပဲ သတိရလိုက်ပါရဲ့။
ရွံ့ကြောက်ဖူးသူတစ်ယောက်အကြောင်း တွေးမိလိုက်တော့ အဆိပ်တွေသင့်သွားပုံများ မျက်နှာထက်က အပြုံးတွေလင့်တယ်။ သည်းခြေပေါက်လို့ အာရုံ မနောက်ခင် အတွေးဆိုးတွေ လွင့်ထွက်သွားအောင် ခေါင်းကိုရမ်းပစ်လိုက်တယ်။ ဂိုဏ်းမသင့်အောင်ဆိုတဲ့အတွေးနဲ့ မတွေးသင့်တဲ့အတွေးတွေကို မောင်းတယ်။ ဒါပေမယ့် နှလုံးအိမ်မှာ စိုက်ခဲ့ဖူးတဲ့ ဆိပ်လူးမြှားက စွဲဝင်နေတုန်းပဲ။ စွဲထင်နေတုန်းပဲ။ ခုတော့ ကိုယ်က ဝေဒနာနဲ့ နေသားကျသွားပါပြီ။ ဆိပ်လူးမြှားကို ဆွဲနှုတ်နိုင်ခဲ့ရင်တောင် ဒဏ်ရာတွေက ကျက်နိုင်ပါ့မလား။ အမာရွတ်အဖြစ်နဲ့ ကျန်နေဦးမယ် ထင်ပါရဲ့။
ဆရာတွေအကြောင်း စဉ်းစားမိတော့ တချို့တွေက ပိတုန်းနဲ့တူတယ်။ တချို့တွေက ပျားနဲ့တူတယ်။ တချို့တွေက ဓားနဲ့တူတယ်။ ပိတုန်းနဲ့တူသူတွေက လောကကြီးထဲက သူယူနိုင်သမျှ ယူတယ်။ ပြန်မျှဝေဖို့ဆိုတာ မစဉ်းစားမိခဲ့ဖူးတဲ့ အကြောင်းအရာတစ်ခု။ တချို့ပျားတွေက လောကကြီးဆီကလည်း ယူတယ်။ လောကကြီးအတွက်လည်း ပန်းတွေပွင့်ဝေစေခြင်းနဲ့ ပေးတယ်။ တစ်ချို့ဆရာတွေကတော့ ပညာစွမ်းက ဓားသွားလို ထက်မြိတယ်။ မြင်သမျှသူက ခုတ်ပိုင်းလိုက်မှာလားဆိုတဲ့အတွေးနဲ့ ကြောက်ရွံ့စေသူဖြစ်တယ်။ မျက်နှာထားတင်းတင်းနဲ့ မာန်စောင်ဆရာကြီးတွေအကြောင်း မပြောပြချင်တော့ပါဘူး။
ပြောပြချင်တာက ပျားကလေးနဲ့တူတဲ့ ဆရာတစ်ယောက်အကြောင်းပေါ့။ သူမျက်နှာထက်က အပြုံးကချိုတယ်။ နှလုံးသားမြေခံဖြူဖြူမှာ ပွင့်တဲ့အပြုံးပန်းမို့ ရေရေလည်လည်လန်းတယ်။ စာသင်တဲ့ အခါမှာလည်း သေသေချာချာမန်းတယ်။ မျှဝေဖို့အတွက် ကြိုးစားထားတဲ့ သင်္ကေတအဖြစ် လေးရာ့ငါးဆယ်ပါဝါရှိတဲ့ မျက်မှန်တစ်လက်က မျက်ဝန်းရှေ့မှာ နေရာယူတယ်။ သူက ပျားတစ်ကောင်လိုလည်း အလုပ်များတယ်။ အားလပ်ချိန်ကလည်း ပါးတယ်။ မပြန်ခင်ချိန်လေး နာရီတစ်ဝက် ကျွန်တော်တို့တတွေနဲ့ မုန့်စားထွက်တယ်။ ကျွန်တော်ရှမ်းခဲ့တဲ့ ပုစ္ဆာတစ်ချို့အကြောင်းပြောရင်းနဲ့ ဘ၀တက်လမ်းအတွက် စောပြန်သွားတဲ့ ဆရာမ Khin ကို လွမ်းတယ်။
ခုဆို ချစ်တဲ့သူတွေ တစ်ယောက်မှ အနားမှာ မရှိတော့ဘူး။ သူတို့ပေးထားခဲ့တဲ့ ပညာတွေနဲ့ ဘ၀နေ့ရက်တွေကို ရှေ့ဆက်နေရတယ်။ သင်ပေးခဲ့တဲ့ ပညာတွေကို လက်တွေ့အသုံးချရင်း၊ ဘ၀တက်လမ်းအတွက် အသစ်အသစ်သော ပညာတွေကို ဆည်းပူးရင်း အဝေးရောက် ဧည့်ခန်းလေးနှစ်ခန်းကို ချစ်ခြင်းအတိနဲ့ သတိရနေပါတယ်။ မျက်စိမှိတ်လိုက်တယ်။ Khin ဆိုတဲ့ ပုံရိပ်က ပေါ်လာတယ်။ နားအစုံကို ပိတ်လိုက်တယ်။ “ဟုတ်တယ်နော်“ ဆိုတဲ့ ပျားဆရာလေးရဲ့ အသံကို ကြားနေမိတယ်။ ခုချိန်က စလို့ ကျွန်တော်ကြိုးစားသမျှက လေးစားမှုကို ကိုယ်စားပြုတယ်ဆိုတာကိုတော့ သိစေချင်စမ်းရဲ့ ။
သူတို့တွေကို ကျွန်တော် မကြောက်ဘူး။ ဒါပေမယ့် ကျွန်တော်လေးစားတယ်။ နောက်ပြီး ကျွန်တော် ချစ်တယ်။ ချစ်ကြောက်ရိုသေမှ ဆရာအဆင့်မှီမှာလား။ တကယ်တော့ သူတို့တတွေက ကျွန်တော်ချစ်တဲ့ ဆရာတွေပါ။ ခင်ဗျားမှာရော မကြောက်ဘဲ ချစ်ရတဲ့ဆရာတွေ မရှိဘူးလား။ ရှိခဲ့မယ်ဆိုရင်တော့ .................။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
(PS:၂၀၁၄ တုန်းက Post အဟောင်းလေးပါ။ မဖတ်ရသေးတဲ့ သူငယ်ချင်းများအတွက်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း