ထုံတုန်တုန်အတွေးများ

ထုံတုန်တုန်အတွေးများ

                    မနေ့က အိပ်ချိန်နောက်ကျသွားလို့ ည(၈း၃၀)မှ နိုးတယ်။ မေမေက ပြောတယ်။ ဖုန်းလာတယ်...ဦးလတ်ဆုံးပြီတဲ့။ ဘာပြောရမှန်း မသိဘူး။ ဘာလုပ်ရမလဲ။ ရန်ကုန်မှာနေတဲ့ အစ်မတစ်ယောက်ဆီ ဖုန်းဆက်ရမှာလား။ မန္တလေးက အစ်ကိုဆီကိုပဲ လှမ်းမေးရမှာလား။ ခံစားရတာ ထုံတုန်တုန်နဲ့။
အလုပ်သွားတော့ ဆိုင်ကယ်စတင်န်းမှာ ရပ်နေတုန်း ဖုန်းလာတယ်။ ကျွန်တော် ပေးမထားတဲ့ နံပါတ်ကို မန္တလေးမှာနေတဲ့ ကိုကိုကြီးက ဆက်တာပါ။ ဦးလတ်ဆုံးကြောင်း အကြောင်းကြားတာပါ။ ဦးလတ်ဆုံးသွားတာ သိတော့ သိတယ်။ မေမေ့ဆီ ဖုန်းဆက်တာ ခရီးသွားနေတဲ့ ဖေဖေ့ဆီကလား။ ဆွေမျိုးတစ်ယောက်ယောက်က အကြောင်းကြားတာလား ကျွန်တော်မသိဘူး။ မေမေပြောပြလို့ ခုနကမှ သိတာဆိုတာလောက်ပဲ ပြန်ပြောနိုင်တယ်။ ကျွန်တော် စဉ်းစားမိတယ်။ သေခြင်းတရားအကြောင်း ကြားဖူး၊ မြင်ဖူးပေမယ့် ဆွေမျိုးသားချင်းကြားမှာ၊ ချစ်တဲ့ခင်တဲ့သူတွေကြားမှာတော့ ပိုပြီးထိတ်လန့်ဖို့ကောင်းသလားလို့။ အသန့်အပြန့်ကြိုက်တဲ့ လူပျိုကြီး ဦးလတ်၊ စီးကရက် မီးညှိပြီးတိုင်း လျှပ်စစ်မီးဖို ပြန်ပိတ်ဖို့မေ့တတ်တဲ့ ဦးလတ်၊ စားပွဲတင်တင်းနစ်မှာ လက်ရွေးစင်ဖြစ်ခဲ့ဖူးတဲ့ ဦးလတ်...။ လမ်းလျှောက်ရင်း ရုတ်တရက်ဆုံးပါးသွားတယ်ဆိုတော့ မသေမီအချိန်လေး သူဘာတွေ စဉ်းစားနေလဲ သိချင်လိုက်တာ။ ကျွန်တော်ပြုံးရင် သူနဲ့တူတယ်ဆိုလို့ မှန်ရှေ့မှာ ယောင်ယောင်ကန်းကန်း ပြုံးကြည့်မိတယ်။ ဝေဝေဝါးဝါးပါပဲ။ ခုချိန်မှာ ကျွန်တော် ခံစားနေရတာက ထုံတုန်တုန်မို့ပါ...။ အေးချမ်းပါစေ ဦးလတ်ရေ...။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း