ချစ်သော ကမ္ဘာမြေ



ချစ်သော ကမ္ဘာမြေ

သာနေတဲ့ လကိုကြည့်ဖို့
ရွေ့နေတဲ့ တိမ်ကို ငေးဖို့
ဖြတ်ဖြတ်လက်တဲ့ ကြယ်တွေ
တို့တတွေ နာမည်ပေးဖို့
ညလေအေးကို ခပ်ပြင်းပြင်း ရှိုက်ဖို့
ဟိုးဝေးဝေးက ဂစ်တာသံကို နားစွင့်ဖို့
ရေးထားတဲ့ နင့်နာမည်

ကောင်းကင်ထက်မှာရှာဖို့
ဆူညံသံတွေ ပါးလျနေတုန်း
ဘေးအိမ်နားက (အုန်းလက်)လေတိုးသံ
ငါ့အတွက် ဂီတသံစစ်မို့
အချစ်တု၊ စစ်တုတွေကြား
ကျည်ဆံ အစစ်တွေသုံးတဲ့
ကစားကွင်းနဲ့ဝေးရာမို့
အတုဟာ အစစ်ထက်ကောင်းတယ်လို့
ကြွေးကြော်သူတွေ အိပ်မောကျချိန်မို့
စခရင်ထဲက ညထက်
အပြင်ဘက်က ညကသိပ်လှတယ်လို့
ယုံကြည်သူတစ်ယောက်မို့
ဒီတစ်ညတော့ မအိပ်ပါရစေနဲ့ကွယ်။
အိပ်စက်ခြင်းဆိုတာက
ခေတ္တသေခြင်း မဟုတ်လား
အိပ်မောမကျမီ စပ်ကြား
ခဏခဏ မအိပ်ပါရစေနဲ့ကွယ်။
နေခြင်း သက်သေအဖြစ်
ခဏခဏ သေခဲ့ရတဲ့ငါ
ရှင်သန်ခြင်း သက်သေအဖြစ်
ကမ္ဘာမြေကို ချစ်ခဲ့ပါရစေ...။

ရှဥ့်ညိုလေး
(21.6.2016)

https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း