နားမလည်ဘူးကို နားမလည်ခြင်း
နားမလည်ဘူးကို နားမလည်ခြင်း
ကျွန်တော် နားမလည်တာကို ကျွန်တော့်သူငယ်ချင်းတွေ နားမလည်ကြဘူး။ ကျွန်တော်က စကားပြောရင် ဘူးလုံးနားထွေးနဲ့၊ စာရေးတော့လည်း မရှင်းမရှင်းနဲ့ ဆိုတော့လေ။ ပြောရရင်ဗျာ ကိုယ့်အထက်လူကြီးနာမည်တောင် မသိဘဲနဲ့ ပြာယာခတ်နေကြသူတွေကို ကျွန်တော် နားမလည်ဘူးဗျ။
ဟိုတယ်မှာ တစ်ခါတစ်လေ ဌာနဆိုင်ရာလူကြီး သုံးလေးဖွဲ့ ဆုံပြီးရောက်တတ်ကြတယ်။ ၀တ်စုံတွေကလည်း အမျိုးမျိုးပေါ့။ ကိုယ့်အုပ်စုနဲ့ကိုယ် ဟိုတစ်နေရာ၊ ဒီတစ်နေရာ စုစု စုစုနဲ့။ တချို့ကတော့ စိတ်နှလုံး ဒုန်းဒုန်းချပြီး မြက်ခင်းပေါ်ထိုင်လို့။ တစ်ခါတစ်ရံ စက်မှုဆိုပါတော့။ နှစ်ဖွဲ့ဖြစ်နေတယ်။ တစ်ဖွဲ့က နေပြည်တော်က။ ကျန်တစ်ဖွဲ့က တစ်နေရာက။ အကုန်လုံးက ဗွီအိုင်ပီတွေ။ သူတို့တတွေ အပြေးအလွှားသွားလာနေကြတာကို (Reception) ကနေ မြင်နေရတယ်။ လက်အောက်ငယ်သားတချို့ ကောင်တာကို အပြေးအလွှားရောက်လာတတ်ကြတယ်။ အခန်းသော့ပေးပေါ့။ ကိုယ်က ၀န်ထမ်းဆိုတော့ ဟုတ်ကဲ့ ပဲပေါ့။ ဗွီအိုင်ပီတွေဆိုတော့ တစ်ခုခု လွဲလို့ မရဘူးလေ။ လွဲသွားရင် ကိုယ့်အလုပ်လေးကိုယ် တာ့တာပြခဲ့ရမှာ။ အဲဒါနဲ့ ဗွီအိုင်ပီ သုံးဖွဲ့ရှိပါတယ် ဘယ်အဖွဲ့ကလည်း ဆိုတော့ ဌာနဆိုင်ရာအမည်ပြောပြတယ်။ အဲဒီဌာနက နှစ်ဖွဲ့ဖြစ်နေတယ်ဗျ လူကြီးနာမည်လေး ပြောပြပါဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မေးငေါ့ကြရင်း မသိဘူးဖြစ်နေကြရော။ သူတို့တတွေလည်း ဌာနဆိုင်ရာဝန်ထမ်းတွေဆိုတာ သေချာတာနဲ့ လူကြီးနာမည်တွေ ထုတ်မေးကြည့်တယ်။ ဦးအောင်မောင်းလား၊ ဦးမောင်သောင်းလားပေါ့။ ဒါလည်း မသိကြဘူး။ သူတို့က အရေးတကြီး အခန်းသော့တောင်းတယ်ဆိုတော့ သက်ဆိုင်ရာသော့တွေယူပြီး သူတို့နဲ့လိုက်ခဲ့ရတာပေါ့။ ဘယ်သူပဲလာလာ အသင့်ဖွင့်ပေးနိုင်ဖို့ အရေးကြီးတယ် မဟုတ်လား။ သွားရင်းလာရင်း စကားမစပ်မေးမိတယ်။ လူကြီးက ဘယ်ရောက်နေပြီလဲလို့။ ဟိုကလှမ်းအကြောင်းကြားတာ ခုပဲ နေပြည်တော်က ထွက်လာပြီတဲ့။ သေရော။ နေပြည်တော်နဲ့ မုံရွာ သူ့တို့လူကြီးက ဘာစီးလာမှာမို့လဲမသိဘူး။ ဟိုက ဖုန်းဆက်လိုက်တာနဲ့ သူက ကောင်တာကို ကဆုန်စိုင်းပြေးလာတာ။ တကယ်လည်း လူကြီးရောက်လာရော ဟိုတယ်က ကမ်းတဲ့လန်းဆန်းလေးနဲ့ ချွေးတွေဘာတွေသုတ်ပြီး ဒီကနယ်ခံ ဌာနဆိုင်ရာအကြီးအကဲနဲ့ စကားတွေပြောရင်း သူ့နေရမယ့်အခန်းတန်းသွားတာပဲ။ နောက်ဆယ်မိနစ်လောက်နေတော့ လာကြိုတဲ့ အကြီးအကဲအဖွဲ့လည်း ပြန်သွားရော။ ကိုယ်ကြိုရမယ့် လူကြီးနာမည်တောင် မသိတဲ့ ကိုကို၊ မမတွေလည်း သက်ဆိုင်ရာ ကားတွေ၊ ဆိုင်ကယ်တွေပေါ်တက်ပြီး ပြန်သွားကြပါရော...။ အဲဒီလိုအကြောင်းအရာတွေကို နားမလည်ဘူး ခေါင်းစဉ်တပ်ပြီး ၁။ ဗွီအိုင်ပီလာရင် ကိုယ့်လူကြီးနာမည် ဘယ်သူမှန်းမသိဘဲ အနားပြာ(အနားမှာကပ်ပြီး ပြာယာခပ်) နေကြသူတွေကို နားမလည်ဘူး ဘာညာနဲ့ ရေးလိုက်တာ ကျွန်တော့်သူငယ်ချင်းတွေလည်း နားမလည်ဘူးကို ဖြစ်လို့...။ ကျွန်တော့်မှာ ရယ်ချင်ပက်ကျိကို ဖြစ်ရော။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments
Post a Comment