နှလုံးသားရှိရာသို့ ...
နှလုံးသားရှိရာသို့
...
မျက်လုံး ဆိုတာ စိတ်ရဲ့ပြူတင်းပေါက်လို့
သူငယ်ချင်းတချို့ပြောတာကို ကြားမိသည့်နောက်ပိုင်း မျက်လုံးဆိုသောအရာတွေကို
ဂရုတစိုက်စောင့်ကြည့်ဖြစ်ခဲ့သည်။ အစပိုင်းတွင် တမင်တကာ စောင့်ကြည့်ရ သော်လည်း
သိပ်မကြာသောကာလတွင် လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ပထမဦးဆုံး သတိထားမိ သောအရာမှာ
မျက်လုံးများ ဖြစ်လာလေသည်။
ယောက်ျားလေး၊ မိန်းကလေး မခွဲခြားဘဲ
မျက်လုံးများစွာကို စူးစမ်းပြီးသည့်နောက်မှာတော့ သိလာသော အရာတစ်ခုရှိသည်။ အလှတရား
ဖြစ်သည်။ မျက်လုံးသည် စိတ်၏ပြူတင်းပေါက် ဆိုသော်ငြား ပြူတင်းပေါက်မှ မြင်ရသည့်စိတ်ကို
ဝိုးတဝါး မြင်မိယုံမှအပ ကောင်းစွာအကဲမခတ်တတ်ခဲ့ သည်မှာ သေချာသည်။ ရိုးသားစွာဝန်ခံရလျှင်
လူကဲခတ်သည့် နေရာတွင်ကျွန်တော် အတော်လေးကို ညံ့ပါသည်။ သူငယ်ချင်းတစ်ယောက် အစဆွဲထုတ်လာသည်နှင့်
မျက်လှည့်ဆရာရှေ့ရောက်နေသည့် ဆယ်နှစ်သားလေးလို အံ့သြဘနန်းနှင့် သူ့နှပ်ကြောင်းအတိုင်း
လိုက်ခဲ့မိသည်။ အဆုံးသတ်ရောက်မှ ကိုယ့်နှဖူး တူနဲ့နှက်နေမှန်း သိလိုက်ရသည်။
တစ်ခါတစ်ရံတော့ ဂျိုကိုင်၍ ဝပ်ထရိန်း တိုင်ပေးနေမှန်းပင် မသိလောက်အောင်း
တုံးပါသည်။ ဆိုလိုသည်က အရိပ်အကဲကြည့်ကာ ကိုယ့်ကို ချုပ်နေသလား၊ အုပ်နေသလား
မသိအောင် ပိန်းပါသည်။ ထို့ကြောင့် မျက်လုံး များ၏ နောက်ကွယ်မှာရှိနေသည့် စိတ်ကို
ကောင်းစွာ မဖတ်တတ်ခဲ့ပါ။ သို့သော် မျက်လုံးများ၏ အလှတရားကိုတော့
ကောင်းစွာခံစားတတ်ခဲ့ပါသည်။
တချို့မျက်လုံးလေးများက ကြည်တောက်နေသည့်
မျက်ဝန်းညိုလေးများဖြစ်သည်။ တချို့ မျက်ဝန်းတွေက အကြင်နာကြီးသည့်
မျက်ဝန်းညိုကြီးများဖြစ်သည်။ တချို့မျက်ဆံလေးများက အနက်ဖြစ်သည်။
ထိုမျက်ဆံနက်ကလေးများကို ထောင့်ကပ်ပြီးပြောလိုက်သည်နှင့် ကျွန်တော့်ကို ချောက်ချ နေကြ
သူငယ်ချင်းတစ်ချို့ ချောက်ထဲကျကုန်တော့သည်။ တချို့မျက်ဝန်းတွေက ထူးထူးခြားခြား
မလှသော်လည်း သူမမျက်ဝန်းတစ်ချက်အပင့်တွင် ကော်ရစ်ဒါမှာထိုင်နေသည့် ကျောင်းသားတချို့
တက္ကသိုလ်ကျောင်းသား အဖြစ်မှ ဘဝတက္ကသိုလ်သို့ ပြောင်းတက်ရန် အသင့်ဖြစ်သွားတတ်ကြသည်။
တချို့က သူမတို့၏ မျက်ဝန်းလေးများကို မျက်တောင်ကော့လေးများဖြင့်
တဖြတ်ဖြတ်ခတ်လိုက်သည့်အခါ ကော်ရစ်ဒါမှလာရှိုးနေသည့် ငနဲသားမှာ အသည်းယားသွားသည်။
သို့မဟုတ် အူယားသွားသည်။ အသည်းတို့ အူတို့ယားတတ်သလား ဆိုသည်ကို အတိအကျမသိသော်လည်း
မနေတတ် မထိုင်တတ်ဖြစ် သွားသည်မှာ သေချာသည်။ တချို့တွေ၏ မျက်လုံးက အနည်းငယ်မှေးသည်။
မျက်လုံးမလှသော်လည်း သူတို့အတွက် ဖြေရှင်းနည်းက အသင့်ရှိပြီး ဖြစ်သည်။
ကိုရီးယားမင်းသမီးလေးများလို မျက်နှာထက်တွင် အပြုံးတပ်ဆင်လိုက်သည့်အခါ ပြုံးနေသည့်
မျက်လုံးလေးကြောင့် ချစ်စရာလေးဆိုသောအသံက ကျောင်းသားအတော်များများထံမှ ထွက်လာသည်။
တချို့မျက်လုံးလေးများက ရီဝေဝေနှင့် အလွမ်း မျက်လုံးဟုပင် ဆိုရမည်လားမသိ။
ထိုမျက်လုံးလေးနှင့် ခပ်ဆွေးဆွေးအကြည့်ခံရချိန်တွင် သက်ဆိုင်သူ ငတိမှာ
ရန်ဖြစ်စိတ်ကောက်ထားသည့် စုံတွဲဖြစ်စေကာမူ တင်းထားသည့် ကျားတို့၏မာနသည် ကိုညီထွဋ်၏
အရည်တွေပျော်ကုန်ပြီ ဆိုသော တေးကို ညည်းကာ ပျော်ကျလာတော့သည်။
ကိုယ်တိုင်က အမှားမကျူးလွန်
ထားစေဦး ချစ်သူနှင့် စကားများမိ၊ ချစ်သူအပေါ် သဝန်တိုမိ သည်ကပင်
အပြစ်ကြီးကျူးလွန်ထားသလို ခံစားတတ်ကြသည်။ ကျွန်တော့်သူငယ်ချင်း ကိုစိတ်တိုနှင့်
မဆွေးတို့ စုံတွဲသည် မကြာခဏ စကားများကြသည်။ ရန်ဖြစ်ကြသည်။ ကျွန်တော့်သူငယ်ချင်းစိတ်တိုက
အဆောင်သွား၍ ကောင်မလေး အပြင်သွားသည်နှင့်ကြုံလျှင် စိတ်တိုတော့သည်။ ကောင်မလေးပြန်ရောက်
လာမည့် အချိန်မှန်းကာ နောက်တစ်ခေါက်သွားမည်။ တွေ့လျှင် ထိုင်နေကြ အအေးဆိုင်ခေါ်မည်။
အအေးဆိုင်တွင် ရင်မအေးသည့် အကြောင်းများပြောကာ ပူလောင်ဆူပွက် ဒေါသထွက်မည်။
ထူးဆန်းအံ့သြဖို့ ကောင်းသည်မှာ ထိုအချိန်တွင် ကောင်မလေးဖြေရှင်းသည့်
စကားလုံးများအားလုံးသည် ကျွန်တော့် သူငယ်ချင်း စိတ်ဆိုးဒေါသထွက်မည့်
စကားလုံးများဖြစ်သည်။ နောက်တော့ ကောင်မလေးကို အဆောင်ပြန် ပို့မည်။ သူလည်း
အဆောင်ပြန်ရောက်သည်နှင့် နံရံကို လက်သီးတဒုန်းဒုန်းထိုးမည်။ နှစ်ရက်သုံးရက် ကြာတော့
အဆောင်မရောက်ဖြစ်သော်လည်း စာသင်ခန်းရှေ့ကော်ရစ်ဒါကို ရောက်သွား မည်။
သူ့ကောင်မလေးကို မကြည့်ဘဲ ဟိုငေးဒီငေးလုပ်မည်။ ခေါင်းငုံ့နေသည့်
မမြင်ချင်ယောင်ဆောင် နေသည့် သူ့ကောင်မလေးက ဘေးကအဖော်ပြောမှ ကိုယ့်လူကို
ဖြတ်ခနဲလှမ်းကြည့်မည်။ ဟိုဒီငေးနေသည့် သူငယ်ချင်းက တိုက်ဆိုင်စွာ၊ အမြဲတမ်းလည်း
တိုက်ဆိုင်ပါသည်။ ဖြတ်ခနဲအကြည့်တွင် မျက်လုံးချင်း ဆုံဖြစ်သွားသည်။ ကောင်မလေး
ခေါင်းငုံ့သွားမည်။ နောက်တစ်ကြိမ် အကြည့်တွင် အရည်ပျော်အကြည့်ကို သူငယ်ချင်းထံသို့
ပို့လွှတ်မည်။ ကျွန်တော့်သူငယ်ချင်း အရည်ပျော်သွားမည်။ ပြီးလျှင် အပြစ်ရှိသလို ခံစားရမည်။
ထိုသို့ဖြင့် ခပ်ဆွေးဆွေးမျက်ဝန်းတစ်စုံအတွက် ကျွန်တော့်သူငယ်ချင်း
အလုပ်များခဲ့ဖူးသည်။
သူငယ်ချင်းတွေ ရင်ခုန်ခဲ့ရသည့်၊
ရင်ခုန်ခဲ့ကြသည့် မျက်လုံးလေးများနှင့်အတူ ကျွန်တော် ရင်ခုန်မူးရီဖူးသည့်
မျက်ဝန်းလေးတစ်စုံအကြောင်း ပြောပြချင်ပါသေးသည်။ သမင်မျက်လုံးလေးများကဲ့သို
မျက်ဝန်းကြည်လေးလည်း မဟုတ်သလို ညှို့အားပြင်းသည့် မျက်ဝန်းတစ်စုံ မဟုတ်သည်မှာလည်း
သေချာသည်။ သူမမျက်ဝန်းလေးကို မြင်လိုက်သည့် တခဏ “ ချစ်စရာကောင်းလိုက်တာ” ဟု နှုတ်မှ
ယောင်ယမ်းထွက်သွားစေလောက်သည့် မျက်ဝန်းများဖြစ်သည်။ သူမ၏မျက်ဝန်းက ထိုသို့သော မျက်ဝန်းလေး
ဖြစ်သည်။ ထိုမျက်ဝန်းလေးနှင့် မည်သူ့ကိုမျှ မဖမ်းစားသလို ၄င်း၏လှပမှုကို
ကိုယ်တိုင်သိနေသည့် မျက်ဝန်းမျိုးလေးဖြစ်သည်။ သူမနှင့် ကျွန်တော့်ကြားတွင် ခြားထားသည့်တံတိုင်းမှာ
အတော်လေးကို မြင့်ပါသည်။ မေဂျာတူ တစ်ခန်းတည်း ဆိုသော်လည်း ရင်းနှီးခင်မင်ဖို့အရေးသည်
သူမဘက်မှ ရှိနေကြသည့် တုံးတချို့ လျော့ချဖိုလိုသလို ကျွန်တော့်ဘက်မှလည်း တုံးတချို့
ခုဆင့်ဖို့လိုအပ်ပါသည်။
ကံကောင်းထောက်မစွာ သူငယ်ချင်းများ၏
ဆက်စပ်ပတ်သက်မှုဖြင့် သူမနှင့်ကျွန်တော်ခင်ခွင့် ရခဲ့သည်။ ထို့နောက်မှာတော့
မျက်ဝန်းလေးအတွက်ဆိုလျှင် ဘာမဆိုအသင့်ဖြစ်နေတတ်သည့် ကျွန်တော့်ကြောင့်
ရင်တွင်းခံစားချက်ကို ဖွင့်ဟမတိုင်မိသည့်တိုင် သူငယ်ချင်းတို့ ရိပ်မိကြသည်။
ကျွန်တော်က လူကဲခတ်ညံ့သလို ဟန်ဆောင်ရာတွင် မတော်ကြောင်း သိနေကြသည့်
သူငယ်ချင်းတို့၏ မြှောက်ပေးကြသည့် စကားလုံးတို့သည် ခေါင်းညိတ်ယုံမှအပ မည်သို့မျှ
အစွမ်းမပြနိုင်ကြချေ။ ရင့်ကျက်မှုနှင့် သတ္တိတို့သည် သူမရှေ့တွင်
လွင့်ပါးပျောက်ရှသွားသည်မှာ သူမ၏ မျက်ဝန်းလေးကြောင့် ဖြစ်သည်။ ထိုမျက်ဝန်းလေး
စိတ်ဆိုးဒေါသထွက်မည့် ကိစ္စဆိုလျှင် ဘာတစ်ခုမျှ စိတ်မကူးမိအောင်ပင် မျက်ဝန်းလေးက
ချစ်စရာကောင်းသည်။ မျက်ဝန်းလေးမှ စိတ်မဆိုးဒေါသမထွက်သည့်တိုင် ကျွန်တော့်ဘဝထဲသို့
ဆွဲမခေါ်ရက်သည်မှာ သူမအပေါ်ထားသည့် ချစ်ခြင်းမေတ္တာကြာင့် ဖြစ်သည်။ သူငယ်ချင်းများ
အမြင်တွင်မူ ကျွန်တော်က ကြောင်တောင်တောင်နိုင်သော သတ္တဝါတစ်ကောင် ဖြစ်နေသည်။
သစ်ငုတ်တိုများသည်ပင် နှဲ့လွန်းသည့်အခါ နဲ့လာတတ်သည်ဆိုလျှင် သစ်ငုတ်တိုမဟုတ်သည့်
ကျွန်တော်၏ စောင့်စည်းနိုင်စွမ်းတို့ လျော့ပါးလာသည်ကို ကိုယ်တိုင်ခံစားသိဖြင့်
သိလာသည်။ သူမနှလုံးသားတံခါးကို မခေါက်ဘဲနှင့်တော့ နှလုံးသားဧည့်ခန်းမဆီသို့
ဘယ်တော့မှ မရောက်နိုင်ဆိုသော အတွေးတို့ ဖြစ်ထွန်းလာသည်။ ဘယ်မိန်းကလေးကမှ
စ-မစီးဘူးကွ မြောင်းဘဲသွယ်ပေးနိုင်တာ ဆိုသောစကားအဆီအနှစ်တို့ဖြင့် နှလုံးသားကို
သြဇာကျွေးကြသည့်နောက်ပိုင်း ကျွန်တော် ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။ ထိုနေ့သည်
နေမပူဘဲ လေအေးလေးများ တိုက်နေသောနေ့ဖြစ်သည်။ မိုးကောင်းကင်ထက်မှ တိမ်သားထုတို့
အုံ့အုံ့ဆိုင်းဆိုင်းနှင့် ကမ္ဘာမြေဆီသို့ ချဉ်းကပ်လာနေသောအချိန် လည်းဖြစ်သည်။
စာသင်ခန်းထဲမှာလည်း မှောင်နေပြီ။လက်ချာဆရာမများလည်း အတန်းမဝင်တော့သည့်မှာ သေချာသည်။
မကြာမီ မိုးသည်းသည်းမည်းမည်း ရွာတော့မည်။ မုံရွာတက္ကသိုလ်၏ အဓိပတိလမ်းမ ထက်တွင်
လျောက်သွားနေကြသည့် ကျောင်းသားများထဲတွင် သူမနှင့် ကျွန်တော်လည်း အပါအဝင် ဖြစ်သည်။
“ အေးတယ်နော် … ဒီလိုမှန်းသိ
လက်ရှည်ဝတ်ခဲ့တယ် သိလား”
သူမက လက်ဝါးနှစ်ဖက်ကို အချင်းချင်းပွတ်ကာ
အအေးသက်သာအောင်လုပ်ရင်း ပြောလိုက်စဉ် ခဏ ကျွန်တော်သူမလက်ကလေးကို ဖျစ်ညှစ်ကာ
နွေးထွေးသွားအောင်လုပ်ပေးလိုက်ချင်သည်။ သို့သော် ကျွန်တော့်လက်ထဲမှာ ရှိနေသည်က
သူမစားရန်အတွက် မှောင်မှောင်သည်ဆီမှ ဝယ်ထားသည့် အချဉ်ပေါင်းများထည့်ထားသည့်
ကျွတ်ကျွတ်အိတ်ဖြစ်သည်။ သူငယ်ချင်းနှင့် ချစ်သူကြားမှာရှိသည့် စည်းတို့က
ထင်ရှားသွားသည်။ ဘေးတိုက်မြင်နေရသည့် သူမ မျက်နှာလေးကို သရုပ်ခွဲနေစဉ်
သူမဖြတ်ခနဲလှည့်ကာ..
“ဘာလဲ…”
“ဘာ.. ဘာမှ မဟုတ်ဘူး၊ နင့်ဆံပင်လေးက
တစ်မျိုးပဲ၊ ဟို ခုန်နေသလိုမျိုးလေ”
“ပိုနီတေးချည်ထားလို့ လမ်းလျှောက်ရင်
ခုန်သလိုဖြစ်နေတာပေါ့ဟ…ဘာမှန်းလည်း မသိဘူး”
သူမထံမှ လှပသော မျက်စောင်းတစ်ခု
ဝဲပျံလာသောအခါ လေတအေးအေးတိုက်နေသည့် ဝန်းကျင်တွင် အသည်းတအေးအေးဖြစ်သွားသည်။
ကျွန်တော့်လက်ထဲကိုင်ထားသည့် အချဉ်ပေါင်းများ ထည့်ထားသည့် ကျွတ်ကျွတ်အိတ်က
လေတဖြတ်ဖြတ်အတိုက်တွင် ဖလပ်ဖလပ်မည်ကာ အသံပေးသည်။ သူမက တစ်ချက်ငဲ့ကြည့်လိုက်ရင်း
“လွှင့်ပစ်လိုက်တော့လေ..”
“ရပါတယ်ဟာ…အချဉ်ပေါင်းသည်က
ဒီနေ့သိပ်မတွေ့ဘူးဟ”
“လွှင့်ပစ်လိုက်ဆို….”
သူမ စကားမဆုံးမီပင် လမ်းမဘေးရှိ
အမှိုက်ပုံးထဲသို့လွှင့်ပစ်ပြီးဖြစ်နေသည်။ ဘေးတစောင်း လွယ်ထားပါလျက် ရှေ့ရောက်နေသည့်
ကချင်လွယ်အိတ်လေးကို ဘေးဘက်သို့ပို့လိုက်ရင်း …
“မိုးကျတော့မယ်ဟ ပြန်ကြစို့၊ တော်ကြာ
မိုးစိုနေလိမ့်မယ်”
တကယ်တော့ မိုးရွာလျှင် သူမကို မိုးပေးရန်
ခေါက်ထီးတစ်လက်က သူ့လွယ်အိတ်ထဲမှာ ရှိသည်။ ထိုခေါက်ထီးလေးသည် သူမအတွက် မိုးရွာရွာ၊ နေပူပူ
ဆောင်းပေးရန်အတွက်သူက လွယ်အိတ်ထဲ ထည့်ကာ ဆောင်ထားမိသည့်ထီးဖြစ်သည်။ တကယ်တော့
ထီးဆောင်ထားရသည်ကို မနှစ်သက်သူ ဖြစ်သည်။ ထို့အတူ မိုးရွာမည်ကိုလည်း
ရွံ့မုန်းသူတစ်ဦးသာဖြစ်သည်။ သူမနှင့်လမ်းလျှောက်ရင်း တစ်ခါတစ်ရံ
ညောင်းသည်ဆိုကာ မြက်ခင်းပေါ်တွင် ထိုင်ချင်တတ်သေးသည့် သူမအတွက် ပေပွမှာစိုးစိတ်ဖြင့် ဂျာနယ်အဟောင်းတစ်စောင်ကလည်း
လွယ်အိတ်ထဲမှာ အမြဲအသင့်ရှိသည်။
တကယ်တော့
သူမအတွက်ဆိုလျှင် ကျွန်တော်က ဘာမဆိုအသင့်ပြင်ထားချင်သူဖြစ်သည်။
“စိုစိုဟာ…မိုးရွာရင်
နင်တစ်ယောက်လုံးရှိနေတာပဲ”
တကယ်တမ်း မိုးတို့ သွန်ကျဲချသောအခါ
ဆောင်ထားသည့် ထီးသည်လည်း သူမကို မိုးလုံအောင် မကာပေးနိုင်ပါ။ မိုးနှင့်အတူ
လေပါလာသဖြင့် ထီးကလန်ထွက်သွားသည့်အခါ နှစ်ယောက်စလုံးစိုရွှဲကုန် တော့သည်။
သူမကျောပိုးအိတ်လေးထဲရှိ စာအုပ်တို့က မိုးမစိုနိုင်သော်လည်း လွယ်အိတ်ထဲမှာရှိသည့်
စာအုပ်နှင့် ဂျာနယ်ဟောင်းကလေးတို့ မိုးရေးတို့ဖြင့် ရွှဲရွှဲစိုကုန်သည်။
သူမထံမှ ရယ်မောသံတို့ ပျံ့လွင့်လာသောအခါ
ကျွန်တော့်အတွက် စိုးရိမ်ပူပန်သည့် ခံစားမှုမျိုး ကိုသာ ပေးတတ်ခဲ့သောမိုးကို
ကျေးဇူးတင်စိတ်ဖြင့် ဦးညွှတ်ချင်လာသည်။ မိုးစက်များကြားမှ လွတ်လပ်ပေါ့ပါးစွာ လှနေသည့်
ချစ်သူ့မျက်နှာငေးမောမိစဉ် စီစဉ်မထားသည့်စကားတို့က နှုတ်ဖျားမှ အစီအစဉ်မကျ
ထွက်ကျလာခဲ့သည်။
̏
ငါ …နင့်ကို ….˝
̏
အမေ့ ...˝
ဖြတ်ခနဲ သူမလက်မောင်းကို
လှမ်းထိန်းနိုင်လိုက်၍သာ လဲကျမသွားခြင်းဖြစ်သည်။ သို့သော် သူမ ခြေဖနောင့်ကို
သိုင်းထားသည့် ကြိုးလေးကတော့ ပြုတ်ထွက်သွားသည်။ ရှုံ့မဲ့နေသည့် သူမမျက်နှာလေးကို
ကြည့်ရင်း ကျွန်တော် စိတ်တို့ယောက်ယက်ခတ်သွားသည်။ စီးထားသည့် အောလ်ကတ္တီပါဖိနပ်ကို
ချွတ်လိုက်စဉ် ပေါက်ပြဲနေသည့် အောက်ခံဖိနပ်ကြောင့် အနည်းငယ်ရှက်ရွံ့သည်မှအပ
သူမအတွက် တစ်ခုခုလုပ်ပေးရမည်ဆိုသော အတွေးတို့သာ ကြီးစိုးနေသည်။
လမ်းမနှင့် ခပ်လှမ်းလှမ်း
စိန်ပန်းပင်အောက်ရှိ ထိုင်ခုံဝိုင်းလေးဆီသို့ထွက်လာခဲ့လိုက်သည်။ လန်နေသည့်
ခေါက်ထီးလေးကို သေချာပြုပြင်ပြီးနောက် သူမကိုပေးထားလိုက်သည်။ လွယ်အိတ်နီလေး ထဲရှိ
ရေစိုနေသည့် ဗလာစာအုပ်နှင့် ဂျာနယ်ဟောင်းလေးကိုထုတ်လိုက်သည်။
သူမ၏ဖိနပ်ဟောင်းလေးကို လွယ်အိတ်ထဲထည့်လိုက်စဉ် သူမက အားနာရှက်ရွံ့စွာဖြင့် …
̏ ကတ္တီပါဖိနပ်ပါးပဲ ဝယ်ခဲ့၊
အိမ်အပြန်စီးလို့ရရင် တော်ပြီ…˝
̏ နင့်အတွက် ဖိနပ်တစ်ရံတော့
တတ်နိုင်ပါသေးတယ်ဟ …˝
သူမ ကမ်းပေးနေသည့် ငွေစက္ကူများကို
ငြင်းဆန်ရင်း စက်ဘီးစတဲင်းန်သို့ အပြေးလေးထွက်ခဲ့ လိုက်သည်။ ကောင်းကင်ကိုမော့ကြည့်လိုက်တော့
မိုးစက်မှုန်တို့က ဖွဲရာမှ ပြန်သည်းလာကြသည်။ အဓိပတိလမ်းမထက်မှ
အရှိန်ပြင်းပြင်းနင်းထွက်လိုက်စဉ် စိတ်အစဉ်က ကျောင်းနှင့်အနီးဆုံးရှိနေမည့်
စတိုးဆိုင်သို့ဖြစ်သည်။
မြို့ထဲက ဆိုင်ကြီးတွေမှာရှိနိုင်တယ်
ဆိုသော ကျောင်းနားမှစတိုးဆိုင် အရောင်းစာရေးမလေး စကားကြောင့် သုံးဆိုင်မြောက် ကျွန်တော်ရောက်သွားသည်က
မြို့ထဲရှိအကြီးဆုံးဟုဆိုနိုင်သော ဖိနပ်ဆိုင်ကြီး ဖြစ်သည်။
̏ လောလောဆယ် ပစ္စည်းပြတ်နေတယ်၊ သူ့လောက်
မဟုတ်ပေမယ့် ယိုးဒယားမိတ် ရှိတယ်လေအစ်ကို၊ တော်တော်များများ စီးကြတယ်… ˝
မိုးထဲရေထဲရောက်လာသည့် ကျွန်တော့်ထံမှ
ဒေါက်ဖိနပ်လေးကိုသေချာကြည့်ရင်း အရောင်း ဝန်ထမ်းမလေးက ရှင်းပြသည်။ သူမပြောသည့်
ယိုးဒယားမိတ်လေးက မဆိုးဟုထင်သည်။ ဖိနပ်ဆိုက်လေးကလည်း ယူလာသည့်
ဒေါက်ဖိနပ်ဆိုက်ပဲဖြစ်သည်။ ဖိနပ်လေးစီးရင်း ကျေနပ်သွားမည့် ချစ်သူမျက်ဝန်းလေးကို
မြင်ယောင်ကာ ပြုံးလိုက်မိသည်။ ထိုဖိနပ်လေးပဲ ယူတော့မည်ဟု ဆုံးဖြတ်ကာ
ဈေးမေးလိုက်သည်။
လျှပ်စီးမလက်၊ မိုးမခြိမ်းပါဘဲနှင့်
နားထဲမှာ ထစ်ချုန်းသွားသည်။ အရောင်းဝန်ထမ်းလေးက မိုးသံလေသံနှင့်မို့ မကြားဟုထင်ကာ
ဈေးနှုန်းကို ထပ်ပြောသည်။ လက်ထဲမှာရွေးချယ်ထားသည့် ဖိနပ်လေးကို ကောင်တာပေါ်သို့
အသာပြန်တင်ပြီး လှည့်ထွက်လာခဲ့လိုက်သည်။ ကျွန်တော် သေချာသိပါသည်။ အိတ်ကပ်ထဲမှာ
ရှိနေသည့် ပိုက်ဆံတချို့နှင့် သူမမွေးနေ့တွင် လက်ဆောင် ပေးနိုင်ရန်စုထားသည့်
ပိုက်ဆံပေါင်းလျှင်ပင် မပြည့်ဘူးဆိုတာကို သေချာသိသည်။ ဘာရယ်ကြောင့်မသိ
ရင်ဘတ်ထဲတွင် တင်းကြပ်ဆို့နင့်လာသည်။ ကိုယ်ချစ်သည့် မိန်းကလေးတစ်ယောက်၏ လိုအင်ဆန္ဒ များစွာကို
မဖြည့်ဆည်းပေနိုင်လျှင်တောင် လိုအပ်ချက်တချို့တစ်ဝက်ကို ဖြည့်ဆည်းနိုင်စွမ်း
ရှိသင့်တယ် မဟုတ်လား။ ခေါင်းငိုက်စိုက်ချလျက် ဈေးထဲမှထွက်လာစဉ် စီးထားသည့်
ဖိနပ်ဟောင်း လေးသည် သဲနှင့်ရွှံ့တို့ ပေပွနေသည်ကို သတိထားမိသည်။ ဆုံးဖြတ်ချက်ချကာ
စက်ဘီးကို ဦးတည်လိုက်သည်က မြစ်ကမ်းဘက်ဆီသို့ဖြစ်သည်။ စဲစပြုနေသည့် မိုးသည်
တာရိုးပေါ်သို့ အရှိန်နှင့်နင်းအတက်တွင် ပြန်သည်းလာသည်။ မိုးကြောင့် တာရိုးပေါ်တွင်
လူသွားလူလာတို့ ရှင်းနေသည်။ စက်ဘီးကို ညာဘက်သို့ချိုးလိုက်ပြီးနောက်
ခပ်လှမ်းလှမ်းမြစ်ကမ်းဘေးရှိ ညောင်ပင်ကြီးအောက်သို့ ရပ်လိုက်သည်။ အရှိန်ပြင်းပြင်း
ကျနေသည့် မိုးစက်မှုန်များ၊ အရှိန်ပြင်းပြင်းတိုက်နေသည့် လေများ၊ အရှိန်ပြင်းပြင်း စီးဆင်းနေသည့်
ရေများ အားလုံးသည် အရှိန်ပြင်းပြင်းနှင့် ဖြစ်သည်။ နှလုံးသားသည်
အရှိန်ပြင်းပြင်းနှင့် ခုန်နေသည်။
အမြင့်ကိုတက်ဖို့ လှေကားရှိဖို့လိုအပ်သလို
လှေကားမရှိခဲ့လျှင်တောင် အမြင့်ကို တက်နိုင်သည့် အစွမ်းတို့ရှိသင့်သည် မဟုတ်လား။ လွယ်အိတ်ထဲမှ
ဖိနပ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် တဝေါဝေါစီးနေသည့် မြစ်ကြီးဆီ သို့
အသံကုန်ဟစ်လိုက်သည်။
̏ တံတိုင်းတွေက ဘာ့ကြောင့်……˝
မိုးသံ၊ လေသံ၊ ရေသံများကြားတွင်
ပဲ့တင်သံပင်ပြန်မလာနိုင်အောင် ကျွန်တော့်အသံတို့က တိုးဝင် ပျောက်ကွယ်သွားသည်။ ပြန်အလာကိုစောင့်နေမည့်
သူမ၏ပုံရိပ်လေးကို မြင်ယောင်စဉ်ခဏ ဒူးအစုံက မြေပြင်ပေါ်သို့ ထောက်ကျသွားသည်။
……………………………………………………………..***………………………………………………………..
ရုပ်ရှင်၊ ဗွီဒီယိုတွေထဲမှ
မင်းသားများလို မိုးမိရုံဖြင့် မဖျားသော ကျွန်တော်သည် နောက်ရက်များတွင်
ကျောင်းမတက်ဖြစ်ခဲ့။ သို့သော် သူမက သူမ၏ကားဖြူလေးပေါ် သူငယ်ချင်းများတင်ပြီး
အိမ်သို့ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့သည်။ အိမ်ကိုမြင်လိုက်သည်နှင့်
ကျွန်တော်မိုးရာသီကို အဘယ့်ကြောင့် မုန်းကြောင်း သူမ သိလောက်ပြီဖြစ်သည်။
ထည်ဝါမှုကင်းသည့် ဧည့်ခန်းလေးသည် သူငယ်ချင်းများနှင့် ပြည့်သွားသည်။
ကျောမှီပေါက်ပြဲနေသည့် ဆက်တီတစ်ခုပေါ်သို့ သူမက သက်တောင့်သက်သာ ထိုင်လိုက်စဉ်
ကျွန်တော် စိတ်မသက်မသာ ဖြစ်သွားသည်။ သူငယ်ချင်းများနှင့် လွတ်လပ်ပေါ့ပါးစွာ ပြောနေသည့်
သူမကိုကြည့်ရင်း ရင်အစုံက လေးလံမွမ်းကြပ်သွားသည်။
̏ မနေ့က ကိစ္စအတွက် နင့်ကောင်မလေး
စိတ်မကောင်းဖြစ်နေတယ်၊ အစတုန်းကတော့ ငါတို့အားလုံး နင့်ကိုစိတ်တိုတယ်ဟ၊
မိန်းကလေးတစ်ယောက်ထဲ မိုးရေထဲပစ်ထားခဲ့ပြီး ပြန်လည်းမလာ ဆိုတော့လေ၊
နောက်မှ နင်နဲ့ပတ်သက်တဲ့ အကြောင်းတစ်ချို့ သီဟပြောပြမှ ဖြစ်နိုင်တာကို
တွေးမိပြီး စိတ်ပူလာတာ၊ သူမှာတဲ့အတိုင်းဝယ်လိုက်ရင် ပြီးရော၊ နင်ကလေ ကြောင်ချက်က
ကိုးလောက်ရှိတယ် သိလား ….˝
ကျွန်တော့်အတွက်
စိတ်မကောင်းဖြစ်ရသည်ဆိုသော သူမထက်ပို၍ ဝမ်းနည်းသွားသည်။ သူငယ်ချင်းကောင်မလေးနှင့်
တီးတိုးစကားဆိုနေသည့် ကျွန်တော့်ကို လှမ်းကြည့်နေသော မျက်ဝန်းလေး တစ်စုံ။
ထိုမျက်ဝန်းလေးကို မြင်လိုက်သည့်ခဏ ကျွန်တော့်နှုတ်ဖျားမှ…
̏ မနက်ဖြန် ငါကျောင်းတက်မယ် ….˝
…………………………………………………………..***……………………………………………………..
သူမ မချင့်မရဲဖြစ်လျှင် ပြောနေကျ ̏
ငတုံး ဘာမှန်းလည်း မသိဘူး˝ ဆိုသောစကား သူငယ်ချင်းများနှုတ်ဖျားသို့ ရောက်ချိန်သည်
ဒုတိယနှစ်တွင်ဖြစ်သည်။ ဒုတိယနှစ်အရောက်တွင် သူမဖခင် တာဝန်ကျရာ မြို့လေးဆီသို့
သူမလိုက်ပါသွားသည့်အခါ ကျန်ရစ်ခဲ့သော တက္ကသိုလ်သည် သူမ၏ ပုံရိပ်များဖြင့်
သက်မဲ့ပြတိုက်တစ်ခုဖြစ်သွားသည်။ ထိုသက်မဲ့ပြတိုက်၏ လမ်းမပေါ်တွင် ကျန်ရှိနေ သေးသည့်
ကျောင်းသားဘဝကို တစ်ယောက်တည်း လျှောက်လှမ်းခဲ့သည်။
မိုးရွာထဲတွင် ထုတ်မဆောင်းဖြစ်သည့်
ထီးတစ်လက် ကျောင်းလွယ်အိတ်ထဲတွင် ရှိနေသည်။ ဂျာနယ်ဟောင်းတစ်စောင်ရှိနေသည်။ သူမ၏
ပထမနှစ်ကျောင်းသားကဒ်လေးရှိသည်။ သူမနှင့်ပတ်သက် သည့် သတိရစိတ်တို့ရှိသည်။
တမ်းတစိတ်တို့ရှိသည်။ အလွမ်းတို့က အပြည့်ဖြစ်သည်။ သူမနှင့် ပတ်သက်သမျှအားလုံး
ထိုလွယ်အိတ်ထဲမှာရှိသည်။ သို့မဟုတ် ထိတွေ့စမ်းသပ်မရသည့် အရာအားလုံး
ကျွန်တော့်ရင်ဘတ်ထဲမှာ ရှိသည်။ သူမပြောနေကျ စကားသံတချို့ကြားယောင်မိရင်း မကြာခဏ
လန့်နိုးတတ်သည်။ ဒိုင်ယာရီစာအုပ် ဆယ့်ခြောက်အုပ်ရှိသည့်တိုင် ပုံရိပ်တို့က
မနေ့တစ်နေ့ကဆွဲထားသည့် ပန်းချီကားတစ်ချပ်လိုပင် ဆေးသားသစ်လွင်နေဆဲဖြစ်သည်။ ညစဉ်တွေးမိသောအတွေးတို့သည်
သူမလည်း အိမ်ထောင်ကျနေလောက်ပြီဆိုသော အတွေးဖြင့် အဆုံးသတ်သည်။
ချို့တဲ့သိမ်ငယ်သောဘဝတွင် ချစ်ခဲ့ဖူးသော
နှလုံးသားတစ်စုံရှိသည်။ ယခုအချိန်တွင် အချိန်ပိုင်းများနှင့် ဖွင့်လှစ်ထားသည့်
အောင်မြင်သည့် ကွန်ပျူတာသင်တန်းရှိသည်။ ကွန်ပျူတာ ဆားဗစ်ပေးသည့် စင်တာတစ်ခုရှိသည်။
ဒီမြို့တွင် အကြီးဆုံးသော ကွန်ပျူတာအရောင်းစင်တာတစ်ခု ကိုလည်း ပိုင်ဆိုင်ထားသည်။ ကျွန်တော်ပျောက်ဆုံးသွားသည်မှာ
ချစ်ခဲ့ဖူးသော နှလုံးသားတစ်စုံဖြစ်သည်။ သင်တန်းများစွာတက်ရင်း
ခေတ်နဲ့အညီဖြတ်သန်းနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို (Update) လုပ်သည်။ (Update)
မဖြစ်ခဲ့သည်က ကျွန်တော့်နှလုံးသားဖြစ်သည်။
ဝန်ထမ်းများစွာကို အုပ်ချုပ်နေသည့်
လုပ်ငန်းရှင်ပီပီ စီမံခန့်ခွဲမှု မွမ်းမံသင်တန်းတစ်ခုကိုလည်း
တက်ဖြစ်ခဲ့သည်။
ဖွင့်ပွဲနေ့တွင် ကျောင်းတုန်းက မေဂျာတူသူငယ်ချင်းတစ်ယောက်နှင့် စကားပြောနေစဉ်
ကျွန်တော်၏မျက်ဝန်းလေးကို မြင်လိုက်မိသည်။ စကားဖြတ်လျှက် အပြေးအလွှား ထိုအနီးတဝိုက်
လိုက်ရှာမိသည်။ မတွေ့။ ပိုနီတေးဟု သူမပြောခဲ့ဖူးသော ပုံစံချည်နှောင်ထားသည့်
ဆယ်ကျော်သက်မလေး သာ တွေ့သည်။ ယခုအချိန်တွင် ဆယ်ကျော်သက်မလေး မဟုတ်တော့သည့် သူမသည် ဆံပင်ကို
ထိုကဲသို့မပြင်ဆင်တော့ ဆိုသည်မှာ သေချာသည်။ ရှက်ရယ် ရယ်ရင်း ထိုနေရာမှ
ထွက်ခွာလာခဲ့သည်။ နှလုံးသားသည် ဘာကိုမှန်းမသိ လွမ်းဆွတ်သွားလေသည်။
̏ နင်သိရဲ့လား၊ ခုချိန်မှာ
ငါ..အတောင့်တဆုံး စကားတစ်ခွန်းကလေ ……˝
……………………………………………………***………………………………………………………………
ချိန်းထားသည့် အလုပ်ကိစ္စတစ်ခုကြောင့်
သင်တန်းပြီးသည်နှင့် သင်တန်းဆရာ ခန်းမထဲမှ မထွက်သေးခင်ပင် ကားပါကင်ရှိရာသို့
ခပ်သုတ်သုတ် ထွက်ခဲ့လိုက်သည်။
̏ အရေးကြီးလိုက်တာ၊ ပျာယာကို ခပ်နေတာပဲ
..˝
နောက်နားဆီမှ အသံကြောင့်
ဖြတ်ခနဲလှည့်ကြည့်မိစဉ် ကမ္ဘာကြီးရပ်တန့်သွားသည်။ သို့မဟုတ် ဝင်သက်ထွက်သက်တို့
ရပ်တန့်သွားမသွားသည့်တိုင် သိစိတ်တို့လွင့်စင်သွားသည်။ အာမေဋိတ်သံပင်
မပြုနိုင်လောက်အောင် အံ့သြမင်သက်မိနေစဉ် သူမက ဖြေးဆေးညင်သာစွာ လျှောက်လာသည်။ သူမ၏မျက်ဝန်းတို့က
အချိန်ကာလ၏ တိုက်စားမှုအောက်တွင် ရင့်ရော်မသွားသည့်တိုင် ရင့်ကျက်သွားကြပြီ
ဖြစ်သည်။ သူမခန္ဓာကိုယ်က သက်တူရွယ်တူ သူငယ်ချင်းများလို ပုံပျက်ပန်းပျက် ဝ-မနေခဲ့။
ဟိုးတုန်းက သွယ်လျလျ ခန္ဓာကိုယ်သည် ခပ်ပြည့်ပြည့်နှင့် ကြည့်ကောင်းရုံမှအပ
သိပ်မပြောင်းလဲခဲ့ချေ။ သူမထံမှ အပြုံးလဲ့လဲ့နှင့်အတူ…
̏ နင့်အကြောင်းတွေ ကြားပါတယ်နော….˝
သူမ ဘာကိုကြားတာလဲ။
ဝါသနာပါရာစာတွေရေးရင်း မဂ္ဂဇင်းစာမျက်နှာထက်မှာ နာမည်ရစ ပြုနေသည့် အကြောင်းလား။ လုပ်ငန်းကိုင်ငန်း အကြောင်းလား။ ဒါမှမဟုတ် အိမ်ထောင် မပြုသေးတဲ့
အကြောင်းများလား။ လိုရာဆွဲ၍ တွေးသည့်အတွေးနှင့်အတူ…
̏ နင်ရော အိမ်ထောင်ကျပြီလား …˝
ကယောင်ကတမ်းနှင့်
နှုတ်ဖျားမှထွက်ကျလာသည့် မေးခွန်းကို သူမက ဟိုစဉ်တုန်းကအတိုင်း
နှာခေါင်းလေးရှုံ့လျက်…
̏ ငတုံး၊ ဘာမှန်းလဲ မသိဘူး …˝
ကားရှိရာသို့ ထွက်ခွာသွားသည့် သူမကို
ကြည့်ရင်း ဒိုင်ယာရီပေါင်းများစွာ ပျောက်ဆုံးသွား သည်။ ရပ်နေသောမြေကြီးသသည်
တက္ကသိုလ်မြေဖြစ်သွားသည်။ ရင်ခုန်သံသည် ဟိုးတုန်းကအတိုင်း စည်းချက် မမှန်တော့။
̏ငတုံး˝ဆိုသော စကားလုံးသည် အသက်သုံးဆယ်ခြောက်နှစ်အရွယ် ယောက်ျား တစ်ယောက်၏ရင်ကို
ပရမ်းပတာခုန်စေခဲ့သည်။ ကြားချင်နေသော စကားလုံး သို့မဟုတ် ကြားခွင့်မရ တော့ဟု
ထင်မှတ်ထားသော စကားလုံးဖြစ်သည်။ ကမ္ဘာပေါ်မှာ ̏ငတုံး˝ ခေါ်ခံရလို့ ပျော်သွာတဲ့
လူတစ်ယောက်ရှိနေမယ်လို့
ထင်မထားဘူးမို့လား ချစ်သူ။ ဆွတ်ဆွတ်ဖြူနေသည့် ကားတစ်စီးနားအရောက် တွင်
နွဲ့နွဲ့လေးရပ်ကာ လှည့်ကြည့်လာသည့် သူမထံမှ…
̏ မလိုက်ဘူးလား …˝
အိုး သူမ မျက်ဝန်းလေးတွေက…။ အရာရာဟာ အရင်အတိုင်းဟု
ထင်မှတ်လောက်စရာဖြစ်သည်။ ဆွတ်ဆွတ်ဖြူသည့် ကားကို သူမနှစ်သက်ဆဲ ဖြစ်သည်။ သူမ
မျက်ဝန်းလေးတွေ၏ ချစ်စရာကောင်းမှုက ယခုချိန်ထိတိုင် ကျွန်တော့်နှလုံးသားကို
ညွတ်နူးနေဆဲဖြစ်သည်။ သူမပေးသည့် အမိန့်လေးတွေက လိုက်နာချင်စရာကောင်းလောက်အောင်
ချိုအီပြင်းရှဆဲဖြစ်သည်။ အတိအကျဆိုရလျှင် နှလုံးသား အိမ်မြှောင်သည်
သူမ၏မျက်ဝန်းများရှိရာအရပ်ကိုသာလျှင် ပြသနေဆဲ၊ ဦးခိုက်နေဆဲဖြစ်သည်။
တစ်ချိန်က ဦးနှောက်၏အမိန့်ဖြင့် သူမအနားမှ
ထွက်ပြေးခဲ့ဖူးသော ခြေအစုံသည် မည်သည့် ညွှန်ကြားချက်မျှရောက်မလာမီပင်
နှလုံးသား၏စေစားမှုဖြင့် သူမဆီသို့ လျှင်မြန်စွာ၊ ဖြတ်လတ်စွာ၊ သွက်လက်စွာ…။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://web.facebook.com/htooaungwintt/
……………………………………………………………..*****…………………………………………………………
(၂၈.၆.၂ဝ၁၅
နံနက် ၉းဝ၅ မိနစ်ပြီး)
Comments
Post a Comment