Pocket လေးရေ

Pocket လေးရေ
ကလောင်အမည်=မြူပါးရ်

            ကျောင်းပြဋ္ဌာန်းစာအုပ်ပဲ အလွတ်ရပြီး အတော်ဆုံးကျောင်းသားဖြစ်နေတဲ့ပညာရေးစနစ်မှာ ဒါသင်၊ ဒါကျက်၊ ဒါဖြေ နဲ့ ငါ့ကလေးလေး စာမတော်စေချင်ဘူး။ ဟိုနေ့က မေမေ့ရှေ့တင် ရှစ်တန်းကျောင်းသားလေးက မကိန်းတို့၏ ၂ ထပ်ကိန်းများပေါင်းလဒ်သည် မကိန်းဖြစ်သည်လို့ သင်္ချာကို ကျက်တယ်။ မေမေက မနေနိုင်တော့ ၀င်ရှင်းပြမိရော။
မကိန်း နှစ်ထပ်ပေါင်းလဒ်က စုံကိန်းဖြစ်ကြောင်းပေါ့။ ဥပမာ၊ ၃ နှစ်ထပ်က ၉၊ ၅ နှစ်ထပ်က ၂၅၊ ၉ နဲ့ ၂၅ ပေါင်းရင် ၃၄ ဆိုတာစုံကိန်းဖြစ်ကြောင်းပေါ့။   ကျောင်သားလေးက ဆရာမက ဒီလိုပဲ သင်လိုက်တာပါလို့ မေမေ့ကို ပြန်ပြောတယ်။ သူ့မေမေက ဘွဲ့ရတစ်ယောက်မို့ ၀င်ရှင်းပြတော့လည်း တော်တော်နဲ့ လက်မခံဘူး။
တစ်ခါတုန်းကကျတော့ ဆယ်တန်းမှာ Top 10 ၀င်တဲ့ ကျောင်းသားလေးရဲ့ မေမေက သူ့သားဟာ မြန်မာစကားနားမလည်ဘူး လို့ ညည်းတယ်။ ဖိန်းနွှဲခါ ဆိုတဲ့စကားမျိုးဆို ဘယ်လို ရှင်းပြပြ မမှတ်မိဘူးလို့ ဆိုတယ်။
ပြီးတော့ ဦးပုည ကို ဦးပုန်ည လို့ အသံမထွက်ဘဲ ဦးပုညလို့ပဲ ကျက်တဲ့၊ ၀ါကျ ကို ၀က်ကျ လို့ အသံထွက်ရကောင်းမှန်း မသိတဲ့၊ ၀ိုင်အမ်ဘီအေအဖွဲ့က လန်ဒန်သွားကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဘဘေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ကို ဘေပုရှိန်လို့ မှတ်တဲ့အခါ ဦးဘဖေ လို့ အသံထွက်ဖို့၊ သူတို့ခေတ်က ဖိနပ်ကို ဘိနပ် လို့ ရေးကြောင်း၊ အသံထွက်ကို ဖိနပ်လို့ပဲ ထွက်ရကြောင်း ဘုရားကို ဗရားလို့ အသံမထွက်ဘဲ ဖရား လို့ ထွက်ရသလို ဖြစ်တဲ့အကြောင်း တရှည်တလျားရှင်းပြတာတောင်မှ ကလေးက ဖေပုရှိန် လို့ အသံထွက်ဖို့ လက်မခံဘဲ စာမေးပွဲမှာ စာလုံးပေါင်း မမှားအောင် ဘေပုရှိန် လို့ပဲ မှတ်မယ်လို့ ပြောတာမျိုး မေမေ ကြုံဖူးတယ်ကွယ်။

မေမေ ကိုးတန်းက မြကန်သာကဗျာကို သင်ရတော့ တာဝတိံသာ နန္ဒာပေလော၊ တူစွဟုတ္တာ ဆိုတာလေးပါတဲ့အတွက် တာဝတိံသာကို ဆရာမက နတ်ပြည်ခြောက်ထပ်ရဲ့ အမြင့်ဆုံးဘုံ လို့ ပြောသွားတယ်။ ဒီတော့ အပြင်စာအုပ်တွေ ဖတ်ထားတဲ့ မေမေက တာဝတိံသာဆိုတာ နတ်ပြည်ခြောက်ထပ်က ဒုတိယမြောက်ဘုံပါလို့ ပြောတော့ ဆရာမက စိတ်ဆိုးသွားပြီး နင် ဒီလောက်သိနေရင်လည်း နတ်ပြည်ခြောက်ထပ်ကို အစဉ်လိုက်ပြောစမ်းပါလို့ ပြောတယ်။ မေမေက အမှားအယွင်းမရှိရွတ်ပြနိုင်ခဲ့ပေမဲ့ ဆရာမက ကျေလည်ပုံမရဘူး။ (တကယ်တော့ မေမေ မပါးနပ်ခဲ့တာပါ။ တခြားကျောင်းသားတွေ ရှေ့မှာ ဆရာမ သိက္ခာကျအောင် အဲဒီလို ထမပြောသင့်ခဲ့ဘူး၊ pocket လေးကျရင်တော့ ဒီလို မမှားရအောင် မေမေ့ထက် EQ ပိုကောင်းစေချင်တယ်)
Pocket ရဲ့ဖေဖေက ပြောတယ်။
ခြေလေးချောင်းသတ္တ၀ါ သုံးမျိုးကို ဖြေပါဆိုတဲ့မေးခွန်းမှာ ကျောင်းက ဆရာမ သင်တဲ့အတိုင်း ဆင်၊ မြင်း၊ နွား လို့ မဖြေမိဘဲ သမင်၊ ၀က်၊ သိုး လို့ ဖြေလို့ အမှတ်မရဘူးဆိုရင်လည်း ငါတို့ကလေးလေးကို ငါတို့က ဂုဏ်ယူချီးကျူးနေမှာပါတဲ့။
မေမေ့ pocket လေးရေ....
အာဏာရှင်ဆန်တဲ့ အရောင်းအ၀ယ်ပညာရေးနဲ့တော့ မေမေ့ကလေး လူလားမမြောက်စေချင်ဘူးကွယ့်။
ပညာဆိုတာ အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြားဆုံးဖြတ် ဝေဖန်တတ်တာကို ခေါ်သတဲ့။ ကိုယ် သင်နေရတဲ့ပညာရေးစနစ်ရဲ့ အားနည်းချက်ကို ကျောင်းသားနေရာက ယဉ်ကျေးသိမ်မွေ့ရဲရင့်စွာ မေးခွန်းထုတ်နိုင်စွမ်းရှိတဲ့ အနေအထားမျိုးကို မေမေတို့ တိတ်တခိုးမျှော်လင့်မိတယ်။

Credit:မြူပါးရ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း