အတ္တဓါးသွားကို ဆေးသားပြန်တင်တော့

အတ္တဓါးသွားကို ဆေးသားပြန်တင်တော့

                ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်မိတယ်။ ကုန်လွန်ခဲ့တဲ့ အချိန်တွေတစ်လျှောက်လုံး ကိုယ်ဘာတွေလုပ်ခဲ့လဲ။ ဘာတွေလုပ်ပြီးသွားပြီလဲ။ ဘာတွေကို လုပ်နေတုန်းလဲ။ ဘယ်သူ့အတွက်လဲ။ ဖြတ်သန်းခဲ့တဲ့ မိုင်တိုင်တွေမှာ ကိုယ့်အတွက် ရောက်ခဲ့ရတဲ့ မိုင်တိုင်တွေက နည်းနည်းရယ်။ သူများအတွက် လျှောက်ခဲ့ရတဲ့ မိုင်တိုင်တွေက ပိုများတယ်။ တစ်ခါ တစ်ခါ သူများအတွက်...။ တစ်ခါတစ်ခါ ကိုယ့်အတွက်ဆိုပြီး လျှောက်ခဲ့ပေမယ့် သူများအတွက်ဖြစ်သွားတဲ့ ခရီးရှည်တွေလည်း မနည်းပါဘူး။ ကိုယ့်ပုံဆောင်ခဲကိုက အားနာမှုနဲ့ ထုဆစ်ထားတာ မဟုတ်လား။
ဘ၀လမ်းဆိုတာ ဖြောင့်ဖြောင့်ကြီးမဟုတ်တော့ စီးဆင်းတဲ့မြစ်တွေကလည်း ကွေ့ကွေ့ကောက်ကောက်နဲ့မို့ လှိုင်းမမူးရင်တောင် လှေမူးခဲ့ရပေါ့။ ဘ၀လမ်းကောက်ကောက် ဖြောင့်ဖြောင့်ကြီး မစီးနိုင်တဲ့မြစ်တွေကြား ကိုယ့်အတွက်ရည်ရွယ်ပြီး အဖြောင့်တန်းဆုံး စီးဆင်းခဲ့တဲ့ စီးဆင်းနေဆဲမြစ်တစ်စင်းနာမည်ကိုတော့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံနဲ့ ဘုရားဟောဂါထာတစ်ပုဒ်လို ရွတ်ဆိုမိနေဆဲပါ။ အို မေမေ....။ ဒီကဗျာကို သက်ရှိထင်ရှားရွတ်ဆိုခွင့်ရှိနေခြင်းကတော့ ကံကောင်းခြင်း တစ်ရပ် ဆိုတာလည်း သိထားမိပါရဲ့။ မေမေ ခွင့်ပြုပါ...ခွင့်လွှတ်ပါ။ နှစ်ဦးအဓိဌာန်တွေနဲ့ သူများအတွက် လျှောက်ခဲ့ရတဲ့ မိုင်တိုင်တွေများနေပြီမို့ ဒီနှစ်တော့ သားအတွက်ပဲ သားလျှောက် တော့မယ် မေမေ။ အတ္တကြီးတဲ့သားဆိုပြီး မေမေ့ဆီက ရှက်ပြုံးတစ်ခုနဲ့ နားလည်မှုလေးကိုလည်း ပိုင်ဆိုင်ခွင့်ပြုပါ။
အတ္တတွေက ပါးလျလာတော့ လူဟာ လူနဲ့ မတူတော့သလိုပဲ။ လူပီသဖို့အတွက် အတ္တလေး မာနလေးတော့ ရှိမှဖြစ်မယ်။ ဒါ့ကြောင့် သားရဲ့အတ္တပါးပါးကို၊ အတ္တဓါးသွားကို ဆေးသားပြန်တင်တော့မယ် မေမေ။ အတ္တပါးခဲ့ဖူးတယ်ဆိုလို့ သိပ်ကောင်းခဲ့သူတစ်ယောက်လို့တော့ မဆိုလိုပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတိုင်းအပေါ် ကျေနပ်ခဲ့တယ်။ မှားယွင်းတယ်လို့ အများကသတ်မှတ်ထားရင်တောင် အဲဒီအကျိုးဆက် အတွက် ကျေကျေနပ်နပ်ကြီး ခံယူတတ်သူ မဟုတ်လား။ တစ်ချို့က လက်ခုပ်သြဘာသံကြားမှ မှန်ကန်တယ် အောင်မြင်တယ် သတ်မှတ်ချင်တာမို့ လက်ခုပ်သံမကြားပေမယ့် ယုံကြည်ရာကို လုပ်ကိုင်ဝံ့တဲ့... အကျိုးဆက်ကို လက်ခံရဲတဲ့ သတ္တိထည့်ပေးထားတဲ့ မေမေ့ကျေးဇူးကို သားမမေ့ပါဘူး။ မင်းရောက်နေတာ တွင်းနက်ထဲမှာလို့ သိထားရင် တူးနေတာကို ရပ်လိုက်တော့တဲ့...ပတ်ဝန်းကျင်က ပြောတယ်။ သားဆက်တူးခဲ့ဖူးတယ် မေမေ။ မကျေမနပ်နဲ့ လုပ်နေရတာနဲ့စာရင် ကျေကျေနပ်နပ်ကြီး လုပ်သွားရတာ မကောင်းဘူးလား။ သား စင်ပေါ်မှာလည်း လျှောက်ဖူးပြီ။ လမ်းဘေးကိုလည်း ရောက်ဖူးပြီ။ ကွာခြားချက်က စင်ပေါ်မှာ လက်ခုပ်သံတွေ သိပ်မကြားရပေမယ့် လမ်းဘေးမှာတော့ ခွေးတွေက သိပ်ဟောင်တာပဲ မေမေ။ သောက်နေတဲ့ ကော်ဖီကျဲကျဲက ခါးခါးနေတာ ဒါ့ကြောင့်များလား။ ရှေ့ကိုလျှောက်နေပေမယ့် အတိတ်ဆိုတဲ့ အရာက နောက်ကျောမှာ ကပ်လျက်ပဲလေ။ တစ်ချို့အတိတ်တွေက ခါးတယ်။ တစ်ချို့အတိတ်တွေက စားတယ်။ အိမ်စာမပြီးတဲ့ စာမျက်နှာတွေရှိသလို နေမ၀င်ခင် လထွက်လာ တဲ့ နေစွဲတွေလည်း မှတ်ခဲ့ဖူးတယ်။ ပြန်မလှန်သင့်တဲ့ စာမျက်နှာတွေရှိခဲ့ပေမယ့် ပြန်မလှန်ချင်တဲ့စာမျက်နှာဆိုတာတော့ မရှိခဲ့သေးဘူး။
ခက်တယ်...လူတွေကခက်တယ် မေမေ။ သားပြန်မဖတ်သင့်လို့ ပိတ်ထားတဲ့ အတိတ်စာမျက်နှာတွေကို မျောက်လက်ပိုင်ရှင်လူဆိုးတွေက လက်သည်းရှည်ကြီးတွေနဲ့ မကြာခဏ ဆွဲလှန်တတ်ကြတယ်။ ဒဏ်ရာတွေ မကျက်နိုင်တော့တာ အဲဒါကြောင့်ပေါ့ မေမေ။ ပစ်ချထားတဲ့ မာနတွေကို ဖုန်ခါပြီး အရောင်ပြန်တင်တော့မယ်။ နောက်ပြီး သားရဲ့အတ္တဓါးသွားကို ဆေးသားတင်ပြီး ထက်မြိနေစေရမယ်လေ။ ငြိမ်နေတော့ သစ်ငုတ်တိုထင်ပြီး ခဏခဏ ခလုတ်တိုက်တယ်။ ဒီတစ်ခါတော့ သူတို့တစ်တွေ ခလုတ်မတိုက်ဝံ့လောက်တော့ဘူးဆိုတာလဲ အတတ်ပြောရဲပါရဲ့။ လူဆိုတာ လူနဲ့တူဖို့လိုတယ်လေ။ လူမှာ အတ္တရှိတယ်၊ မာနရှိတယ်။ ဘယ်အရာမှ မလွန်ကဲဖို့ပဲလိုတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့ အတ္တဓါးသွားကို ဆေးသားပြန်တင်ထားတယ်။ ။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.blogspot.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း