ကျွန်တော် သရဲ မကြောက်ဖူး
ကျွန်တော် သရဲ မကြောက်ဖူး
ကျွန်တော် သရဲကို လုံးဝ မကြောက်ပါ။ သူများတွေက သရဲဆိုတာနှင့် ကျောချမ်းသည်။ ကြက်သီးထကြသည် မဟုတ်လား။ နေ့ခင်းဘက် လူအများနှင့်ဆိုလျှင် ကျွန်တော်လုံးဝမကြောက်တာ သေချာ သည်။ သို့သော် ယခုတလော ညပိုင်းဆိုလျှင် ထိတ်လန့်စရာတချို့တွေ့နေရသည်။ တနေ့ကဆိုလျှင် ညဂျူတီအသွား
လူပြတ်သည့်လမ်းအရောက် လေမတိုက်ဘဲနှင့် သစ်ပင်တွေ ငြိမ်နေသဖြင့် ကြောက်အားလန့်အားနှင့် ဆိုင်ကယ်ကို ဒုန်းမောင်းခဲ့ရသည်။ တမြန်နေ့ မနက်(၃)နာရီခန့်က ပို၍ ကြောက်စရာ ကောင်းသည်။ (ရိုင်းစိုင်းသွားလျှင် ခွင့်လွှတ်ပါ) အပေါ့သွားချင်သဖြင့် (Lobby) မှန်တံခါးကို တွန်းအထွက် ကျွန်တော့်တစ်ကိုယ်လုံး တစ်စုံတစ်ခုက တိုးတိုက်သွားသလို ခံစားလိုက်မိသည်။ ချက်ခြင်းပင် တစ်ကိုယ်လုံး နွေးထွေးသွားသည် မဟုတ်လား။ နောက်မှ သတိထားမိလိုက်သည်မှာ စက်ခန်းထဲရှိ (Air- con) ကြောင့် အေးနေသည့် (Lobby) ထဲမှ အထွက် ပြင်ပမှ လေပူများနှင့် တိုးမိခြင်းဖြစ်သည်။ ကျွန်တော်လည်း ကိုယ့်အဖြစ်ကိုယ် ပြုံးမိရင်း (Rest Room) ထဲသို့ ၀င်ခဲ့လိုက်သည်။ ကိုယ့်ကိစ္စကိုယ် မရှင်းသေးမီ နံရံထက်ရှိ ကိုယ်တစ်ပိုင်းခန့်ပေါ်သည့် မှန်ပြင်ကြီးထက်သို့ ကြည့်မိလိုက်သည့် ခဏ...။ရုတ်တရက် လန့်မအော်မိရန် သတိကပ်လိုက်ရသည်။ မှန်ထဲတွင် ဆံပင်ထိုးထိုးထောင်ထောင်နှင့် နီရဲကြောင်စီသည့် မျက်လုံးကြီးဖြင့် ကြည့်နေသည့် ပုံရိပ်တစ်ခု။ ကြောက်ကြောက်လန့်လန့်နှင့် မျက်လုံးစုံမှိတ်လိုက်သည်။ ထိုအခါ မမြင်ရတော့။ နောက်တစ်ခါ ပြန်ဖွင့်ကြည့်သည်။ ပြန်ပေါ်လာပြန်သည်။ မျက်လုံးကို လက်နှင့်ပွတ်ပြီးနောက် မှန်ထဲမှ ကြောင်စီစီ မျက်လုံးပိုင်ရှင်ကို မျက်တောင်နှစ်ချက်မျှ ခတ်ကြည့်သည်။ သူကလည်း လိုက်လုပ်ပြသည်။ ယောင်ယောင်မှားမှားနှင့် လက်ထောင်ပြလိုက်မိသည်။ ပါးစပ်မှလည်း ဟိုင်းဟု ထွက်သွားသည်။ သူကလည်း လိုက်လုပ်ပြသည်။ သို့သော် အသံတော့ မထွက်။ ကျွန်တော်လက်ထောင်ပြသည်မှ ညာဘက်ဖြစ်သော်လည်း သူလက်ပြန်ပြသည်မှာ ဘယ်ဘက်ဖြစ်သည်။ သို့နှင့် လာရင်းကိစ္စကို မဖြေရှင်းတော့ဘဲ ပြန်ထွက်ခဲ့ရသည်။
မနေ့မနက် (၃း၃၀)(၄း၀၀)နာရီခန့်က အဖြစ်ကတော့ ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ကျွန်တော် (Reception Counter) ထဲတွင် ထိုင်ရင်း အတွေးလွန်နေသည်။ သေချာပြန်စဉ်းစားကြည့်တော့ ကျွန်တော် အိပ်ငိုက်မိသည် ထင်သည်။ ကျွီ ဆိုသော အသံကြားမိလိုက်သည်ထင်တာနှင့် မျက်လုံးကို အတင်းဖြဲ၍ ဖွင့်ကြည့်သည်။ ကောင်တာရှေ့တွင် ကိုယ်တစ်ပိုင်းပြတ် အမျိုးသမီးကြီးတစ်ဦး။ ရုတ်တရက် လန့်ဖြတ်နေသော်လည်း အသားသေနေသည့် နှုတ်မှ
" မင်္ဂလာပါ၊ ကျွန်တော် ဘာများ ကူညီပေးရမလဲခင်ဗျာ... "
တသက်နှင့်တစ်ကိုယ် မကြားဖူးသော အသံသြကြီးကို ကြားလိုက်ရသည်။
" အခန်းအပ်တော့ မလို့..."
ကျွန်တော်လည်း (House Keeping) မှ ညီငယ်များကို အခန်းစစ်ခိုင်းပြီးနောက် အမျိုးသမီးကြီးအပ်ထားသည့် မှတ်ပုံတင်တို့ကို ပြန်ပေးလိုက်သည်။ သူမပြန်ထွက်သွား၍ ကြည့်လိုက်တော့ တစ်ကိုယ်လုံးအပြည့်မြင်ရသည်။ စောနက မမြင်မိသည်မှာ ကောင်တာနှင့် ကွယ်နေ၍ ဖြစ်ကြောင်း သိလိုက်ရသည်။
ချစ်ခြင်းများဖြင့်
သင့်ရဲက
ရှဥ့်ညိုလေး
https://shintnyolay.blogspot.com
(PS: ဤစာသည် အိပ်ချင်နေ၍ ပေါက်တတ်ကရ ရေးမိသော စာဖြစ်ပါသည်။ ထို့ကြောင့် သူငယ်ချင်းတို့အား သတိပေးလိုပါသည်။ သတိ ဤစာကို မဖတ်ပါနှင့်...)

Comments
Post a Comment