ဘဝသင်ခန်းစာ(၆၅)





ဘဝသင်ခန်းစာ(၆၅)

တစ်နေ့တွင် အတွေးအခေါ်ပညာရှင်ကြီးတစ်ဦးထံသို့လူငယ်နှစ်ယောက် ရောက်လာ သည်။ မေးခွန်း(၂)ခု  ကို သိလို၍ လာခဲ့ကြခြင်းဖြစ်သည်။ ပညာရှင်ကြီးက မေးရန်ခွင့်ပြုလိုက်သည့်အခါ ပထမတစ်ယောက်က သူသိလိုသည့်အကြောင်းအရာကို ချက်ခြင်းပင် မေးလိုက်သည်။

" အချစ်အကြောင်း သိလိုပါတယ်၊ အချစ်ဆိုတာ ဘာလဲခင်ဗျ…"
" ဒီအဖြေကို သိချင်ရင် ငါ့အိမ်ရှေ့က ပန်းဥယျာဉ်ထဲကို သွားပါ။ တံခါးကနေ အဆုံးထိ ဖြတ်သွားဖြစ်အောင် သွားပါ။ မြန်မြန်လျှောက်လည်း ရတယ်။ ဖြေးဖြေးလျှောက်လည်း ရတယ်။ ပြန်လှည့်ခွင့် မရှိဘူး။ ဒါပေမယ့် အလှဆုံးပန်းတစ်ပွင့်ကိုတော့ ငါ့ဆီကို မင်းခူးလာခဲ့ရမယ် …"

လူငယ်လည်း ပညာရှင်ကြီးပြောသည့်အတိုင်းပင် တံခါးဝမှဖြတ်ကာပန်းဥယျာဉ်ကြီးထဲသို့ ဝင်သည်။ ဖြေးလေးစွာဖြတ်လျှောက်ရင်း အလှဆုံးပန်းကိုရှာသည်။ သူတွေ့လိုက်သည်က ပန်းများအားလုံးသည် တစ်မျိုးစီလှနေခြင်း ဖြစ်သည်။ သို့သော် သူ့စိတ်ထဲ စွဲဝင်သွားသည့် ပန်းတစ်ပွင့်သည် ဥယျာဉ်ထဲဝင်ပြီးနောက် ပထမဆုံးတွေ့သည့် ပန်းကလေးဖြစ်သည်။ ထိုပန်းကလေးကို ကျော်၍ကြည့်လိုက်သောအခါ နောက်နားရှိပန်းကလေးက ပိုလှသည် ထင်မိသည်။ ပညာရှင်ကြီးကလည်း အလှဆုံးပန်းတစ်ပွင့်သာ ခူးခိုင်းခဲ့သည့် မဟုတ်လား။ သို့မှသာ သူသိလိုသည့် မေးခွန်း၏ အဖြေကိုသိမည်ဖြစ်သည်။ ထို့ကြောင့် အလှဆုံးပန်းကလေးကို ယူနိုင်ရေးအတွက် သူစေ့စပ်သေချာစွာ ရှာသည်။ ဖြည်းညှင်းစွာ လျှောက်သည်။ ပန်းဥယျာဉ်အဆုံးထိရောက်သည်အထိ သူတစ်ပွင့်မှ မခူးမိသေး။ ပန်းတွေအားလုံးက တစ်ပွင့်ထက် တစ်ပွင့်လှသည်။ ပန်းအားလုံး လှသည်က သေချာသည်။ သို့သော် သူ့စိတ်ထဲ စွဲထင်နေသည်မှာ ဥယျာဉ်ထဲဝင်စက သူမြင်ခဲ့ရသည့် ပန်းကလေးကိုပဲ ဖြစ်သည်။ ထို့ကြောင့် သူခေါင်းငိုက်စိုက်ချရင်း ပညာရှင်ကြီးထံသို့ ပြန်လာခဲ့လိုက်သည်။ သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်နှင့် ခံစားချက်တို့ကို ပြောပြလိုက်သည်။ စိတ်ဝင်တစားနှင့် နားထောင်နေသည့် သူ့သူငယ်ချင်းနှင့် သူ့ကို ပညာရှင်ကြီးက ပြောသည်။

          " အဲဒါ အချစ်ပဲ၊ မင်းသိချင်တယ် ဆိုတဲ့ အချစ်ပဲ။ မင်းက ဒီထက်လှတဲ့ ပန်းပွင့်တွေ ရှိဦးမယ်ဆိုတဲ့အထင်နဲ့ ရှာတယ်။ ဒါပေမယ့် အလှဆုံးပန်းကလေးကို မင်းလက်လွှတ်လိုက်ရပြီ။ ဆုံးရှုံးသွားပြီ မရနိုင်တော့ဘူးလို့ နောက်ကျပြီးမှ သိလာတဲ့အရာပေါ့။အများစုက အချစ်နဲ့ဆုံနေတဲ့အချိန် အချစ်လို့ မသိကြတာ များတယ်၊ အလွန်နည်းတဲ့ တချို့တလေကတော့ ကံကောင်းစွာနဲ့ တန်ဖိုးထားရယူနိုင်ခဲ့ကြတယ်…တကယ်တော့ အချစ်ဆိုတာ တန်ဖိုးထားသူတွေအတွက် ဆုလာဘ်တစ်ခုဆိုတာ မင်းတို့ လူငယ်တွေသိရင် ကောင်းမယ်…"

(PS: ကြားဖူးနားဝ ပုံပြင်လေးကို ဆင့်ပွားခံစားထားခြင်း ဖြစ်ပါသည်။ လူတိုင်းတွင် ရည်းစားဦးဆိုတာ ရှိနိုင်ပါသည်။ တကယ်နည်းပါးသော်လည်း ကံကောင်းသူတို့ ဖူးစာဆုံနိုင်ကြသည်။ အလွန်နည်းပါး သည့် တချို့တွေကတော့ ရည်းစားဦးကို တမ်းတကာ နောက်ထပ်ပန်းမခူးကြတော့သူများ ဖြစ်သည်။ ကျွန်တော့်ယူဆချက်မှာမူ အချစ်တွင် ချစ်ခြင်းမေတ္တာထဲသို့ နားလည်မှုဆိုသောအရာကို အချိုးကျ ရောစပ်ထားမှ သင့်သည်ဟု ထင်မြင်မိပါသည်။ နားလည်မှုမရှိလျှင်၊ သို့မဟုတ် ယုံကြည်မှုအလံကို မြင့်မြင့်ကြီး လွှင့်တင်ခဲ့မိပါလျှင်…မဆုံဖြစ်ကြသည့် ချစ်သူတို့ များစွာရှိနေပါသည်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။)

 
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.blogpsot.com
Photo:Yamin Thant

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း