ရုံးသုံးမြန်မာစာရေးသားနည်း

ရုံးသုံးမြန်မာစာရေးသားနည်း

ဧကူမ ၀ီဿတိမ ငွေဆယ်သိန်း

           ကျောင်းမှာတော့ သာဓကလေးပြပြီး ပြောလေ့ရှိပါတယ်။ "ကျွန်တော် ဆေးသွားဝယ်မလို့" ဆိုတဲ့ ၀ါကျလေးမှာ Context မစုံတဲ့အတွက် အဲဒီဆေးဟာ ဘာဆေးမှန်း မသိပါဘူး။ "ကျွန်တော် ဆေးသွားဝယ်မလို့၊ အမေ နေမကောင်းလို့" ဆိုရင်တော့ ဒါဟာ နေမကောင်းရင် သောက်တဲ့ဆေးလို့ သိနိုင်ပါတယ်။ "ကျွန်တော် ဆေးသွားဝယ်မလို့၊ ပန်းချီဆွဲမလို့" ဆိုရင်တော့ ပန်းချီဆွဲတဲ့ဆေးပေါ့။ "ကျွန်တော် ဆေးသွားဝယ်မလို့၊ ဆေးလိပ်ခုံမှာ ဆေးပြတ်နေပြီ"
ဆိုရင်တော့ ဒါဟာ ဆေးလိပ်,လိပ်တဲ့ဆေးဆိုတာ မှားစရာ မရှိပါဘူး။ နောက်ဥပမာတစ်ခုက "အယ်ဒီတာချုပ်က မိမိ၏ ဆောင်ရွက်ချက်နဲ့ ပတ်သက်၍ ပြောကြားရာတွင်" ဆိုတဲ့ ၀ါကျမှာ "မိမိ" ဆိုတာ သူကိုယ်တိုင်လည်း ဖြစ်နိုင်သလို တခြားတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ "မိမိ" ဆိုတာ ကိုယ်တိုင်လည်းရတယ်။ သူများလည်း ရတယ်။ အကုန်လုံး သုံးနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီလို အဓိပ္ပါယ်နှစ်မျိုးသုံးမျိုး ထွက်နိုင်တဲ့ စကားလုံးတွေမှာ အဓိပ္ပါယ်ရှင်းအောင် စကားကို မြှုပ်မသုံးဘဲ တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံရေးဖို့ လိုအပ်ပါတယ်။

ဘူးသီးတံဆိပ် တံမြက်စည်း

ပညာရေးသုတေသနအဖွဲ့က အကူအညီတောင်းလို့ ကျွန်တော် မြန်မာစာ မြန်မာစကား ဇာတ်လမ်းလေးတွေ တစ်ပုဒ်စ နှစ်ပုဒ်စ ရေးပေးဖူးပါတယ်။ မြ၀တီရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ မြန်မာစာ မြန်မာစကား အမှတ် ၁၀ မှာ ဒီအကြောင်းကို ဇာတ်လမ်းလေးထဲ ထည့်ရေးထားပါတယ်။ များသောအားဖြင့် ကြည့်ဖူးကြလိမ့်မယ် ထင်ပါတယ်။ ကျွန်တော့်မိတ်ဆွေ ဆရာမကြီးတစ်ယောက်က တကယ်ဖြစ်တာလို့ ပြောပါတယ်။

ဇာတ်လမ်းလေးထဲမှာ မိန်းမလုပ်တဲ့သူက သူ့အိမ်ယောက်ျား ဈေးသွားခါနီးမှာ "ဘူးသီးတစ်စိတ်နဲ့ တံမြက်စည်းတစ်ချောင်း ၀ယ်ခဲ့ပါ" လို့ ကမန်းကတန်း မှာလိုက်ပါတယ်။ မိန်းမက အိမ်မှာ ထိုင်စောင့်နေပေမယ့် ယောက်ျားလုပ်သူက ပေါ်မလာပါဘူး။ တော်တော်ကြီး ကြာတော့မှ ချွေးတွေ သံတွေနဲ့ မောကြီးပန်းကြီး ပြန်လာပြီး "မင်းကွာ၊ ငါ့ကို ကြံကြံဖန်ဖန်ခိုင်းတယ်" လို့ မိန်းမကို အပြစ်တင်ပါတယ်။ "ဘာဖြစ်လို့လဲ" လို့ မေးတဲ့အခါ "မင်းပြောတဲ့ ဘူးသီးတံဆိပ်နဲ့ တံမြက်စည်းကို ငါတစ်ဈေးလုံး လိုက်ရှာတာ ဘယ်မှာမှ မတွေ့ဘူး" လို့ ပြန်ပြောသတဲ့။ မိန်းမမှာတာက ဟင်းချိုချက်သောက်ဖို့ ဘူးသီးတစ်စိတ်ရယ် အိမ်မှာ တံမြက်စည်းမကောင်းလို့ တံမြက်စည်းတစ်ချောင်းရယ် မှာလိုက်တာပါ။ "တစ်စိတ်" ဆိုတဲ့ စကားလုံးက အဆက်အစပ်မရှိတော့ အဓိပ္ပါယ်တစ်မျိုး ဖြစ်သွားပါတယ်။ "တံဆိပ်" လို့ ရေးတဲ့ ကပ်တဲ့ "တံဆိပ်" လား၊ အစိတ်အပိုင်းဆိုတဲ့ "တစ်စိတ်" လား။ မကွဲပြားတဲ့အတွက် ဒီပြဿနာ ဖြစ်ရတာပါပဲ။ ဒါကြောင့် စကားအဆက်အစပ်မှာ အဓိပွါယ်နှစ်မျိုး၊ သုံးမျိုးမထွက်အောင် ရေးဖို့လိုတယ်ဆိုတဲ့ အချက်ကို သတိထားဖို့ လိုပါတယ်။

ကျစ်လျစ်မှု

အခုခေတ်က အချိန်တိုတိုနဲ့ သိစရာအများကြီးသိအောင် ရေးသားကြရတဲ့ခေတ် ဖြစ်ပါတယ်။ ဆရာကြီး ဒေါက်တာမောင်ဖြူးရဲ့ စကားနဲ့ပြောရရင် အခုခေတ်က "ခေတ်မြန်" ပါ။ အရင်ခေတ်ကတော့ "ခေတ်နှေး"၊ စာကို ဇိမ်ယူပြီး ဖတ်လို့ရတဲ့ခေတ် ဖြစ်ပါတယ်။ အခုခေတ်မှာတော့ ဇိမ်ယူဖတ်လို့ မရတော့ပါဘူး။ လိုရင်းရောက်အောင် စကားအပိုမပါဘဲနဲ့ ကျစ်ကျစ်လျစ်လျစ် တတ်နိုင်သလောက် ကြိုးစားပြီး ရေးရပါတယ်။ ကျစ်လျစ်လွန်းအားကြီးလို့ အဓိပ္ပါယ်မပေါက်ဘဲ ပဟေဠိဖြစ်သွားပြန်ရင်လည်း တစ်ဖက်စွန်း ရောက်ပါတယ်။ ဒါကြောင့် ပဟေဠိလည်းမဖြစ်အောင် အဓိပ္ပါယ်လည်း မပျက်အောင် ရှင်းရှင်းလင်းလင်း ကျစ်ကျစ်လျစ်လျစ် ရေးသားကြဖို့ လိုအပ်ပါတယ်။

အကျင့်ပါနေတဲ့ စကားလုံးများ

ကျွန်တော်တို့ နေ့တိုင်း သုံးစွဲနေကြပြီး အကျင့်ပါပြီး ဖြုတ်မရတဲ့ စကားလုံးတွေ အများကြီးရှိပါတယ်။ "ကျေးဇူးတင်ပါသည်" လို့ရေးရင် ပြီးရဲ့သားနဲ့ "ကျေးဇူးတင်ရှိပါသည်" လို့ ဒီလိုသုံးတာ ထုံးစံပဲဆိုပြီး သုံးနေကြပါတယ်။ "ကျေးဇူးဥပကာရတင်ရှိပါသည်" လို့ ရေးတာဟာ စကားလုံးအနေနဲ့ ခံ့ညားပေမယ့် စကားလုံးတွေ ပိုသွားစေပါတယ်။ "မီးရထားလမ်းဖောက်သည်" လို့ ရေးရင် ရှင်းပါရဲ့သားနဲ့ ဘာဖြစ်လို့ "မီးရထားလမ်း သွယ်တန်းဖောက်လုပ်သည်" လို့ "သွယ်တန်း" ကြီး ပါလာရသလဲလို့ ဆရာကြီးပီမိုးနင်းက အပြစ်တင်ဖူးပါတယ်။

"ဘယ်နေရာသို့ ရောက်ရှိသည်" လို့ "ရှိ" ထည့်ရေးတာကလည်း စဉ်းစားစရာပါပဲ။ "သွားသည်" ကို "သွားရောက်သည်" လို့ သုံးတာကလည်း တွင်ကျယ်နေတဲ့ အသုံးအနှုန်းတစ်ခု ဖြစ်နေပါတယ်။ "သွားရောက်သည်"လို့ သုံးတဲ့ အသုံးဟာ မမှန်ဘူးကွ။ သွားတိုင်း ရောက်ချင်မှ ရောက်မှာ။ နိုင်ငံတော် အကြီးအကဲတစ်ယောက်က မြစ်ကြီးနားသို့ သွားရောက်သည်လို့ ရေးရင် သွားနေတုန်းရှိသေးတယ် ရောက်မှမရောက်သေးဘဲ။ အဲဒီတော့ သွားရောက်သည်လို့ ရေးတာမှားတယ်" ဟု ဆရာကြီး ရွှေဥဒေါင်းက ပြောခဲ့ဖူးပါတယ်။

လိုက်ဖက်မှု

လိုက်ဖက်မှုဆိုတာကို ဒီနေရာမှာ ပြောချင်တာကတော့ ရုံးစာဟာ တည်တည်တံ့တံ့ ရေးရမယ့်စာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အပြောစကားတွေ မရောဘဲ စာစကားသက်သက်နဲ့ ရေးတာကောင်းပါတယ်။ အပြင်စာရေးတာကိုတော့ မဆိုလိုပါဘူး။ တချို့နေရာတွေမှာတော့ အပြောစကားနဲ့ ရေးတာကောင်းပါတယ်။ သွက်လက်ပြီး ပေါ့ပေါ့ပါးပါး ရှိပါတယ်။ ဒါပေမယ့် ရုံးစာအဖြစ် Official ဆက်သွယ်တဲ့ နေရာမှာတော့ အပြောနဲ့အရေး မရောအောင် သတိထားဖို့ လိုအပ်ပါတယ်။

နောက်ထပ် ယနေ့ဖြစ်နေတဲ့ ပြဿနာက မြန်မာစာကြားမှာ အင်္ဂလိပ်စကားလုံးတွေ ညှပ်ရေးကြတဲ့ကိစ္စ ဖြစ်ပါတယ်။ ဂျာနယ်တွေကအစ တွင်ကျယ်နေတဲ့ အဲဒီကိစ္စကို တတ်နိုင်သလောက် ဘရိတ်အုပ်ထားရင် ကောင်းပါလိမ့်မယ်။ မြန်မာစာရေးသားတဲ့အခါမှာ တခြားသော အင်္ဂလိပ်စာလုံးတွေ လုံးဝမပါရဘူးလို့ မဆိုလိုပါဘူး။ သုံးဖို့လိုအပ်လာရင် အင်္ဂလိပ်စာလုံးတွေ ထည့်သုံးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအင်္ဂလိပ်စကားလုံးတွေ အသံလှယ်ပြီးသုံးလို့ ဖြစ်ရဲ့သားနဲ့ အသံမလှယ်ဘဲ ရေးသားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ "ကွန်ပျူတာကို အသုံးပြုရာတွင်" လို့ ရေးတဲ့နေရာမှာ "ကွန်ပျူတာ" လို့ ရေါ်ရင်ဖြစ်နေတာကို "Computer" လို့ အင်္ဂလိပ်လို ထည့်ရေးတဲ့ပုံစံဟာ ကြည့်လို့မကောင်းပါဘူး။ "ကွန်ပျူတာတွင် Download လုပ်ရန်" စသဖြင့် မြန်မာစာလုံးတွေမှာ အင်္ဂလိပ်စာလုံးတွေရောပြီး ကပြားစာလုံးတွေ ဖြစ်နေတဲ့ အသုံးအနှုန်းတွေကို တတ်နိုင်သလောက် ရှောင်ဖို့လိုအပ်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ ဒီအင်္ဂလိပ်စာလုံးတွေဟာ မပြမဖြစ်တဲ့ Technical Term ဖြစ်နေတယ်။ အင်္ဂလိပ်စာလုံးပြမှ ဖြစ်တဲ့နေရာမျိုး ဖြစ်နေတယ်ဆိုရင်တော့ အဲဒီအင်္ဂလိပ်စာလုံးကို ထည့်သုံးရပါတယ်။ ဆိုကြပါစို့။ "ကွန်ပျူတာကိစ္စများတွင် မော်ဒန် (Modern) ကို မော်ဒယ် (Model) ဟု မှားရိုက်လေ့ရှိသည်" ဆိုတာလိုမျိုး ဘယ်စာလုံးကို ဘယ်စာလုံးနဲ့ မှားရိုက်ပါတယ်ဆိုတဲ့ နေရာမျိုးမှာတော့ အင်္ဂလိပ်စာလုံးတွေကို မဖော်ပြလို့ မရပါဘူး။ ဒီလိုနေရာမျိုးမှာတော့ အင်္ဂလိပ်စာလုံးကို ရေးသားဖော်ပြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သာမန်မြန်မာလို အသံလှယ်ပြီး ရေးလို့ရရဲ့သားနဲ့ အသံမလှယ်ဘဲ အင်္ဂလိပ်စာလုံး ထည့်ရေးတဲ့အကျင့်မျိုးကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမယ်။

Passive Voice Pattern ရှောင်ကြဉ်ပါ

ရေးလေ့ရှိတဲ့ အသုံးအနှုန်းတွေအထဲမှာ နောက်ထပ် သတိထားမိတာတစ်ခုကတော့ "ခံရသည်" ဆိုတဲ့ အသုံးအနှုန်းပါ။ အင်္ဂလိပ်လို Passive Voice Pattern ဖြစ်ပါတယ်။ မြန်မာစာရေးတဲ့နေရာမှာ "ခံရသည်" ဆိုတဲ့ အသုံးမျိုးဟာ ဆီလျော်တဲ့နေရာရှိသလို မဆီလျော်တဲ့နေရာလည်း ရှိပါတယ်။ မဆီလျော်တာကတော့ များပါတယ်။ "ချီးမြှင့်ခြင်းခံရသည်"၊ "၀ယ်ယူခြင်းခံရသည်"၊ "ရွေးချယ်ခြင်းခံရသည်" စတဲ့ အသုံးအနှုန်းတွေကို နေရာတိုင်းမှာ တွေ့နေရပါတယ်။ "အများဆုံး ၀ယ်ယူခြင်းခံရသော စာအုပ်မှာ" လို့ ရေးတာကိုလည်း ဖတ်ဖူးပါတယ်။ "အများဆုံး ရောင်းရသောစာအုပ်မှာ" လို့ရေးရင် ရရဲ့သားနဲ့ "ခံရ" ဆိုတဲ့အသုံးကို ဘာကြောင့် ထည့်သုံးကြမှန်း မသိပါဘူး။

ဒါတွေဟာ အင်္ဂလိပ်စာမှာသုံးတဲ့ Passive Voice ရဲ့ လွှမ်းမိုးမှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို မြန်မာမဆန်တဲ့ အသုံးအနှုန်းတွေကို ရှောင်ကြဉ်ဖို့၊ စာစကားနဲ့ အပြောစကား မရောထွေးစေဖို့ စာကိုလက်ခံတဲ့ ပုဂ္ဂိုလ်ရဲ့ အဆင့်အတန်း၊ ဆက်သွယ်တဲ့အခြေအနေ အကြောင်းအရာနဲ့ လိုက်ဖက်အောင် "တင်ပြပါသည်"၊ "အစီရင်ခံပါသည်"၊ "လျှောက်ထားပါသည်"၊ "မိန့်ကြားလိုက်သည်"၊ "နှိုးဆော်လိုက်သည်" စသဖြင့် လိုက်ဖက်အောင် သုံးဖို့ဆိုတဲ့ အချက်တွေဟာ အခြေခံ စာရေးသားတဲ့နေရာမှာ သိရှိထားဖို့ လိုအပ်တဲ့ အရေးကြီးတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

မောင်ခင်မင် (ဓနုဖြူ)
[ CEO မဂ္ဂဇင်း၊ အတွဲ (၅)၊ အမှတ် (၆)၊ ဧပြီလ ၂၀၁၀၊ စာမျက်နှာ ၁၂၆-၁၂၈ ]

Comments

  1. Replies
    1. ဘလော့လေး ပစ်ထားမိလို့ ဒီနေ့မှ တွေ့တယ်။ အလည်ရောက်ဖြစ်ခဲ့တာကိုလည်း ကျေးဇူးပါဗျို့...

      Delete

Post a Comment

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း