စီးပွားရေးအတွက် Facebook Page လား၊ Facebook Account လား


စီးပွားရေးအတွက် Facebook Page လား၊ Facebook Account လား

                     မြန်မာပြည်မှာ Facebook Page ရော Facebook Account လို့ အများစုခေါ်ဝေါ်ကြတဲ့ Facebook Profile ရော နှစ်ခုလုံးကို စီးပွားရေးအတွက် သုံးကြတာတွေ့ရပါတယ်။ သေသေချာချာ နားမလည်သေးလို့လို့ ယူဆပြီး အကူအညီရစေဖို့ ရေးသားပေးလိုက်ပါတယ်။
Facebook Account ကို စီးပွားရေးအတွက် သုံးလို့မရဘူးလားဆိုရင် ယာယီ ရပါတယ်ခင်ဗျာ။ Facebook ရဲ့ စည်းမျဉ်းစည်းကမ်းထဲမှာတော့ "Facebook Account တခုကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုမယ်၊ နာမည်အမှန်မဟုတ်ဘဲ အသုံးပြုမယ်ဆိုရင် Facebook ကုမ္ပဏီက
ကြိုက်တဲ့အချိန်မှာ ကြိုက်သလို Account ကိုပိတ်ခွင့်ရှိပါတယ်" တဲ့ဗျာ။ အဲ့တော့ မြန်မာပြည်အနေနဲ့ တော့ ဒီ စည်းမျဉ်းက ရယ်စရာဖြစ်ချင်ဖြစ်နေပါ့မယ်။
သူတို့မှ မြန်မာစာ မဖတ်တတ်ပဲဆိုပြီးတော့။ ဟုတ်ကဲ့..ဒါက နောက်ပိုင်း ဖြစ်လာနိုင်တဲ့အချက်ပါ။ အခုတော့ သုံးကောင်းသုံးလို့ရနိုင်ပါတယ်လို့ သိထားပေးပါ။
အဓိကကတော့ ဒီလို စည်းမျဉ်းစည်းကမ်းကြောင့်မဟုတ်ပဲ အခြား စီးပွားရေးအတွက် လိုအပ်တဲ့အချက်တွေ၊ အခြား ကန့်သတ်ချက်တွေကြောင့် Facebook Account ကို စီးပွားရေးအတွက် အဓိက မသုံးစေချင်ပါဘူးခင်ဗျာ။ ဆက်ကြည့်ရအောင်...
Facebook Account ရဲ့ အားသာချက်များ
===========================
၁။ ကြိုက်တဲ့လူကို သူငယ်ချင်းအဖြစ် ဖိတ်ခေါ်နိုင်ခြင်း
Facebook Account ရဲ့ အားသာချက်တခုကတော့ ကိုယ် Facebook မှာတွေ့တဲ့ တစိမ်းတစ်ယောက်ကို ကိုယ်နဲ့ မသိပါပဲနဲ့ သူငယ်ချင်းအနေနဲ့ ဖိတ်ခေါ်လို့ရပါတယ်။ အခြားသူက လက်ခံရင် သူငယ်ချင်း အနေနဲ့ဖြစ်သွားပြီး၊ ကိုယ်တင်တဲ့ Post တွေမြင်ရပါတယ်။ အပြန်အလှန်ပြန်မြင်ရပြီး LIKE တို့ SHARE တို့ လုပ်ကြပါတယ်။ ဒီတော့ အများစုက Facebook Account ကနေ အခြားလူတွေကို သိသိမသိသိ လိုက်ဖိတ်ပါတယ်။ သူငယ်ချင်းဖြစ်သွားရင် ကိုယ်တင်ထားတဲ့ Post (သို့) ကြော်ငြာကို မြင်နိုင်တယ်ဆိုတဲ့ အယူနဲ့ပါ။ မှန်ပါတယ် ခင်ဗျာ။ မြင်နိုင်ပါတယ်။ ဒါပေမယ့် ကန့်သတ်ချက်က Post အကုန်လုံး မဟုတ်ပါဘူး။ ကိုယ့်နဲ့ သူရဲ့ ဆက်ဆံရေး (တနည်း) LIKE, COMMENT, SHARE ပေါ်မူတည်ပြီး Facebook ကပြပေးတာပါ။
ကန့်သတ်ချက် နောက်တခုကတော့ သူငယ်ချင်းအရေအတွက်ပါ။ Facebook ရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်အရ သူငယ်ချင်းအရေအတွက် အများဆုံး အယောက် ၅၀၀၀ ထိပဲ လက်ခံလို့ရပါတယ်။ လူတစ်ယောက်မှာ ရင်းနှီးတဲ့ မိတ်ဆွေ ၅၀၀၀ ထက် မပိုနိုင်ဘူးလို့ တွက်ထားတာပါ။ ဒီတော့ ကိုယ်က Account ကို စီးပွားရေးအတွက် သုံးလို့ ကြော်ငြာရင် အများဆုံး လူ အယောက် ၅၀၀၀ ဆီပဲ ရောက်ပါမယ်။
၂။ သူငယ်ချင်းတွေကို SHARE နိုင်ပါတယ်
အထက်မှာ ပြောခဲ့သလို သူငယ်ချင်းတွေ ဖြစ်ပြီးရင် ကိုယ့်ရဲ့ Post တွေ၊ ကြော်ငြာတွေ စပြီး ရှယ်လို့ရပါတယ်။ တခါတလေ Tag ပါခေါ်လို့ရပါသေးတယ်။
ဆိုကြပါစို့ ကျွန်တော်တို့က Facebook Account ပဲ သုံးမယ်လို့ ဆုံးဖြတ်တယ်၊ ပြီးတော့ Post တွေရှယ်လိုက်တယ်။ သူငယ်ချင်းတွေအများကြီး LIKE ကြတယ်။ COMMENT ပေးကြတယ် ဆိုတော့ ပျော်တာပေါ့။ ကိုယ့်ရဲ့ ကြော်ငြာက အလုပ်ဖြစ်ပြီပေါ့။ ဒါပေမယ့် ဒီ Post (သို့) ကြော်ငြာကို သူငယ်ချင်း ဘယ်နှစ်ယောက်မြင်လို့ ဘယ်နှစ်ယောက် LIKE သွားတယ်ဆိုတာ သိချင်ရင်တော့ မရတော့ပါဘူး။ ကိုယ်က စီးပွားရေးအနေနဲ့ လုပ်လာရင် ကိုယ့်ရဲ ကြော်ငြာ တိုးတက်မှုရှိမရှိ တိုင်းတာဖို့ လိုအပ်ပါတယ်။ ဒီလို မတိုင်းတာဘဲ အမြဲတမ်း Post တင်လိုက်၊ LIKE တွေကြည့်ပြီး သဘောကျလိုက်ဆိုရင် ရေရှည်မှာ မလွယ်ပါဘူး။ လူဘယ်နှစ်ယောက်က မြင်လို့ LIKE သွားတယ်။ ဒီ Post မှာတော့ လူနည်းနည်းနဲ့ LIKE အများကြီးရတယ်။ ဒီ Post မှာတော့ လူအများကြီးကြည့်ပေမယ့်၊ LIKE နည်းနည်းပဲရတယ် ဆိုတဲ့ အချက်အလက်တွေကိုသာရရင် ဘယ်လိုပြန်ပြင်ရမယ်၊ ဘယ်နားမှားနေတယ်၊ ဘယ်ဟာကလိုအပ်သေးတယ် ဆိုတာ ပိုပြီး ထင်သာမြင်သာရှိလာပါမယ်။ မဟုတ်ရင်တော့ အမှောင်ထဲ ခဲပစ်သလို ဖြစ်နေပါ့မယ်။
၃။ Facebook Account ဖွင့်တာ လွယ်ပါတယ်
Facebook Account ဖွင့်တာ အင်မတန်လွယ်ပါတယ်။ ယနေ့ မြန်မာပြည်က လူငယ်၊ လူကြီး အသက်အရွယ်မရွေး သုံးနေနိုင်တာပဲ ကြည့်ပါ။ Email သုံးရင်သာ ခက်လို့ဆိုပြီး လက်လျှော့သွားမယ်။ Facebook ရဲ့ ရှုပ်လှတဲ့ ခလုပ်တွေ အကုန်လုံးကို အသုံးပြုနေနိုင်တာလည်း Facebook ရဲ့ အံ့မခန်းနည်းတွေထဲက တခုပါပဲ။ Account ဖွင့်တာ လွယ်ပေမယ့် စီးပွားရေးတခု အနေနဲ့ စီမံဖို့ ကျတော့ ကန့်သတ်ချက်တွေ ရှိလာပြန်ပါတယ်။ ဆိုကြပါစို့ စီးပွားရေး ကြီးလာတဲ့အတွက် ကုန်မှာစာတွေကြည့်ဖို့၊ Comment တွေ Reply ပြန်ဖို့၊ Post တွေ တင်ဖို့ လူတွေအများကြီး ခန့်ချင်ပေမယ့် Facebook Account ရဲ့ ကန့်သတ်ချက်ကြောင့်
Account တခုထဲကို တချိန်ထဲမှာ လူအများကြီးသုံးလို့ မရတော့ အဆင်မပြေတော့ပါဘူး။ ဒီအချိန်မှာစပြီး ခေါင်းကိုက်ရပါပြီ။
၎။ Facebook Account ကို Personal အတွက် ပိုသုံးပါ
Facebook Account က ကိုယ့်ရဲ့ မိသားစုတွေ၊ တကယ့်မိတ်ဆွေတွေနဲ့ ဆက်ဆံဖို့အတွက် ပိုအသုံးဝင်ပါတယ်။ ဥပမာ။။ ဘယ်အကောင့်က ကိုယ့်ရဲ့ ဇနီး၊ ဘယ်အကောင့်က ကိုယ့်ရဲ့ မိသားစုဝင်တွေ၊။ ပြီးတော့ ကိုယ် SHARE ချင်ရင် သီးသန့် လူတဦးချင်းစီ (သို့) လူအုပ်စုတွေကို ပဲ SHARE လည်း လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ မွေးနေ့ဆုတောင်းတွေ အတွက်လည်း Facebook Account က ပိုအဆင်ပြေပါတယ်။
တကယ့် စီးပွားရေး (သို့) Facebook Page ရဲ့အားသာချက်များ
========================================
၁။ Facebook Page ကို သူငယ်ချင်းတွေအပြင်၊ Post ကို LIKE တဲ့ အခြားလူတွေကိုပါ ဖိတ်လို့ရပါတယ်။
Facebook Page ရဲ့ အဓိက အားသာချက်ကတော့ LIKE လုပ်တဲ့လူဦးရေ (တနည်း) Follower လူဦးရေ ကန့်သတ်ချက် မထားရှိခြင်းပါပဲ။
ကိုယ်ဟာ Facebook Page ကို စီးပွားရေးအနေနဲ့ သုံးခဲ့ရင် ကိုယ့်ရဲ့ စီးပွားရေးကို စိတ်ဝင်စားတဲ့၊ ကြိုက်နှစ်သက်တဲ့ လူတွေကို အကန့်အသတ်မရှိ ထားလို့ရပါတယ်။
ကိုယ့်ရဲ့ ခင်မင်ပြီးသား သူငယ်ချင်းတွေကို ကိုယ့်ရဲ့ Facebook Page ကို LIKE ဖို့ ဖိတ်ခေါ်နိုင်သလို၊ ကိုယ့်ရဲ့ တင်ထားတဲ့ Post တွေကို LIKE ထားတဲ့ လူတွေကိုလည်း Page ကိုပါ LIKE လုပ်ထားဖို့ ဖိတ်ခေါ်လို့ရပါသေးတယ်။
နောက်ထပ် ကောင်းတာကတော့ Facebook ကလူတွေရဲ့ အကြိုက်ပေါ်မူတည်ပြီး ကိုယ့်ရဲ့ Facebook Page ကို LIKE ဖို့ လူတွေကို အလိုအလျောက် လိုက်လံ ပြသပေးခြင်းပဲဖြစ်ပါတယ်။ ဥပမာ - အလှကုန်တွေကြိုက်တတ်တဲ့လူကို Beauty နဲ့ ဆိုင်တဲ့ Page တွေ၊ ကားအကြောင်းစိတ်ဝင်စားသူကို Car ကုမ္ပဏီတွေရဲ့ Page တွေကို Recommended Page ဆိုပြီး ပြပေးတာပါ။
ကဲ...ဘယ်လောက် အဆင်ပြေလိုက်သလဲဗျာ။ :)
၂။ စိတ်ဝင်စားသူတွေကို SHARE နိုင်ခြင်း နဲ့ ကြည့်ရှုနှုန်းကို လေ့လာနိုင်ခြင်း
Facebook Page ရဲ့ အခြား အားသာချက်ကတော့ Facebook Account လိုပဲ Post (သို့) ကြော်ငြာတွေကို ကိုယ့်ရဲ့ Page ကို စိတ်ဝင်စားသူတွေ (Audience) ကို SHARE လို့ရပါတယ်။ ကိုယ့် Post ရဲ့ အကျိုးရှိမှု၊ အရေးပါမှုကြောင့် Audience တွေက ဆက်လက် SHARE ရင်တော့ လူတွေအများကြီးဆီကို ဆက်လက်ရောက်သွားပါလိမ့်မယ်။ ဒီလိုနဲ့ ကိုယ့် PAGE ကို LIKE တဲ့သူတွေ တဖြည်းဖြည်း များလာမှာပါ။ ဒီ့အပြင် ကိုယ် SHARE လိုက်တဲ့ Post ဟာ လူ ဘယ်နှစ်ယောက်က မြင်ပြီးသွားပြီဆိုတာကိုပါ သိနိုင်ပါသေးတယ်။ အထက်က ပြောခဲ့သလို ဒီအချက်ဟာ စီးပွားရေးတွေအတွက် အရေးပါတဲ့အချက်ပါ။ ကိုယ့်ရဲ့ Post ဟာလူကြိုက်များလို့ လူနည်းနည်းလေးဆီရောက်ပြီး LIKE တွေအများကြီးရနေရင် ဒီလို ဆင်တူ Post တွေကို ဆက်လက် တင်ဖို့လိုအပ်ပါတယ်။ ဒီလို မဟုတ်ဘဲ လူအများကြီးဆီ ရောက်ပြီး LIKE နည်းနေရင်တော့ ပြန်လည် ဆန်းစစ်ဖို့ လိုပါတယ်။ ဒီလို လူဘယ်နှစ်ယောက်မြင်ပြီးပြီ လဲဆိုတာ သိတော့မှ သေသေချာချာ၊ ထိထိမိမိ ပြင်ဆင်ဖို့ လွယ်မှာပါ။
၃။ စီးပွားရေး တခုအတွက် လိုအပ်တဲ့ ရာထူးတွေ ထားရှိနိုင်ခြင်း
Facebook Page ကို ထောင်တာနဲ့ Facebook Account ထောင်တာဆိုရင် Facebook Account ထောင်တာက ပိုလွယ်ပါတယ်။ ဒါပေမယ့် Facebook Page ကိုထောင်ဖို့အတွက် နည်းနည်းလေးပဲ ပိုလုပ်ရတာပါ။ ကိုယ်က Facebook သုံးနေကျ၊ ဓာတ်ပုံတွေ တင်နေကျ၊ Postတွေ တင်နေကျ ဆိုရင် ဒီအဆင့်လေးက လွယ်ပါတယ်။ နည်းနည်းရင်း၊ များများမြတ် ဆိုသလို၊ ဒီလို နည်းနည်း အဆင့်ပိုလုပ်လိုက်ရင် ကိုယ့်ရဲ့စီးပွားရေး အတွက် နောင်မှာ အများကြီး အထောက်အကူပေးလာပါတယ်။ အထက်မှာ ရှင်းပြခဲ့တဲ့အတိုင်း ကိုယ့်ရဲ့ ဝန်ထမ်းတွေကို အရောင်းအော်ဒါတွေ လက်ခံဖို့၊ Comment တွေပြန်ဖို့၊ Post တွေတင်ဖို့ လိုအပ်လာရင်တော့ Facebook Page ကအများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ Post တွေကို အများကို မဖြန့်ဝေခင်မှာ ကိုယ့်ရဲ့ ခွင့်ပြုချက်ရမှ တင်နိုင်အောင်လည်း စီမံထားလို့ရပါသေးတယ်။
၎။ စီးပွားရေးတခု အနေနဲ့ အများရဲ့ လေးစားမှုရခြင်း
Facebook Page တခုရှိရင် လူတွေရဲ့ လေးစားမှုခံရပါတယ်။ ကိုယ့်ရဲ့စီးပွားရေးကိုလည်း အပျော်တမ်းမဟုတ်ပဲ တကယ့် စီးပွားရေးအနေနဲ့ မြင်ကြပါတယ်။
Facebook Page မှာ ကိုယ့်ရဲ့ ဆိုင်လိပ်စာ၊ ဖုန်းနံပါတ်၊ ဆိုင်ဖွင့်တဲ့အချိန်တွေ၊ သွားရမယ့် မြေပုံနဲ့ ဆိုင်ရဲ့ သုံးစွဲသူတွေရဲ့ မှတ်ချက်တွေပါ ဖော်ပြပေးတဲ့အတွက် စီးပွားရေး အစစ်အမှန်တခုအနေနဲ့ ယုံကြည်ကြပါတယ်။ နောက်ပြီး ကိုယ့်မှာ အစီအစဉ်တွေ၊ ပရိုမိုးရှင်းတွေ ရှိရင်လည်း အကြောင်းကြားပေးလို့ရပါသေးတယ်။ Facebook Page ကို လာရောက်တဲ့ လူတွေဟာ ကိုယ့်ဆိုင်ရဲ့ လက်ရှိ ပရိုမိုးရှင်းအစီအစဉ်ကိုပါ ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ ဒီအတွက် စီးပွားရေး ဈေးကွက်ထိုးဖေါက်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လာပါတယ်။
အခြား အခြားသော အကျိုးတွေက အများကြီးမို့လို့ ဒီတစ်ခေါက်တော့ စာရှည်သွားမှာစိုးလို့ ဒီမှာပဲ ရပ်ထားလိုက်ပါမယ်။ မိတ်ဆွေ စိတ်ဝင်စားလို့ ဆက်လက် သိချင်ရင် "ပိုသိချင်ပါတယ်" ဆိုပြီး COMMENT ရေးပေးသွားပါ။ ကျွန်တော် တောင်းဆိုသူများရင် အချိန်ပေးရေးပေးပါဦးမယ်။
ဒီတော့... အတိုချုပ်အနေနဲ့ မြန်မာပြည်မှာ စွန့်ဦးစီးပွားရေး ထောင်ချင်သူ လူငယ်လူရွယ်တွေ အနေနဲ့ Facebook ကို ကောင်းကောင်းအသုံးချပြီး ထူထောင်လို့ရပါတယ်။ ကိုယ့်ရဲ့ တကိုယ်ရည်သုံးဖို့ကို Facebook Account ကို ရွေးချယ်သုံးပြီး၊ စီးပွားရေးအတွက်ကိုတော့ Facebook Page ကို ရွေးချယ်သုံးပါလို့ အကြံပြုလိုက်ပါတယ်။
အခုထိ ဖတ်ပြီးလို့ ကိုယ်က Facebook Account ကိုပဲ စီးပွားရေးတခု အနေနဲ့ သုံးလာတယ်ဆိုရင်တော့ အရမ်းလန့်မသွားပါနဲ့ဦး။ ဒီလို Facebook Account ပဲ သုံးနေသူတွေ၊ Facebook Page ကိုပြောင်းသုံးချင်ရင် သုံးလို့ရအောင် နည်းလမ်းလေးရှိပါတယ်။ လိုအပ်ရင် မန့်သွားပေးပါ။ ကျွန်တော် နောက် စာစောင်မှာ ဘယ်လို ပြောင်းရမယ်ဆိုတာ ရေးသားပေးပါ့မယ်။
အကယ်၍ ဒီ Post လေးက မိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင်တော့ ကျွန်တော့်ကို တခုတော့ ကူညီပေးပါ။
အခြား မိတ်ဆွေလို သိချင်နေမယ့်သူတွေအတွက် ဒီ Post လေးကို Share ပေးလိုက်ပါ။
------------------
ကိုသူရ
(Empowering Entrepreneurs)
Founder of Myanmar Online Entrepreneur

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း