မြန်မာပြော ပါဠိပြော (၃)

 
 
မြန်မာပြော ပါဠိပြော( ၃ )

                     ပုဂံခေတ်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားသည် နှင့်အတူ ပုဂံသားတို့သည် ပါဠိပိဋကတ်
စာပေများကို အပတ်တကုတ် လေ့လာကြပြီးနောက် ပါဠိသက္ကတ ဝေါဟာရများကို မြန်မာဘာသာပြန်၍ “မြန်မာပြော” ပြောရန် အားထုတ်ကြ သကဲ့သို့ မြန်မာ့လျှာနှင့် လိုက်ဖက်အောင် အသံလှယ်၍ “ပါဠိပြော” ပြောရန် အားထုတ်ကြခြင်း လည်း ရှိပုံကို တင်ပြခဲ့ပါသည်။ ပါဠိဘာသာ လေ့လာမှု ကိုယ်ခံ အားကောင်းလာ သောအခါ အထူးသဖြင့် စကားပြေ အပိုင်းတွင် ပါဠိပြော ပြောသည့်ဘက်၌ အားသန် လာသည်ကို တွေ့ရ ပါသည်။
ပုဂံသားတို့သည် ပါဠိဘာသာ စကားကို လေ့လာရင်း မိခင်ဘာသာ ဖြစ်သော မြန်မာဘာသာ စကား ကိုလည်း အထိုက်အလျောက် လေ့လာမှု ပြုခဲ့ပါသည်။ သို့သော် ဝေါဟာရ သဘောကို စူးစမ်း လေ့လာသည့် အဆင့်သာရှိပြီး ဘာသာစကား၏ အချက်အချာ ဖြစ်သော ၀ါကျသဘောကို စူးစမ်းလေ့လာသည့် အဆင့်သို့ ပီပီပြင်ပြင် မရောက်ခဲ့ဟု ဆိုရမည်ဖြစ်ပါ သည်။ ဤနေရာတွင် ဆရာကြီး ဦးဖေမောင်တင်၏ အဆိုအမိန့် တစ်ခုကို ဖော်ပြ လိုပါသည်။ ဆရာကြီးက ပုဂံခေတ်တွင် ရှင်အဂ်္ဂ၀ံသ၏ သဒ္ဒနီတိ ကဲ့သို့ အဆင့် မြင့်သော ပါဠိသဒ္ဒါကျမ်း မျိုးကို ပြုစုနိုင်စွမ်းရှိ လာသည်အထိ ပါဠိဘာသာ ကို နိုင်နင်းကျွမ်းကျင် ကြသော်လည်း မြန်မာဘာသာ စကားကို ပြည့်ပြည့်၀၀ အာရုံစူးစိုက်မှု မရှိသေးပုံကို  “မြန်မာ သဒ္ဒါကို ရေးသားရန် စိတ်မကူးဘဲ ပါဠိ ဘာသာကို ဤမျှလောက် သင်ကြားရေး သားကြသည်မှာ မှတ်သားဖွယ်တစ်ခု ဖြစ်၏”ဟု မိန့်ဆို ထားပါသည်။

မြန်မာစာပေ သမိုင်းတစ်လျှောက် တွင် သတ်ပုံကျမ်း၊ အဘိဓာန်ကျမ်း၊ ဝေါဟာရ အဖွင့်ကျမ်းတို့ ပေါ်ပေါက်သော်လည်း ဆရာကြီး ဦးဖေမောင်တင် အမိန့်ရှိသကဲ့သို့ပင် မြန်မာသဒ္ဒါကျမ်း ရေးရန် စိတ်ကူးပုံ မရသည့်အတွက် မြန်မာသဒ္ဒါကျမ်း စစ်စစ်ဟူ၍ ကုန်းဘောင်ခေတ်အထိ တစ်စောင် တစ်ဖွဲ့မျှ မပေါ်ခဲ့ဖူးပါ။ ကုန်းဘောင်ခေတ် ကုန်ခါနီးတွင် မိုင်းခိုင်းမြို့စား အတွင်းဝန် ပိဋကတ်တော်အုပ် ဦးယံ ပြုစုသော ပိဋကတ် သမိုင်းတွင် ကျမ်းပေါင်း နှစ်ထောင် ကျော် စာရင်းတင်ရာ၌ ပါဠိသဒ္ဒါကျမ်း အများအပြား ပါဝင်သော်လည်း မြန်မာသဒ္ဒါ ကျမ်းဟူ၍ တစ်စောင်တစ်ဖွဲ့မျှ မတွေ့ရခြင်းကလည်း ထိုအချက်ကို သက်သေခံ နေပါသည်။
ပုဂံခေတ်တွင် ဦးကျည်ပွေ့ဟု ထင်ရှားသော ရဟန်းတော်သည် ဂမ္ဘီရတ္ထ ဂန္ထခေါ် သဒ္ဒါနက် ကျမ်းကို ပြုစုသည်ဟု အဆိုရှိသည်။ ထိုကျမ်းသည် ပါဠိသဒ္ဒါ ငယ်ကျမ်း ဖြစ်သည်။ ထိုကျမ်းတွင် မြန်မာကြိယာ နောက် ဆက်၊ နာမ်နောက်ဆက် နှစ်ဆယ် ကျော်ကို ပါဠိစကားနှင့် တွဲဖက်၍ ဂါထာဖွဲ့ဆိုထားသည်။ “သည် ကား စ ပဌမာဝုတ္တာ၊ ကို သို့ စ ဒုတိယာမတာ”စသည့် ဂါထာဖြစ် သည်။  “တို့ ကုန် မပါ ဧက၀ုစ်ဉေယျာ၊ တို့ ကုန် ပါက ဗဟုဝုစ်မတာ”စသည့် ဂါထာလည်းဖွဲ့သည်။ “စာပေအက္ခရာ တင်ပြီးခါစ မြန်မာစကားကို သဒ္ဒါနည်းအရ စူးစမ်း လေ့လာ သုံးသပ်ခဲ့သည်မှာ မှတ်တမ်း တင်ထိုက်သော စာပေမှတ် တိုင်တစ်ခုဖြစ်သည်”ဟု ဆရာကြီး ဦးဝန် (မင်းသုဝဏ်)က မှတ်ချက် ချ သည်။

“ထိုခေတ်က ပညာရှင်တို့သည် ပါဠိသဒ္ဒါကို သင်ယူပြုစုခိုက် မြန်မာ သဒ္ဒါအနေအထားကို စူးစမ်း လေ့လာသည်။ ထိုနည်းတူစွာ ပါဠိအဘိဓာန်ကို  လေ့လာခိုက် မြန်မာဝေါဟာရအနေ အထားကို စူးစမ်း လေ့လာသည်ကိုလည်း  တစ်စွန်းတစ်စ တွေ့ရသည်”ဟု ဆရာ ကြီးက မိန့်ဆိုပြီး ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးပြုစုသော အဘိဓာန်  ဋီကာခေါ် အဘိဓာနပ္ပဒီပိကာတွင် ပါဠိ စကားလုံးအချို့ကို မြန်မာစကားဖြင့် ဘာသာ ပြန်ပြပုံကို သာဓက ဆောင် သည်။ ဆရာကြီးက“ဤဆောင်ရွက် ချက်သည် ပါဠိမြန်မာ နှစ်ဘာသာ အဘိ ဓာန်ကို မျိုးစေ့ချ ခြင်းဖြစ်ကြောင်း မှတ် ချက်ချပြီး မျိုးစေ့ချရုံမျှဖြင့် တင်းတိမ် ရောင့်ရဲမှု မရှိမူ၍ အဘိဓာန် နိသျကို အပြည့်အစုံ ပြုစုခဲ့ပါမူကား ပုဂံခေတ်၊ ပင်းယခေတ် မြန်မာဝေါဟာရ အတော် များများကို ယခုအခါ လေ့လာခွင့်ရရှိ နိုင်ပေမည်” ဟု အားမလို အားမရမှတ် ချက်ချသည်ကို  သတိပြုဖွယ်ဖြစ်သည်။

ဆရာကြီး ဦးဝန်၏ အဆိုအမိန့်ကို ကြည့်လျှင် ပုဂံခေတ်၊ ပင်းယခေတ် မြန်မာပညာရှင်များသည် ပါဠိ ဘာသာ ကို ထဲထဲဝင်ဝင် လေ့လာစူးစမ်းသော် လည်း မြန်မာဘာသာကို ပြည့်ပြည့်စုံစုံ မဟုတ်ဘဲ တစ်စွန်း တစ်စသာ လေ့လာခဲ့ ကြကြောင်း ထင်ရှားသိသာပါသည်။ တစ်နည်းဆိုရလျှင် မြန်မာစကားကို မြန်မာပြော ပြောရန်ထက် ပါဠိပြော ပြောရန် အားသန်ခဲ့ကြကြောင်း သိသာ ပါသည်။ ပါဠိကို မြန်မာစကားဖြင့် ရှင်း လင်းဖွင့်ဆိုခြင်းမဟုတ်ဘဲ မြန်မာကို ပါဠိဘာသာဖြင့် ရှင်းလင်း ဖွင့်ဆိုခြင်းကပင် လျှင် ထိုသဘော ထင်ရှား နေပါသည်။

ပုဂံခေတ်ကစ၍ မြန်မာဝေါဟာရ များကို ပါဠိဝါကျဖွဲ့ပုံစနစ်ဖြင့် ပါဠိဝါကျ ဘောင်ထဲတွင် ထည့်၍ ရေးသော ပါဠိ မြန်မာနိသျအရေးအသား ထွန်းကား လာခြင်းကလည်း ပါဠိပြော ပြောသော အလေ့အား ကောင်းလာမှုကို ဖော်ပြနေပါ သည်။ ပါဠိတစ်ချက် မြန်မာတစ်ချက်  ပြန်ဆိုသော နိသျ အရေးအသားပေါ် ပေါက်လာရခြင်းမှာ ပါဠိဘာသာသင် ယူနေကြသော စာသင်သားများ မြန်မာ ဘာသာပြန်ဆိုရာတွင် အထောက် အကူ ဖြစ်ရန်အတွက် ထိုအရေးအသားမျိုး တွင်ကျယ်လာခြင်း ဖြစ်သည်ဟု ယူဆ နိုင်ပါသည်။ ပါဠိဘာသာနှင့် မြန်မာဘာ သာသည် မျိုးရိုးမတူသော ဘာသာများ ဖြစ်သည်။ ပါဠိက အင်ဒို ဥရောပမျိုးရိုး ဖြစ်၍ မြန်မာက တိဗက် တရုတ်မျိုးရိုး ဖြစ်သည်။ ထို့ပြင် ပါဠိက ရုပ်ပြောင်း  ၀ိဘတ်သွယ် ဘာသာစကားဖြစ်၍ မြန်မာက တစ်သီး ပုဂ္ဂလ ဘာသာစကားဖြစ် သည်။ ပါဠိမြန်မာ နိသျတွင် ပါဠိဘာ သာမှာ အရင်းခံဖြစ်ပြီး မြန်မာဘာသာမှာ ပါဠိ နောက်က လိုက်၍ ဘာသာပြန်ရ ခြင်း ဖြစ်သည့်အတွက် ပါဠိဘာသာ၏ ဖွဲ့ထုံး စည်းကမ်းဘောင်ထဲတွင် မြန်မာ ဝေါဟာရ များထည့်ရသော သဘောဖြစ် သည်။

ပုဂံခေတ်က ကျောက်စာ၊ မင်စာ   စကားပြေများကို မြန်မာဘာသာစကား ၏ ဖွဲ့ထုံးအတိုင်း လွတ်လွတ် လပ်လပ် ရေးသော်လည်း နောက်ခေတ်များတွင် နိသျအရေးအသား အားကောင်းလာသော အခါ ပါဠိဝါကျပုံစံ နောက်သို့လိုက်၍ ရေးသော နိသျ စကားပြေအရေးအသား အားကောင်းလာသည်။ ပုဂံ၊ ပင်းယ ကျောက်စာ များ၏နောက်တွင် မြန်မာ စကားပြေသည် နိသျပုံစံဖြင့် အစောဆုံး ပေါ်ပေါက်သည်ဟု ပညာရှင်များ သုံးသပ်ကြ သည်။ သာဓကအားဖြင့် အစော ပိုင်း ပျို့တစ်စောင်ဖြစ်သော ရှင်မဟာ သီလ၀ံသ၏ ပါရမီတော် ခန်းပျို့တွင် ပျို့စာကိုယ် မဖွဲ့မီ ဖော်ပြသော ဗုဒ္ဓ၀င် အဋ္ဌ ကထာနိသျ စကားပြေအပိုဒ်များကို ဖော် ပြပြီး အစောဆုံးစကားပြေ အဖြစ် ဖော်ပြ ထားသည်ကို တွေ့ရပါသည်။

စိတ်ဝင်စားဖွယ် အချက်တစ်ချက် မှာ ထိုခေတ်စာပေများတွင် စကားပြေ သည် ပါဠိပြောပြောသည့် အလေ့အလာ အားကောင်းပြီး ကဗျာသည် မြန်မာပြော ပြောသည့်အစဉ်အလာ အားကောင်းခြင်း ဖြစ်သည်။
ရှေးမြန်မာစာပေတွင် ကဗျာက စကားပြေထက်ပို၍ အားကောင်းပါ သည်။ ကဗျာပိုင်းတွင် ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတုစသည့် ကဗျာပုံသဏ္ဌာန် အမျိုးမျိုး အင်နှင့်အားနှင့် ပေါ်ထွန်း သော်လည်း စကားပြေ ပိုင်းတွင် အင် အားနည်းကြောင်း အထင်အရှားတွေ့ရ ပါသည်။ စကားပြေ အင်အားနည်း ရသည့်အကြောင်း များတွင် ကဗျာကိုပို၍  စိတ်ဝင်စားသော မြန်မာတို့၏ သဘော စရိုက်သည် အကြောင်းတစ်ခု ဖြစ်သကဲ့ သို့ နိဿယ စကားပြေအလေ့အလာ အားကောင်းနေသည့် အတွက် မြန်မာ စကားပြေသန့်သန့် ဘက်သို့ အာရုံပြုမှု နည်းခြင်း သည်လည်း အကြောင်းတစ်ခု ဖြစ်နိုင်ပါသည်။

စကားပြေဘက်တွင် ပါဠိဝါကျဖွဲ့ ပုံနောက်သို့ မြန်မာက လိုက်ရသော နိသျ ပုံစံဖြင့် “ပါဠိပြော”အား ကောင်းသော် လည်း ပျို့၊ မော်ကွန်း၊ ဧချင်းစသည့်  ကဗျာများ ရေးဖွဲ့ရာတွင်မူ စကားသုံးပုံ၊ ၀ါကျဖွဲ့ပုံ၊ အလင်္ကာတန်ဆာဆင်ပုံတို့မှာ စကားပြေကဲ့သို့ ပါဠိနောက်မလိုက်ဘဲ မြန်မာဘာသာစကား၏ သွင်ပြင် လက္ခဏာနှင့်အညီ “မြန်မာပြော”အလေ့အလာ အားကောင်းနေသည်ကို တွေ့ရပါ သည်။
နိသျစကားပြေတွင် ပါဠိဝါကျပုံစံ ဘောင်ထဲ၌ မြန်မာဝေါဟာရများ အလိုက်သင့်ဝင်ပြီး ပါဠိနောက် သို့မြန်မာ လိုက်ရရှိသော်လည်း ကဗျာတွင်မူ မြန် မာဘာသာစကား၏ ဖွဲ့ထုံးနှင့်အညီ ဖွဲ့ သော ကဗျာပုံစံထဲတွင် ပါဠိမှ မွေးစား ယူသော ပါဠိသက် စကားလုံးများ အလိုက်သင့်ဝင်ပြီး မြန်မာအသွင် ထင် ရှားနေပုံကို နှိုင်းယှဉ်မြင် တွေ့ရပါသည်။

မောင်ခင်မင်(ဓနုဖြူ၊)
(ရွှေအမြုတေ မဂ္ဂဇင်း ဧပြီလ ၂၀၁၃)
(PS:မူရင်း ပို့စ်တင်ပေးသူအား Credit:)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း