ဘဝသင်ခန်းစာ(၇၀)
ဘဝသင်ခန်းစာ(၇၀)
အမျိုးသားတစ်ယောက်က အဖွားအိုကြီးရောင်းတဲ့ လိမ္မော်သီးတွေကို အမြဲ ဝယ်လေ့ရှိတယ် ။
သူ့စိတ်ကြိုက်လိမ္မော်သီးတွေ ရွေးပြီးတာနဲ့ ကီလိုချိန်တယ်။ အဲဒီ့အတွက် ကျသင့်ငွေတွေရှင်းပြီး သူ့လွယ်အိတ်ထဲပဲ ထည့်ယူသွားတယ် ။
ဒါပေမဲ့ အဲဒီလို လွယ်အိတ်ထဲ လိမ္မော်သီးတွေထည့်တိုင်း သူလုပ်လေ့ရှိတာကတော့ ..
လွယ်အိတ်ထဲ ပိုက်ဆံရှင်းပြီးသား လိမ္မော်သီးအားလုံးထည့်ပီးတာနဲ့ လိမ္မော်သီးတစ်လုံးကို အိတ်ထဲက ပြန်ထုတ်တယ် ။
ဆိုင်မှာပဲ အခွံခွာပြီး လိမ္မော်သီးကို စားကြည့်တယ် ။ ပြီးတော့
"ဒီလိမ္မော်သီးက အရမ်းချဉ်တာပဲ"
လိမ္မော်သီးတစ်စိတ်ကို စားရင်း သူကပြောပြီးတာနဲ့ ကျန်တဲ့ တစ်လုံး လုံးကို ဆိုင်ရှင်အဖွားကြီးကို ပေးလိုက်တယ်။
အဖွားအိုကြီးကလဲ တစ်စိတ်စီစားကြည့်ရင်းနဲ့
"ဘာဖြစ်လို့လဲ မချဉ်ပါဘူး၊ သူက ချိုပါတယ် လူကလေးရဲ့ " လို့ ပြန်ပြောတယ်ဆိုရင်ပဲ အဲဒီလူဟာ သူ့ရဲ့ လိမ္မော်သီးအိတ်ကလေးလွယ်လို့ ထွက်သွားနှင့်ပြီ ဖြစ်တယ်။
ဒီအပြုအမူဟာ သူလိမ္မော်သီးလာဝယ်တိုင်း လုပ်နေကျပါပဲ။
တစ်ခါတော့ သူနဲ့ အမြဲတူတူ လိုက်လာတဲ့ ဇနီးဖြစ်သူက နားမလည်နိုင်စွာ မေးတယ်။
" အဲဒီ အမေကြီး ဆိုင်က လိမ္မော်သီးတွေက အမြဲချိုပါတယ်။ ဒါပေမဲ့ ရှင်က ဘာကြောင့် အဲဒီလိုပဲ အမြဲ လုပ်နေရတာလဲ "
ထိုအခါ ယောကျာ်းဖြစ်သူက ပြုံးပြီးပြောလိုက်တယ်။
" အမေကြီးက ချိုမြိန်တဲ့လိမ္မော်သီးတွေ အမြဲရောင်းပေမဲ့ ပိုက်ဆံမတတ်နိုင်လို့ သူ့လိမ္မော်သီးတွေကို သူတောင်မစားဖူးဘူး၊ ငါဒီလိုလုပ်လိုက်တဲ့နည်းနဲ့ သူက မြည်းကြည့်ရင်းပဲဖြစ်ဖြစ် သူ့ပိုက်ဆံတပြားမှမကုန်ပဲ လိမ္မော်သီးချိုချိုလေးတစ်လုံး စားလိုက်နိုင်တာပေါ့ "
ဒီလိုပဲ အဖွားအိုရဲ့ ဘေးဆိုင်က ဈေးသည်မိန်းမကလဲ အဲဒီအမျိုးသားကို ပြစ်တင်ဝေဖန်တယ်။
" ရှင့်ဆိုင်က လိမ္မော်သီးတွေက ချိုရဲ့သားနဲ့ အဲဒီလူက အမြဲချဉ်တယ်ပြောတယ်၊ ဒါတောင် ရှင်က အမြဲ အဆစ်ပိုထည့်ပေးတယ်နော် "
ဒီစကားကြားတော့ အမေအိုကြီးက ကျေကျေနပ်နပ် ပြုံးလိုက်ရင်း…
"သူဒီလိုလုပ်တာ ငါ့ကို လိမ္မော်သီး အလကားကျွေးချင်လို့ဆိုတာ ငါသိတယ်၊ ငါက အဆစ်ထည့်ပေးတာမဟုတ်ပါဘူး၊ သူ့ရဲ့ မေတ္တာတရားက အလေးသာသွားတာပါ "
Credit to ÑoVâ
(PS: တစ်ဦးက စေတနာ၊ တစ်ဦးက မေတ္တာဆိုပြီး ပုံပြင်လေးက အလင်းပြသွားပါတယ်။ ကျွန်တော်တို့လည်း ပုံပြင်လေးကို အားကျပြီးဖြစ်ဖြစ်၊ ဖတ်ဖူးပြီးသား ဖြစ်ခဲ့မယ်ဆိုရင်တောင် အကျိုးရှိတဲ့ စာဖတ်ခြင်းဖြစ်စေဖို့ အနီးအနား၊ ကိုယ်နဲ့ပတ်သက်ဆက်နွယ်ဖူးသူတွေ ကို စေတနာ၊ မေတ္တာလေးနဲ့ ကောင်းကျိုးပြုပေးနိုင်ခဲ့မယ်ဆိုရင်...)
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://web.facebook.com/htooaungwintt/

Comments
Post a Comment