ကျွန်တော်တို့အားလုံး စိတ်ကူးယဉ်ဖူးတယ်



 ကျွန်တော်တို့အားလုံး စိတ်ကူးယဉ်ဖူးတယ်

ကျောင်းတက်တုန်းက ကျောကုန်းဘုကြီးပါတဲ့ စုံတွဲရယ်၊ ပိုလီယိုဖြစ်နေလို့ ဂျိုင်းထောက်နဲ့သွားတဲ့ စုံတွဲရယ် တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် နှစ်တွဲစလုံးက ယောကျာ်းလေးက ချို့ယွင်းတာ။ မိန်းကလေးတွေက ချစ်ရင် သတ္တိရှိသွားကြတယ် ထင်ပါတယ်။
         ယောက်ျားလေးလဲ ရှိမှာပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆိုရင် ခုထိ သူ့ဇနီးအပေါ် သစ္စာရှိတုန်း။ သူ့ဇနီးက ခြေထောက်ထော့ကျိုးဖြစ်နေတာပါ။ ကျွန်တော် ပြောချင်တာက လူတိုင်း အလှကြိုက်ပါတယ်။ စိတ်ကူးထဲမှာ ရုပ်ဆိုးကြီးနဲ့တွဲပြီး၊ ချို့ယွင်းသူနဲ့တွဲပြီး စိတ်ကူးယဉ်ဖူးမယ် မထင်တာကို ပြောတာပါ။ ရုပ်ရှင်ထဲမှာတောင် ပန်းခြံထဲပတ်ပြေးကြတော့ လုလုပပလေးတွေချည်းပဲ။ ကိုယ့်စိတ်ကူးထဲ ယဉ်ကြည့်တော့လဲ လှလှပပလေးပေါ့။ တို့ကတော့ စိတ်ထားကောင်းတဲ့သူနဲ့ပဲ ပေါင်းတယ်တို့၊ စိတ်လှတာပဲ ရွေးတယ်တို့ဆိုတာတွေကို မယုံတာပါ။ လူဆိုတာ အမြဲတမ်း မကောင်းဘူး၊ အမြဲတမ်း မဆိုးဘူးလို့ ယူဆထားတာပါ။ အဲဒါ ကျွန်တော် ခံယူချက်သက်သက်ပါ။ ကိုယ်သဘောကျရွေးချယ်ပြီးတဲ့နောက် ခဏခဏ မပြောင်းဖို့ ပြောချင်တာပါ။ လူဆိုတော့ တချို့အိမ်ထောင်တစ်ဆက်၊ နှစ်ဆက်ရှိတတ်ကြပါတယ်။ မှားခဲ့တယ်ဆိုရင်တောင် ခဏခဏမမှားဖို့ပြောချင်တာပါ။ နိုင်ငံရေးလို မကောင်းရင် (၅)နှစ်နေတော့ ပြောင်းလိမ့်မပေါ့လို့ စိတ်ထဲထားလို့မရတာကို ပြောချင်တာပါခင်ဗျ…။
ကျွန်တော် စိတ်ကူးယဉ်ဖူးတယ်။ အတွေးထဲမှာတော့ မင်းသားပဲ။ ဇာတ်လမ်းတွေ၊ ဇာတ်ကားတွေ ကြည့်တယ်။ အဲဒီထဲက မင်းသားဟာ ကိုယ်ပဲ။ ဘယ်လောက်ဆင်းရဲတဲ့ မင်းသားဖြစ်ဖြစ် ဇာတ်လမ်းမဆုံးခင် ချမ်းသာသွားမယ်ဆိုတာ မပြောလည်း သိနေခဲ့တော့ ရုပ်ရှင်ထဲမှာ မင်းသားဆင်းရဲနွမ်းပါးနေရင်တောင် ကြည့်လို့ ကောင်းနေတယ်။ မင်းသားနှိပ်စက်ခံနေရလို့ စိတ်မဆင်းရဲမိဘူး။ မကြာခင် အားရအောင် သူပြန်တွယ်မယ်ဆိုတာ ကိုယ်သိထားတယ်လေ။ တကားလုံးမှာ ဆင်းရဲနေရင်တောင် သူအိပ်ပျော်တဲ့အခါ၊ စိတ်ကူးယဉ်တဲ့အခါ အဝတ်အစားသစ်တွေနဲ့ ရွှေမင်းသမီးနဲ့ ပန်းခြံထဲ ပတ်ပြေးကြဦးမှာ မဟုတ်လား။
လက်တွေ့ဘဝမှာ ဒီလို မချိုဘူးဆိုတာ ကျွန်တော် သိတယ်။ ဟိုးတုန်းကလည်း သိတယ်။ လက်မခံဘူး။ ဇွတ်ပဲ စိတ်ကူးယဉ်ပစ်လိုက်တယ်။ ပြောချင်တာက စိတ်ကူးထဲမှာ လူကြမ်းနေရာက သရုပ်မဆောင်ဘူး ဆိုတာကိုပါ။ မိန်းမတွေ အများကြီးယူမယ်တို့၊ အိမ်ထောင်တွေ အများကြီးပြုမယ်လို့ပေါ့။ လက်ရှိမှာတော့ စိတ်ကူးမယဉ်ဖူးတာတွေကို အွန်လိုင်းကျေးဇူး၊ ဖုန်းတစ်လုံးကျေးဇူးနဲ့ နှစ်နှစ်ကာကာ လုပ်နေကြသူတွေများတယ်။
ကျွန်တော် သင်တန်းတစ်ခုကို တစ်လကြာတက်ဖြစ်တယ်။ အဲဒီမှာ ထပ်တိုးလာတဲ့ အသိတွေ၊ သူငယ်ချင်းတွေကို လက်ခံဖြစ်တယ်။ ကျွန်တော် ဘာကောင်မှ မဟုတ်ပါဘူး။ သူတို့တွေကိုလည်း နာမည်အရင်းနဲ့ တွဲမသိဘူး၊ သိခဲ့ရင်တောင် အားမနာ လျှာမကျိုးပြောရရင် မမှတ်မိတော့ဘူး။ ဆိုလိုတာက (Personal) ကိစ္စတွေကို စိတ်မဝင်စားဘူး။ ဝါသနာတူရာ စာပေ၊ ကဗျာ၊ သတင်းအချက်အလက်တွေပေါ်မှာပဲ စိတ်ဝင်စားပါတယ်။ သူငယ်ချင်းဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ကမေးတယ်။ ဘယ်သူ့ကို သိလားပေါ့။ ရိုးရိုးပဲပြန်ဖြေလိုက်ပါတယ်။ မသိဘူးပေါ့။ တကယ်တော့ သူမ အမျိုးသားခြေရှုပ်နေတာကို စုံစမ်းချင်တာပါ။ သူ့အမျိုးသားကလည်း ကိုယ့်အကောင့်ထဲမှာ ရှိတယ်။ သူမေးတဲ့နာမည်နဲ့တော့ မဟုတ်ဘူး။ သူ့အမျိုးသားလည်း စိတ်ကူးယဉ်ဖူးမှာပါ။ ဒါပေမယ့် မိန်းမရပြီး ကောင်မလေးတွေနဲ့ အီမယ်၊ ခြေရှုပ်မယ်ဆိုပြီး စိတ်ကူးမယဉ်ဖူးမှာတော့ သေချာတယ်။
ကျွန်တော်တို့အားနည်းချက်ကလည်း (Chat Box) ကနေ လာကြွေပြရင် ငါကွဆိုပြီး လက်မထောင်ချင်ကြသူတွေ များမယ်ထင်တယ်။ အနည်းဆုံးတော့ ပြန်ဟိုင်းမိကြမှာပါ။ ဒီနေ့ခေတ်က ယောက်ျားလေးအချင်းချင်း (Chat Box) မှာ စကားတွေ အများကြီး ပြောကြတယ်မှ မရှိတာကိုး။ တစ်ဖက်က အကြောင်းတစ်ခုခုကြောင့် လေးငါးကြောင်းလောက်ပြောမှ အင်းတို့၊ အေးတို့လောက် ပြန်ဖြစ်တာ ကိုယ်တွေ့လေ။
ဆရာလုပ်တာလည်း မဟုတ်ရပါဘူး။ ကောင်မလေးတစ်ယောက်ယောက်နဲ့ ငြိတော့မယ့်အခြေအနေမျိုးကြုံလာရင် မင်းသား၊ ဇာတ်လိုက်အဖြစ် စိတ်ကူးယဉ်ဖူးတာကို အမှတ်ရလိုက်ပါလို့ အကြံပြုချင်ရဲ့။ မနှစ်သက်ဖူးတဲ့ ကြာကူလီ၊ မြာသမား၊ ဖောက်ပြန်သူတစ်ယောက်အဖြစ် ဂုဏ်ယူတော့မလားဆိုပြီးပေါ့။ ဘာ့ကြောင့်လဲဆို ကျွန်တော်တို့အားလုံး စိတ်ကူးယဉ်ဖူးတယ်လေ။
တစ်ချိန် ပုံပြင်တွေကို ပြန်ပြောခွင့်ရတဲ့အခါ ကိုယ့်သားသမီးကို အတိတ်က ကိုယ့်ရဲ့ဘယ်ပုံပြင်ကို ပြန်ပြောချင်ကြမလဲ။ သူများတွေပြောပြကြမယ့် ကိုယ့်အကြောင်း၊ ဘယ်အပိုင်းကိုတော့ သားသမီးတွေကို ပြန်ကြားစေချင်သလဲ။ ဘယ်အပိုင်းတွေကိုတော့ ပြည်ဖုံးကားချချင်သလဲ။ ရွေးချယ်ခွင့်က သူငယ်ချင်းလက်ထဲမှာ မဟုတ်လား။ စဉ်းစားပါ သူငယ်ချင်း…။ (Chat Box) က ကောင်မလေးကို စာမပြန်ခင်…။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(27.3.2017)(11:35)PM
https://web.facebook.com/htooaungwintt/ 

(PS:ကျွန်တော် စိတ်ကူးယဉ်ဖူးတယ်။ မျက်မှန်ပါတဲ့ ကောင်မလေးတွေ သဘောကျဖူးတယ်။ မေကဗျာရဲ့ အ-အ လုပ်တဲ့ VCD လေးကြည့်ပြီး စကားမပြောတတ်တဲ့ ကောင်မလေးမျိုး စိတ်ဝင်စားဖူးတယ်။ ကျွန်တော့် မဒီလေးကတော့ မျက်မှန်လည်း မပါဘူး၊ စကားလည်းပြောတတ်ပါ့။ ခုဆို ဘာလိုလိုနဲ့ ဆယ့်သုံးနှစ်ရှိပေါ့…)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း