အိုင်ချင်း
အိုင်ချင်း
အသံ အိုင်အိုင်၊ အသံ မြိုင်မြိုင်နှင့် သံပြိုင်သီဆိုရသော အချင်းမျိုး ဖြစ်သောကြောင့် အိုင်ချင်း ဟုခေါ်သည်။ ဤသီချင်းသံကို ကြားလိုက်လျှင် မျက်ရည်ဖြိုင်ဖြိုင် အိုင်၍ စီးဆင်းလာစေတတ်သော သတ္တိကြောင့် အိုင်ချင်း ခေါ်ပါသည် ဟူ၍လည်း ဆိုကြသည်။ အိုင်ချင်းများသည် ပထမအင်းဝခေတ်ကပင် စ၍ ပေါ်ခဲ့ရာ ကောက်စိုက်သူတို့ ဆိုကြသော အိုင်ချင်းများကိုသာ တွေ့ရ၏။ ဤသို့ တောရွာကျေးလက်တွင် ဖြစ်ပျက်သော အကြောင်းအရာများကို ဖွဲ့နွဲ့သည့် အိုင်ချင်းများကိုသာ တွေ့ရသောကြောင့် နန်းသုံးတော်ဝင်သည့် ကဗျာ ဟုတ်မည်မထင်ဟု ယူဆမိပါသည်။
အိုင်ချင်းစပ်နည်းမှာ မခက်လှချေ။ အစချီရာတွင် ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်မတို့လေ ဟု အစချီသည်။ အဆုံးချရာတွင် အပျိုဖြူငယ်က ကျွမ်း၊ လွမ်းတုံ့တင် လေ ဟူ၍ ချသည်။ လှေနံဓားထစ်ကား မဟုတ်ချေ။ အပျိုဖြူငယ်နှမမှာ၊ ကြုံရတင်ရှင်၊ အပျိုဖြူ ငယ်ကပေါင်းပါတဲ့၊ သူကောင်းငယ်လေး စသည်ဖြင့် ရေးဖွဲ့လေ့ရှိသည်။ တခါတရံတွင် ချစ်တင်းငယ် နှောသည်၊ ပြောစို့ငဲ့လေး ဟူ၍လည်းကောင်း၊ မြင်တိုင်းမုန်းစရာ့၊ ဂုန်းမအို၊ ရေလိုခန်းခြောက်ပါစေသား ဟူ၍ လည်းကောင်း ရေးဖွဲ့တတ်သေးသည်။ ဉာဏ်ရှိသလို ဖွဲ့နိုင်ခွင့်ရှိသည်။ စည်းကြီးကမ်းကြီးကား မဟုတ်လှပါ။ ထို့ကြောင့် ကာရန်ယူပုံစနစ် အထူးမပြတော့ပြီ။
အိုင်ချင်းတွင် "အိုင်" ဟူသော အမည်နာမ၏ အကြောင်းအဓိပ္ပာယ်ကို ကဗျာကျမ်းများတွင် မတွေ့ရပါ။ အိုင်-ဟူသောစကားမှာ ပြည့်လျှံသည်ဟု အဓိပ္ပာယ်ရှိသဖြင့် အသံခြောက်မျိုး ပြည့်ပြည့်ဝဝရှိသောကဗျာဟု ဆိုလိုက ဆိုနိုင်ကြောင်း ပညာရှိများ ပြောဆိုကြသည်။
သုံးထောင့်အိုင် နှင့် ရာပြည့်အိုင် ဟူ၍ နှစ်မျိုးကွဲပြားကြောင်း ကဗျာကျမ်းတို့၌ တွေ့ဖူးသည်။ မန္တလေးမြို့၊ သစ်တောဝန်ဦးကျော် ထုတ်ဝေသော ၁၂၉၂-ခုနှစ်၊ တော်သလင်းလထုတ် "သုတဝဍ္ဎဏ စာတမ်း" စာအုပ်၊ အတွဲ-၁၊ အမှတ်-၁၊ စာမျက်နှာ-၁၄၊ ကဗျာဋီကာ ကဏ္ဍ၌ အောက်ပါအတိုင်း ဖော်ပြထားသည်။
"သုံးထောင်အိုင်, သုံးထောင့်အိုင်" ဟူ၍ ၂-မျိုးခေါ်ဝေါ်ရေးသားကြသည်။ သုံးထောင်-သုံးထောင့် ဟူသော စကားများ၏ အဓိပ္ပာယ်ကို ရှေးစာဟောင်းများ၌ ဖွင့်ဆိုချက် မတွေ့ဖူးချေ။ သို့သော်လည်း 'အိုင်' ဟူသော စကားမှာ သီဆိုရာ၌ အသံတမျိုးဖြစ်လေသည်။ ထိုအသံကို 'အိုင်သံ' ဟူ၍ ခေါ်ဝေါ်ကြသည်။ အဲသံ၊ အန်သံ၊ အိုင်သံ သုံးမျိုးရှိသည့်အရာ သိသာထင်ရှား၏။
ကဝိလက္ခဏာသတ်ပုံကျမ်းတွင် "စည်ကြီးထိန်းထိန်း၊ စည်မှဒိန်း၊ ဟိန်းဟိန်းမြည်သံအိုင်" ဟူ၍ စပ်ဆိုသည်ကို ထောက်ထားသင့်၏။ သုံးထောင့်အိုင် ဟူရာ၌ သုံးထောင့် ဆိုသောစကားမှာ ထိုသီချင်းကို ရေးသားသူ၏ အမည်နေရပ်ဌာနသော်လည်း ဖြစ်တန်ရာ၏။ ဗါးကရာနိသျှ၊ ဒက္ခိဏဝန်နိသျှ၊ ယိုးဒယားဖိန်းချားကြီး၊ ပုစဉ်းတောင်ကြိုး စသည်တို့ကဲ့သို့ အမည်နေရပ် ရှေ့ရှူထင်မြင်ရာစွဲမှတ်၍ "သုံးထောင့်အိုင်-ရာပြည့်အိုင်" ဟု ခေါ်ဝေါ်ခြင်းသာ ဖြစ်သည်။ အဓိပ္ပာယ် အထူးကြံစည်ဖွယ်မရှိ။ မူလအတ္ထုပ္ပတ္တိကို သိနိုင်ရန် ခဲယဉ်း၏။ " ဟူ၍ ရေးသားဖော်ပြထားသည်။
၎င်းပြင် သထုံမြို့၊ အေတီအင်ဘွဲ့ရ အငြိမ်းစား အရေးပိုင်မင်း ဦးကျော်ထွန်း ကြီးကြပ်ထုတ်ဝေသော မြန်မာစာညွန့်ပေါင်းကျမ်း၊ ပထမတွဲ၊ အခဏ်း-၁။ စာမျက်နှာ-၈ ၌ (မှတ်ချက်ကား - မြန်မာသက္ကရာဇ် ၁၁၀၀-ပြည့်နှစ်လောက်မှာ ပေါ်သောအိုင်ကို 'ရာပြည့်အိုင်' ခေါ်သည်) ဟူ၍ ဆုံးဖြတ်ရေးသားထားသည်။
Comments
Post a Comment