လှေကားဦးမှာ

လှေကားဦးမှာ

 
ချစ်တဲ့သူငယ်လေ ... ၊
သူငယ်ချင်းကောင်း ယောက်မတို့လေ ... ။
ငါ့ကိုလွယ် အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊
အိမ်လေးထောင့်မှာ ဆူးတွေချလျက်၊
ဖျက်နဲငယ်မှ စေ့စုံ။
လှေကားခုံမှာ ဂဠုန် မောင့်ကြောင့် စောင့်တော့တယ်။
လှေကားဦးမှာ ဘီလူးမောင့်ကြောင့် စောင့်တော့တယ်။
လှေကားခြေမှာ ဆူးလေမောင့်ကြောင့် ကြဲတော့တယ်။
အိမ်တိုင်တိုင်းမှာ နွားရိုင်းမောင့်ကြောင့် ချည်တော့တယ်။
ထရံကြားမှာ ဓားသွားမောင့်ကြောင့် ထားတော့တယ်။
အိမ်ကြမ်းကြားမှာ အပ်သွားမောင့်ကြောင့် စီတော့တယ်။
အိမ်မိုးခေါင်မှာ လှံထောင်မောင့်ကြောင့် စိုက်တော့တယ်။
မောင်လဲ ဘယ်က တက်ပါ့မယ်။
မယ်လဲ ဘယ်က ဆင်းပါ့မယ်။
ကြွက်ကဲ့အယောင် ကြောင်ရဲ့အလား၊
ထုတ်နှင့်ယောက်ကို ထိုးဖောက်သွားက၊
ထုတ်သားငယ်မှ မခိုင်၊
ထုတ်တိုင်ငယ်မှ ပိုးထိုး၊
အလယ်ခေါင် ဖောင်ဖောင်ကျိုးက၊
သူခိုးဆိုညွှန်း မီးတင်ထွန်းလို့ ဝန်းကြသောအခါ၊
ဆင်းချခုန် - လမ်းဆုံရောက်ပါလိမ့်မယ်လားရှင်။
ညီမအထွေး ရွှေတလေးကို
ပြေး၍ ကြည့်ချေ စေလေသော့ခါ
အမယ် - မမ ကျွန်မခဲအို မြင်ငဲ့ပါတို့
ရွာလယ်ခေါင်တွင် ခုတင်ကြီးမှာ
စောင်းတီးလို့လေး။ 
 
မှတ်ချက်
• ရှေးကဗျာစာအုပ်များတွင် (အမည်မသိရှေးစာဆို) ဟုသာ ပါသော်လည်း ဆရာတင်မိုး၏ "မြန်မာ့ဘဝ၊ မြန်မာ့ဝန်းကျင်နှင့် မြန်မာ့ကဗျာ" စာတမ်းတွင် တောင်တွင်းရှင်ငြိမ်းမယ် ဟု တွေ့ရသောကြောင့် တောင်တွင်းရှင်ငြိမ်းမယ် ၏ အိုင်ချင်းအဖြစ် သတ်မှတ်ထားပါသည်။
 
စာဆိုရှင်အမည် = တောင်တွင်း ရှင်ငြိမ်းမယ်
ကဗျာအမျိုးအစား = အိုင်ချင်း
ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း