ဖိနပ်ခိုးဖူးတဲ့ ရှဉ့်

ဖိနပ်ခိုးဖူးတဲ့ ရှဉ့်

            ကျွန်တော် ဖိနပ်ပျောက်ဖူးပါသည်။ (၂၀၀၉/၂၀၁၀) လောက်က ထင်ပါသည်။ ရပ်ကွက်ထဲရှိ အိမ်နားမှ ဘုရားကို ည (၇)နာရီလောက်တွင် အမေနှင့် သွားဖူးသည်။ ဖိနပ်ကို ဘုရားအဝင်မုဒ်ပေါက်နားတွင် ချွတ်ထားခဲ့သည်။ ဘုရားရှိခိုးပြီး၍ ပြန်လာချိန်တွင် ကျွန်တော့်ဖိနပ်မှာ မရှိတော့။ အမေ့ဖိနပ်ကတော့ ထားခဲ့စဉ်က အတိုင်းပင် ရှိနေသည်။ ကျွန်တော့် ဖိနပ်မှာ အသစ်အကောင်းမဟုတ်။ သားရေဖိနပ်အဟောင်းတစ်ရံသာ ဖြစ်သည်။ စီးဖို့ယူသွားတာပဲလေဟု တွေးကာ စိတ်အနှောက်အယှက် မဖြစ်ခံတော့။

            (၂၀၁၁) ဧပြီတွင်လည်း ဖိနပ်တစ်ရံ ပျောက်ဖူးသည်။ ထိုဖိနပ်ကတော့ အသစ်ဖြစ်သည်။ ပျောက်သည့်နေရာက ပြင်ဦးလွင် ကျောက်တော်ကြီးဘုရားတွင် ဖြစ်သည်။ သွားကြသည်က လူကြီး(၄)ယောက်နှင့် ကလေးတစ်ယောက်။ သားကြီးကောင်းဇေယျာလင်း (၈)လသားအရွယ်တွင် ဖြစ်သည်။ ဘုရားတွင်လည်း လူရှင်းနေသည်။ ကိုယ်တွေ ဘုရားဖူးနေစဉ် လူငယ်တစ်အုပ်တက်လာကြသည်။ ဘုရားဖူး၍ ပြန်တော့မည်ဆိုတော့ ဖိနပ်ကို တစ်စုတည်း(လေးယောက်) ချွတ်ထားသည့်နေရာတွင် မတွေ့ရတော့။ ဖိနပ်တစ်ဖက် ပျောက်နေသည်။ ခွေးချီသွားခြင်းလည်း မဖြစ်နိုင်တာ သေချာသည်။ မဒီစံက ဖိနပ်ပျောက်မည်စိုး၍ ကျွန်တော့်ဖိနပ်အပေါ်မှ သူ့ဖိနပ်ကို ထပ်တင်ထားခဲ့သေးသည်ဟု ပြောသည်။ စနောက်လို၍သာ တစ်ဖက်တည်း ပျောက်သွားခြင်း ဖြစ်သည်။

            ကျွန်တော်လည်း ဂန္ဒီ၏ ဖိနပ်တစ်ဖက်ပုံပြင်တွေ ဇာတ်လမ်းတွေ ဖတ်ဖူးသဖြင့် တစ်ဖက်တည်း ကျန်နေသည့် ဖိနပ်ကို ချန်ထားခဲ့မည်ပြုသည်။ သို့မှသာ ဖိနပ်တွေ့သူသည် စီးနိုင်မည် မဟုတ်လား။ သို့သော် ညီမလတ်က ကျန်ဖိနပ်တစ်ဖက်ကို ထားခဲ့ခွင့်မပြု။ သူ့ဆိုင်ကယ်ခြင်းထဲ ပြန်ထည့်လာသည်။ နောက်ရက်တွင်မှ တွေ့လိုတွေ့ညား ထိုနေရာသို့ ကျွန်တော်ဖြတ်သွားရင်း ရှာကြည့်သည်၊ မတွေ့။ သို့နှင့် ကျန်တစ်ဖက်ကို ထိုနားရှိ အမှိုက်တောင်းနားတွင် ထားခဲ့လိုက်သည်။

            ပြောချင်သည်က ကျွန်တော် ဖိနပ်နှစ်ခါ ပျောက်ဖူးသည်။ ကံ၊ ကံ၏ အကျိုးကို ယုံကြည်သူ ဗုဒ္ဓဘာသာဝင်ပီပီ ကျွန်တော် ယုံကြည်မိသည်က အတိတ်ဘဝတစ်ခုခုတွင် ကျွန်တော် ဖိနပ်ခိုးခဲ့ဖူးပေလိမ့်မည်။ ခိုးခဲ့သည့်နေရာသည်လည်း ဘုရားတွင် ဖြစ်သည်။ ဘုရားဖူးများ၏ ဖိနပ်ကိုခိုးခဲ့ခြင်း ဖြစ်မည်။ ထို့ကြောင့် ကျွန်တော်ဖိနပ်ပျောက်သည့်အခါတိုင်းသည် ဘုရားဖူးသွားသည့် အခါတိုင်းတွင် မဟုတ်လား။

            ယခုနောက်ပိုင်းတွင် ဖိနပ်လည်း မပျောက်တော့သဖြင့် အကုသိုလ်ဝဋ်ကြွေး ကျေသွားပြီဟု ထင်မိပါသည်။ ဤအကြောင်းအရာလေးသည် အတိတ်ဘဝက ကျွန်တော်၏ မကောင်းကွက်ထဲမှ တစ်ကွက်သာ ဖြစ်သည်။

(မှတ်ချက်။        ။ ပုံမှာ ကျွန်တော် ဖိနပ်ပျောက်ပြီးနောက် ဖိနပ်မပါပဲ ပြင်ဦးလွင်ညကို လျှောက်လည်စဉ်က ပုံဖြစ်သည်။ )

ရှဉ့်ညိုလေး

(၈.၁၁.၂၀၂၂)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း