သူဇာပျို့
၁၁။ ထိုနတ်သမီး၊ ထွန်းညီးလျှံတောက်၊ ခုနှစ်ယောက်တို့၊
မို့မောက်လွန်ကဲ၊ အမြဲသာပျော်၊ စံသည်သော်ကား၊ မြတ်ကျော်ပြောင်ပတ်၊ စီချယ်ခတ်သည်၊
ပြာသာဒ်လျှံပြောင်၊ ခုနှစ်ဆောင်ထက်၊ ရန်အောင်ပည်းသီ၊ ငါးရာစီနှင့်၊ စုံညီအင်္ဂါ၊
တူရိယာသံညင်း၊ သီကခြင်းလည်း၊ မကင်းနေကျ၊ စံစားကြ၏၊ မှိုင်းပျမင်းလွင်၊
အုံ့ဆင်တိမ်သား၊ သွားလာချင်ဘွယ်၊ တနေ့ဝယ်နှိုက်၊ တင့်တယ်ထွေဆန်း၊ ဆွတ်ဖျန်းရေကြည်၊
ကစားမည်ကို၊ ဘုန်းခြည်ထွန်းပ၊ ဒေဝိန္ဒအား၊ ညွတ်ခပြန်ခေါက်၊ သုံးကြိမ်လျှောက်မှ၊
သွားခွင့်ရသော်၊ ကျူးလှကျော်အောင်၊ သုံးထောင်ငါးရာ၊ ရံများစွာတို့၊ မသာရဂလ်၊
ဝေဝှန်ရောင်ညှိ၊ လောဟိတင်္က၊ မနောမြနှင့်၊ ယိုကျလုလု၊ ဝေဠုရိယ၊ စိမ်းမြမျက်ကျော်၊
ဝိရော်စန၊ မုတ္တသန္တာ၊ ဝဇိရာတိ၊ ထိန်ဖြာရွှန်းရွှင်၊ တန်ဆာဆင်လျက်၊ စံတင်ထွတ်ထား၊
ခုနှစ်ပါးတို့၊ ထူးပြားကျူးကျော်၊ ဆင်သည်သော်ကား၊ မူးမော်အံ့ချီး၊ မပြီးနိုင်ရာ၊
တန်ဆာစွဲအင်၊ ကိုယ်လုံးဆင်၍၊ စီရင်ကျူးလွန်၊ အင်းမန္တန်ဖြင့်၊ တက်ပွန်ဥပဒေ၊ စန္ဒီသေသည်၊
ထိန်ဝေပြိုးပြက်၊ ဘယက်ရိုးရဲ၊ ကိုယ်စီဆွဲလျက်၊ ကျူးနွှဲတူရိယာ၊ သာသည်သံညင်း၊
သီကခြင်းနှင့်၊ ဝင်းဝင်းတောက်ပ၊ ပျံလှာကြသည်။ ။ မရာပြိုင်ဘော် တုကျွန်းတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment