သူဇာပျို့
၁၀။ ရသေ့မြတ်စွာ၊ ကျင့်ရာရှောင်ကြောင်း၊ ကောင်းသည့်တရား၊ ဟောပါငြားလည်း၊ နားမတွင်လျှင်း၊ လျင်ပြင်းမကြား၊ ထခဲ့လာသော်၊ သီတာချမ်းကြည်၊ ငါးမည်ကြာမျိုး၊ ရေပေါ်မိုးလျက်၊ ရှိုးရှိုးရှိမ်းလန်း၊ ကန်ကိုဝန်းသည်၊ ပန်းလည်းစုံစီ၊ လှိုင်ညီပျံ့လွင့်၊ ပင်တိုင်းပွင့်၏၊ မတင့်စတောင်း၊ ငှက်အပေါင်းလည်း၊ သောင်းသောင်းတွန်ထူး၊ ဘော်ပြိုင်မြူးလျက်၊ ပျံ့ပျူးနှစ်လို့၊ နတ်တို့ပျော်ရာ၊ သာသည်လွတ်တု၊ ပျော်ဘွယ်စုသည်၊ သီတုဒက၊ မည်ရခေါ်မှတ်၊ ရေကန်မြတ်သို့၊ လှည့်ပတ်သင့်ထွေ၊ ရောက်ပြန်လေ၍၊ သောက်ရေချိုးသုံး၊ ရင့်ဆုံးကြာသီး၊ ဆွတ်စားပြီးမှ၊ လေးကြီးတင်ကာ၊ ချုံလုံရာက၊ လာလာသားမျိုး၊ မြှော်ခိုးငံ့ထွေ၊ စောင့်နေလေ၏၊ တည့်နေယိမ်းကာ၊ ထိုအခါဝယ်၊ ဟေမာဂီရိ၊ အမည်ရှိသည်၊ ထွန်းညိပြောင်ပြောင်၊ ရွှေစင်တောင်ကို၊ ထွတ်ခေါင်ပိုင်စိုး၊ ချုပ်ကိုင်မိုး၍၊ တန်းခိုးရောင်ထိန်၊ ထန်ပြင်းရှိန်သည်၊ ဒေဝိန္ဒရာဇ်၊ နတ်မင်းစစ်နှင့်၊ လွန်ချစ်သက်မျှ၊ အတုလဒေဝတာ၊ မည်သာထင်ရှား၊ မိဖုရား၏၊ သည်းကြားဆင့်ကာ၊ ကလျာကောင်းညီ၊ ယဉ်ကုံးသီသည်၊ ဟာရီစိတ္တာ၊ ရာမာကည၊ ရာမ္မပိယာ၊ သူဇာမည်ခေါ်၊ တူဘော်ပေါက်ဘွား၊ ခုနှစ်ပါးတို့၊ ကစားရေမှာ၊ ပျော်မည်လာသည်။ ။ အံ့ရာအထူး အဆန်းတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment