ရိုင်းပျဖူးတဲ့ ရှဉ့်


 ရိုင်းပျဖူးတဲ့ ရှဉ့်

            ကျွန်တော် မနှစ်သက်တဲ့ အခြေအနေနှစ်ခု ရှိပါတယ်။ တစ်ခုက မွှေးလွန်းတဲ့ အရာတွေကိုပါ။ ဥပမာ တစ်ယောက်ယောက်က မွှေးလွန်းတဲ့ ရေမွှေးတွေဆွတ်ထားပြီး ကျွန်တော့်အနားမှာ အချိန်ခပ်ကြာကြာ ရှိနေရင် ခေါင်းကိုက်လာတတ်တာပါ။ ကာနေးရှင်း အနံ့ပြင်းပြင်းတွေဆိုလည်း မကြိုက်ပါဘူး။ အမွှေးနံ့ ခပ်ပျော့ပျော့လေးတွေဆို ကြိုက်ပါတယ်။ စံပယ်နံ့တို့ ဘာတို့ပေါ့။ ရေချိုးပြီးစ ကိုယ်တိုက်ဆပ်ပြာနံ့ သင်းသင်းလေး ဆိုလည်း သဘောကျပါတယ်။ ပြောချင်တာက အနံ့ပြင်းလွန်းရင် မကြိုက်တာကိုပါ။

            နောက် မနှစ်သက်တဲ့ အခြေအနေတစ်ခုက အသံတွေ သိပ်ဆူလွန်းတာကိုပါ။ ကျောင်းသားဘဝတုန်းက အိမ်စာလုပ်နေရင် သီချင်းသံခပ်တိုးတိုးလေးဖွင့်ပြီး လုပ်ပါတယ်။ သီချင်းသံလည်း သိပ်ကျယ်လွန်းရင်တော့ ဆူညံသံထဲ ရောက်သွားရော။

ဆူညံသံမကြိုက်တဲ့ ကျွန်တော် နေရတဲ့ဝန်းကျင်က ဆူညံတဲ့ ဝန်းကျင်ပါ။ ကျွန်တော်တို့ အမွေရတဲ့ ဝင်းခြံလေးက ပေ (၂၀)(၄၀)ပါ။ အိမ်ရှေ့မှာ လမ်းမကြီးရှိပါတယ်။ မျက်နှာချင်းဆိုင်က အိမ်က အသံချဲ့စက်ပြင်ပါတယ်။ အဲဒီတော့ တစ်ချိန်လုံး တောသီချင်းသံ ဆူဆူညံပါတယ်။ အိမ်ရဲ့ ညာဘက်က ဟိုးတုန်းက ယက္ကန်းခတ်ပါတယ်။ အဲဒီအသံကတော့ စိတ်ထဲ အနှောက်အယှက် မရှိပါဘူး။ အိမ်ရဲ့ နောက်ကျောဘက်က တွင်သံဂဟေ လုပ်ငန်းပါ။ သံတံခါးတွေ၊ သံနဲ့ပတ်သက်တာတွေ လုပ်ပါတယ်။ ရှင်းရှင်းပြောရင် ဆူတာပေါ့။ အိမ်ရဲ့ ဘယ်ဘက်က သစ်စက်အိမ်က ပိုင်တဲ့ဝင်းမို့ သစ်တွေထားပါတယ်။ နေ့တိုင်း သစ်ရောင်းနေတာမို့ သစ်ကားလာချတဲ့အခါ၊ သစ်ရွေးတဲ့အခါ ဆူပါတယ်။ သစ်လုံးတွေဆိုတော့ ဝုန်းဒိုင်းပစ်ချရတာကိုး။

(၂၀၀၁)လောက်မှာ ကျွန်တော် အရောင်းအဝယ်လေး ဘာလေးလုပ်ရင်း ငွေကိုင်ခွင့်ရတဲ့ကာလမို့ အမေနဲ့တိုင်ပင်ပြီး ပေ(၅၀) (၆၀)ဝင်းလေး ဝယ်ပါတယ်။ အဖေက အဲဒီအချိန်မှာ ခရီးသွားနေလို့ အိမ်မှာမရှိပါဘူး။ နေရာလေးလည်း ကျယ်တယ်၊ ဝန်းကျင်ကလည်း တစ်အိမ်ခြာက လင်မယား ရန်ဖြစ်တဲ့အခါကလွဲလို့ ကောင်းပါတယ်၊ မဆူပါဘူး။ နောက်တော့ ဝန်းကျင်က လုပ်ငန်းတွေ ပြောင်းလာကြပါတယ်။ ကျွန်တော်တို့နဲ့ ကပ်လျက် အရှေ့ဘက်အိမ်က သံတိုသံစတွေ၊ ထော်လာဂျီအပျက်တွေ ဝယ်တဲ့လုပ်ငန်းလုပ်ပါတယ်။ အမြဲတမ်းမဟုတ်ပေမယ့် နည်းနည်းဆူပါတယ်။ နောက်ကျောဘက်အိမ်က လုပ်ငန်းပြောင်းပြီး သစ်(ကျွန်း)တံခါးတွေ လုပ်ပါတယ်။ အရင်တုန်းကတော့ မနက် (၇)နာရီလောက်ကနေ ည(၈)ခွဲ၊ (၉)နာရီထိ လုပ်ပါတယ်။ နောက်တော့ ညှိနှိုင်းပြီး မနက်(၈)နာရီ ည(၆)နာရီ ပြောင်းသွားပါတယ်။ အဲဒီအသံက တော်တော်ကို ဆူပါတယ်။ တစ်ခါတစ်ခါ မီးပျက်နေရာက ပြန်လာရင်တောင် စိတ်ထဲ သိပ်မပျော်ပါဘူး။ ရွေဘော်စက်ထိုးတဲ့အသံကြီး ကြားရဦးမယ်ဆိုပြီးပေါ့။ သူတို့လည်း လုပ်ငန်းအရေးကြီးရင် မီးစက်နှိုးပြီး လုပ်ပါတယ်။ မီးစက်သံရော ရွေဘော်စက်အသံရောဆိုတော့ ကိုယ့်အိမ်ထဲတင် စကားပြောတာကို အော်ပြောနေရရော။

ကျွန်တော်တို့ အိမ်ရဲ့ဘယ်ဘက်က လမ်းသွယ်လေးပါ။ လမ်းသွယ်လေးဘေးကအိမ်ကလည်း ဘီရိုတွေ၊ ကုတင်တွေ လုပ်တဲ့ ပရိဘောဂအိမ်ပါ။ အခုတော့ သူတို့လည်း သစ်တံခါးလုပ်တာကို အဓိကထား လုပ်ပါတယ်။ ကျွန်တော်တို့ အိမ်နဲ့ မျက်နှာချင်းဆိုင်ဘက်မှာလည်း တစ်အိမ်ခြာကလည်း သစ်တံခါးလုပ်တဲ့အိမ်ပဲခင်ဗျ။ အဲဒီတော့ အသံတွေကတော့ ဆူပါတယ်။

အခုလောလောဆယ်တော့ မတတ်နိုင်သေးလို့ပါ။ တတ်နိုင်သွားရင်တော့ တောပဲဖြစ်ဖြစ်၊ ရွာပဲဖြစ်ဖြစ် မြေ(၄)ဧကလောက် ဝယ်ထားပြီး အဲဒီမှာ အိမ်ဆောက်နေမယ် စိတ်ကူးထားတယ်။

ဆက်ပြောရရင် ကိုဗစ်ကာလမှာ ကိုယ်တွေမဖြစ်ပေမယ့် ဆက်စပ်ပြီးတော့ ကွာရန်တင်း (၁၄)ရက် ဝင်ခဲ့ရသေးတယ်။ မိသားစုလိုက်ဆိုတော့ ရပ်ကွက်နားနီးတဲ့ ဟိုတယ်လေးတစ်ခုမှာ ဝင်လိုက်ပါတယ်။ ဟိုတယ်ဆိုလို့ နားအေးပါးအေးနေရမယ် ထင်ထားတာ။ အဲဒီဟိုတယ်ရဲ့ နောက်ဝင်းထဲမှာ သစ်တံခါးတွေ အမြဲလုပ်နေတာခင်ဗျ။ ဟိုတယ်ပိုင်ရှင်ရဲ့ နောက်လုပ်ငန်းတစ်ခုပေါ့။ ဟိုတယ်မှာ နားညီးခဲ့ရပါတယ်။

ကျွန်တော်ပြောချင်တာက တခြားသူတွေအတွက် ဒါလေးတွေက စိတ်အနှောက်အယှက် ဖြစ်ချင်မှဖြစ်မယ်။ ကျွန်တော့်အတွက်တော့ တော်တော်ဖြစ်တယ်ဗျ။ ဒါနဲ့ ဘာသာရေးစာအုပ်တွေထဲ လေ့လာကြည့်တော့ ကျွန်တော်ပြုဖူးတဲ့ အကုသိုလ်ကံတစ်ခုကို သွားတွေ့ရတယ်။ ဒီဘဝမှာတော့ အဲဒီအကုသိုလ်ကံကို မကျူးလွန်ခဲ့တာတော့ သေချာပါတယ်။

“ ကိုယ်မနှစ်သက်တဲ့ အသံတွေကို ကြားနေရတာဟာ ဖရုဿဝါစာ၊ ကြမ်းတမ်းရိုင်းပျတဲ့ စကားကို ဆိုခဲ့လို့” တဲ့။ ရှင်းရှင်းပြောရရင် ဆဲဆိုရိုင်းပျခဲ့လို့ပေါ့။ ကျွန်တော့်အဖေက ကျောင်းဆရာဆိုတော့ ငယ်ကတည်းက ဆဲတာဆိုတာကို ခွင့်မပြုခဲ့ဘူး။ သူကိုယ်တိုင်လည်း ဘယ်လောက်စိတ်တိုတို မဆဲဘူး။ ကျွန်တော်တို့ မောင်နှမတွေဆဲဖို့ဆိုတာ ဝေးရော။ နောက်ပြီး ပြင်ဦးလွင်မှာ နေတဲ့အဒေါ်တွေက မောင်နှမအချင်းချင်း ဆဲဖို့ဝေးလို့ နင်တွေ ငါတွေပြောရင်တောင် ရိုင်းတယ်ဆိုပြီး ပါးဖဲ့တာ။ အဲဒီတော့ ငယ်ကတည်းက ခုချိန်ထိ ကျွန်တော် ဆဲတဲ့စကားကို ဆိုခဲပါတယ်။ ဘာသာရေးစာအုပ်ထဲမှာကလည်း ကျွန်တော်ကြုံနေတဲ့အဖြစ်နဲ့ အပြစ်က ကွက်တိ။ အဲဒီတော့ အတိတ်ဘဝမှာ ကျွန်တော်က ဆဲဆိုရိုင်းပျခဲ့တဲ့ သူတစ်ယောက်ဆိုတာ သေချာပြီ။

ဆဲတယ်ဆိုတာ စိတ်တိုလို့ ဆဲတာပါ။ ဒေါသကို အခြေခံပါတယ်။ စာအုပ်တစ်အုပ်ထဲမှာတော့ မနှစ်သက်တဲ့ အရာတစ်ခုဟာ ငရဲပဲတဲ့။ အခု ကျွန်တော်ကြုံနေရတဲ့ ငရဲဟာ တစ်ချိန်က ကျွန်တော့်ဒေါသကြောင့်ပါ။ ဒေါသဟာ သူတော်ကောင်းတွေဆီမှာ မကိန်းပါဘူး။ ခင်ဗျားဝန်းကျင်မှာ ဒေါသကြီးတဲ့သူတွေတွေ့ရင် သိလိုက်ပါတော့။ သူဟာ တစ်ချိန်မှာ ငရဲခံရဦးမယ်သူတစ်ယောက်ဆိုတာကိုပေါ့။

ကျွန်တော်ဟာ အတိတ်မှာ ရိုင်းပျဖူးတဲ့ ရှဉ့်တစ်ကောင်ပါလို့ ဝန်ခံရင်း…။

ရှဉ့်ညိုလေး

(၉.၁၁.၂၀၂၂)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း