ခရီးသွားများ

ခရီးသွားများ

               ဘ၀က နှင်းမှုန်အောက်မှာ အေးချမ်းပြီးသားပါ။ အေးခဲမနေတဲ့ နှလုံးသားက တစ်ခါတစ်ရံ နွေဦးကို တမ်းတတာ လွန်သလားကွယ်။ နွေဦးရောက်ရင် နှင်းတွေပျောက်မှာမို့ မြန်မြန်ရောက်ပါစေဆိုပြီး ဆုမတောင်းရက်ဘူး။ နှင်းကိုချစ်သလို နွေဦးကိုလည်း တိမ်းမူးသူပါ။ 
     ဘ၀က ရွေးချယ်ခွင့် များများပေးမထားဘူး။ တစ်ခုခုကို ဆုပ်ကိုင်လိုက်တာနဲ့ ကျန်တစ်ခုကို လက်လွှတ်ရမှာပါ။ လုပ်ချင်တဲ့ အရာတွေရှိတယ်။ လုပ်သင့်တဲ့အရာတွေရှိတယ်။ လုပ်နေရတဲ့အရာတွေလည်း ရှိတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် တသားထဲမကျတဲ့ ဘ၀မှာ တစ်ခါတစ်ခါ လုပ်ချင်တာကို မျက်စိမှိတ်ပြီး ဇွတ်တိုးလုပ်တယ်။ တစ်ခါတစ်ခါတော့ လုပ်သင့်မှန်းသိပေမယ့်
ခေါင်းမာမာနဲ့ ငြင်းလိုက်မိတာမျိုးလည်း ရှိတယ်။ မလုပ်ချင်ဘဲ လုပ်နေရတဲ့ အရာမျိုးတွေအတွက်ကတော့ အမြင်တွေ ပြောင်းကြည့်တယ်။ ခံစားချက်တွေ ပြောင်းကြည့်တယ်။ တစ်ခါတစ်ခါ စိတ်ဓာတ်တွေ အောက်ချပစ်လိုက်တယ်။ တစ်ခါတစ်ခါတော့ အဲဒီစိတ်ဓာတ်တွေကိုပဲ မိုးပေါ်ပစ်တင်လိုက်တယ်။ သူများကို ချမနင်းရက်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ ချခင်းခဲ့တယ်။ ဒီလိုနဲ့ လမ်းတွေကရှည်လျားပြီး မိုင်တိုင်တွေများခဲ့ရတယ်။
               မျှော်လင့်ခြင်း သစ်ပင်လေးကို ရင်ထဲမှာ ပျိုးရင်း ခရီးရှည်ကြီးကို ဆက်ခဲ့တယ်။ လေချွန်ရင်း ခေါင်းမော့ခဲ့ဖူးသလို ခေါင်းငိုက်စိုက်နဲ့ ခဲဆွဲထားသလို ခြေလှမ်းတွေနဲ့လည်း ခရီးဆက်ခဲ့ဖူးတယ်။ သိပ်မောလာတဲ့အခါ လျှောက်ခဲ့တဲ့ခရီးကြမ်းကို ပြန်မျှော်ကြည့်တယ်။ အမောပြေရုံလေးပေါ့။ ဒါပေမယ့် နားလိုက်တဲ့အခါကျမှ သိပ်မောလာရတဲ့ အဖြစ်မျိုးတွေလည်း ရှိတာပဲလေ။ နှင်းတွေ သိပ်ကျလာတဲ့အခါ ကျွန်တော်ချမ်းတယ်။ အဲဒီအချိန်မှာ ကျွန်တော်ပိုလုပ်ဖြစ်တာက ကိုယ်လက်နှစ်ဖက်နဲ့ကိုယ် ထွေးပွေ့ထားတာမျို့ပေါ့။ ဒုက္ခတွေ့မှ ကျွန်တော်တို့တတွေက ပိုချစ်တတ်တာမျိုး မဟုတ်လား။ နောက်ပြီး ခုနေခါက လမ်းဘေးမီးပုံလေးတွေ့ရင်တောင် ၀င်ထိုင်ပြီး မီးမလှုံနိုင်သေးတဲ့အချိန် ဆိုတော့လေ။
        ဒါ့ကြောင့် ကျွန်တော် လမ်းဆက်လျှောက်ရင်း ကဗျာတွေရွတ်တယ်။ တစ်ချို့ကဗျာတွေက လက်သေးသေးနဲ့ ရေးထားတဲ့ ကဗျာလို့ပြောကြပြန်တယ်။ ဘာကို ပြောချင်တာလဲ။ လက်သေးသေးနဲ့ ရေးထားတယ်ဆိုတော့ ကလေးတစ်ယောက်ရေးထားတဲ့ ကဗျာလား။ ဒါမှမဟုတ် ကလေးအတွေးသာသာမို့ ကလေးကဗျာလို့ သတ်မှတ်ပေးစေလိုတာလား။ မောင်လေးရေး ထပါတော့ ဆိုတဲ့ကလေးကဗျာက လက်သေးသေးနဲ့ ရေးခဲ့တယ်လို့များ သတ်မှတ်ချင်လို့လား။ အဲဒီအတွေးလေး တွေးလိုက်မိတော့ ဟာဟ ဆိုတဲ့ရယ်သံတစ်ခု ကျွန်တော့်ထံမှာ ဖြစ်တည်ဖူးတယ်။ 
        ကဗျာရေးဖို့အတွက် လက်အကြီးအသေး မလိုဘူး။ ကဗျာရေးဖို့အတွက် ကားအကောင်းစားရှိဖို့ မလိုဘူး။ ကဗျာရေးဖို့အတွက် ဟိုတယ်အခန်းကောင်းကောင်း မလိုဘူး။ ကဗျာရေးဖို့အတွက် မနက်စာကောင်းကောင်း မလိုဘူး။ ကဗျာရေးဖို့အတွက် ဘောလ်ပင်ကောင်းကောင်း မလိုဘူး။ လက်ပ်တော့ မလိုဘူး။ အဆုံးစွန်ပြောရရင် ကဗျာရေးဖို့အတွက် လက်ရှိဖို့တောင် မလိုပါဘူး။ ကဗျာက ကဗျာကိုပဲ ရေးတာပါ။ ကဗျာရေးဖို့အတွက် ခံစားတတ်တဲ့ နှလုံးသားတစ်ခုရှိဖို့ပဲ လိုတယ်။ လူငယ်တစ်ယောက်ကို အချစ်နဲ့ပေးတွေ့လိုက်ပါ။ ကဗျာဆရာ ဖြစ်လာပါလိမ့်မယ် ဆိုတဲ့ စကားကို မကြားဖူးလို့ပဲ ဖြစ်လိမ့်မယ်။ ကဲ ထားလိုက်ပါဗျာ။ တစ်ချိန်မှာတော့ အတွေးတွေရင့်ကျက်ပြီး ကဗျာစဉ်မှီတဲ့ ကဗျာတွေ ထွက်လာနိုင်မှာပါ။ ရာသီတွေက တိုက်စားတော့ သူ့နှလုံးသားတွေ ရင့်ထော်မသွားဖို့ ဆုတောင်းပေးရမှာပေါ့။ ကံကောင်းမယ်ဆိုရင် အဲဒီကဗျာတွေကို ကျွန်တော် သက်ရှိထင်ရှား ရွတ်ခွင့်ရလိမ့်မယ်လို့လဲ မျှော်လင့်မိပါရဲ့။  
                 မျှော်လင့်ချက် အိပ်မက်တွေနဲ့လျှောက်ခဲ့တဲ့ ခရီးက ခုဆိုရင် မိုင်တိုင်(၃၅) ဆိုတာကိုလဲ ပြနေရဲ့။ တရွေ့ရွေ့နဲ့ နှင်ခဲ့ရတဲ့ခရီးမို့လည်း နေမညိုပေမယ့် မွန်းတိမ်းပြီဆိုတာကို သတိထားမိတယ်။ တချို့ တံခါးတွေက ခေါက်မှပွင့်တယ်။ တချို့လမ်းတွေက လျှောက်မှ ရောက်တယ်။ ကျွန်တော်တို့မှာ မခေါက်ဘဲ ပွင့်နေတဲ့ တံခါးတွေ ရှိတယ်။ မလျှောက်လည်း အချိန်တန်ရင် ရောက်သွားမယ့် ခရီးတွေရှိတယ်။  ကမ္ဘာမြေကို အလည်ရောက်ခြင်း သက်သေအဖြစ် ချန်ထားနိုင်ဖို့ ကျွန်တော်တို့ လမ်းတွေ လျှောက်နေတယ်။ ခြေရာနက်နက် ဘယ်လောက်ချန်ထားနိုင်မလဲ မတွေးဘဲနဲ့ လမ်းတွေလျှောက်ခဲ့ကြခြင်းမျိုးလေ။ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်း၊ စစ်ဘေး အားလုံးကို လစ်လျူရှုလို့ ကျွန်တော်တို့အားလုံး လမ်းတွေလျှောက်ခဲ့ကြခြင်း ဖြစ်တယ်။ တချို့တွေက စောစောစီးစီး အိမ်ပြန်သွားကြသူတွေပေါ့။ ကျွန်တော်ကရော...။ 
                   မိုး၊ ဆောင်း၊ နွေ။ ဘယ်အကန့်မှာများ ထွက်သက်တွေ ရပ်တန့်သွားမှာပါလိမ့်။ မလျှောက်ဘဲ ရောက်မယ့် ခရီးတစ်ခုက အားလုံးကို စောင့်ကြိုနေကြောင်း ကျွန်တော် ကြိုမပြောပြလိုပါ။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
www.shintnyolay.weebly.com
Photo Model: Zarni Maung

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း