ကျွန်တော်နှင့် အင်တာနက်
ကျွန်တော်နှင့် အင်တာနက်
ရသစာတမ်း
ဒီနေ့ ကျွန်တော့် ဒေးအော့ဖ်ရက်ဖြစ်၍
မရောက်တာ ကြာပြီဖြစ်သည့် မုံရွာတောင်ရှိ ကိုစိုး လက်ဖက်ရည်ဆိုင်ဘက်သို့ ထွက်ခဲ့လိုက်သည်။
ကေသွယ် နေမကောင်း၍ ထမင်းပင် မစားနိုင်ဆိုသော ဖေ့ဘွတ်ခ်ရှိ ကေသွယ့် စတေးတပ် တစ်ခုကြောင့်
သတင်းမေးရင်း ထွက်လာခဲ့ခြင်းဖြစ်သည်။
ဆိုင်ရောက်တော့ ဆိုင်ရှင်ဖြစ်သည့်တိုင်
ကိုယ်တိုင်မုန့်ကြော်နေသော ချွေးတလုံးလုံးနှင့် ကိုစိုးကို တွေ့လိုက်ရသည်။ နဖူးတွင်
ယောင်၍ဖုနေသည့် ဘုကြီးသည် မြန်မာဆေးအစွမ်းဖြင့် ဝါထိန်နေသည်။ သူ့ရှေ့ရှိ ဆိုင်ရာဗန်းတိုင်းတွင်
အီကြာကွေး၊ ပလာတာ၊ ထပ်တရာနှင့် စမူဆာများက ပုံနေသည်။ လွတ်နေသည့် စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်စဉ်
ကျွန်တော့်အကြိုက် ပေါ့ဆိမ့်တစ်ခွက်နှင့်အတူ ကိုစိုးရောက်လာသည်။ ထို့နောက် အီကြာကွေးတစ်ပွဲပါ
ထပ်ချသည်။
“ ဝေဖြိုး ပျောက်လှချည်လား …”
“ ဒီလိုပါပဲ… ကေသွယ် နေမကောင်းဘူးဆို၊
ထမင်းတောင် မစားနိုင်ဘူးကြားတယ်၊ ဘာဖြစ်တာ လဲ…”
“ ပြောချင်ပါဘူးကွာ …”
ပြောရင်း တဟီးဟီးရယ်နေသည့် ကိုစိုးကိုကြည့်ရင်း
သိချင်စိတ်တို့က ငယ်ထိပ်တက်လာသည်။
“ ဘာလဲဗျ…လျို့ဝှက်ချက်မို့လား …”
ကိုယ်က သိချင်လွန်းသော်လည်း ပြောချင်လာအောင်တော့
နည်းနည်းအစ်လိုက်သည်။
“ ရိုက်ပွဲက စ-တယ် ပြောရမှာပဲ၊ လွန်ခဲ့တဲ့
နှစ်ရက်က ငါ့ဆိုင်မှာ ရန်ပွဲတစ်ခုဖြစ်သွားတယ်ကွ။ ဖြစ်တာက ငါနဲ့ ဆိုင်မှာ လာနေကြ ဖောက်သည်နဲ့ပေါ့…”
သူ့စကားအဆုံး လက်ဖက်ရည်ငုံရင်း နဖူးထက်မှ
ဖုနေသည့်ဘုဝါကြီးကို ကြည့်လိုက်မိသည်။
“ ကောင်းလိုက်တာ …”
သူ့ဘုကြီးကိုကြည့်ရင်း ကျွန်တော့်ရေရွတ်သံအဆုံး
ကိုစိုးမျက်မှောင်ကြုတ်သွားသည်။
“ ဟို… ဟိုလေ လက်ဖုရေ … အဲလေ လက်ဖက်ရည်ကို
ပြောတာပါ၊ ဆက်ပါဦး ခုနက ရန်ပွဲကို …”
ချက်ခြင်းပင် ဖြေရှင်းချက်ပေးလိုက်ရင်း
စကားလမ်းကြောင်းကို ပြန်တည့်ပေးလိုက်သည်။ ဒီလူက လူဖြောင့်စိတ်တို။ စကားကို ထွေလီကာလီ
မပြောတတ်။ သဘောကောင်းသော်လည်း သူထင်ရာအမှန် ဖြစ်နေတတ်သဖြင့် ဦးစိတ်တိုဟု ကေသွယ်က ပြောပြဖူးသည်။ နှစ်ယောက်စလုံးက
သူငယ်ချင်းများ ဖြစ်နေ၍ ၎င်းတို့၏ ရန်ပွဲများကို မကြာခဏကြားခဲ့ရဖူးသည်။ ချစ်၍ဖြစ်သော ရန်ပွဲများဖြစ်၍လည်း
တစ်ခါတစ်ခါတော့ ရယ်စရာကောင်းသည့် အကြောင်းအရာများကို ကြားရတတ်သေးသည်။ လင်မယား နှစ်ယောက်
ကျီစယ်ရင်း မကြာခဏ ရန်ဖြစ်တတ်သော်လည်း အပြင်လူနှင့် ရန်ဖြစ်ခဲသည်။ တောင်းရမ်း စားသောက်သူတစ်ဦးနှင့်
ရန်ဖြစ်ဖူးသည်မှအပ အပြင်လူနှင့် ရန်ဖြစ်ကြောင်းကို မကြားဖူးခဲ့ချေ။ (တောင်းရမ်းစားသောက်သူတစ်ဦးနှင့်
ဖြစ်ခဲ့သည့်ရန်ပွဲကို အလျဉ်းသင့်သောအခါတွင် ကျွန်တော် ရေးပြပါဦးမည်။ မျှော်လင့်ကြပါကုန်…)။
ခုဖြစ်သည်က အပြင်လူနှင့် ဖြစ်သည်။ ဖြစ်သည့်လူက သူ့လက်ဖက်ရည်ဆိုင်သို့ လာနေကြ ဖောက်သည်ဖြစ်သည်။
ပြီး ရိုက်နှက်သည်အထိဖြစ်သည်ဆိုတော့ ပြဿနာက တော်တော်ကြီးနိုင်သည် မဟုတ်လား။ သူ့ထိပ်တွင်ဖုနေသည့်
ဘုကြီးကလည်း နည်းနည်း နောနော မဟုတ်။
ကျွန်တော် စိတ်ဝင်တစားနားစွင့်နေမှန်းသိ၍
ကိုစိုးက ဆက်ပြောသည်။
“ ကျွန်တော်လည်း ရိုက်ပြီးမှ စိတ်မကောင်းဖြစ်သွားတာဗျ၊
ကိုယ့်ဆိုင်ကို နှစ်ပေါင်းများစွာ သောက်လာတဲ့ ဖောက်သည်မဟုတ်လား…ထိပ်ပေါက် ခေါင်းကွဲနဲ့
အနာတရဖြစ်သွားတယ် ဆိုတော့လေ…”
ကိုစိုးက ပုဆိုးထဲတွင် လိပ်ထားသည့်
ကွမ်းယာထုပ်လေးကို ဖြည်ရင်း ဖြေးဖြေးဆေးဆေး ပြောပြနေသည်။ ကျွန်တော့်လက်ထဲမှ လက်ဖက်ရည်ခွက်လေးကို
ပြန်ချရင်း
“ ဖြစ်ပြီးမှတော့ ကိုစိုးရာ ဘယ်တတ်နိုင်ပါ့မလဲ။
ခင်ဗျား ဘုကြီး ကြည့်ပြီး ရန်ပွဲအခြေအနေကို ကျွန်တော်လည်း တွက်ဆမိပါတယ်…”
ကွမ်းသွေးကို ပျစ်ခနဲထွေးရင်း …
“ အာ မဆိုင်ဘူးဗျ ဒီဘုက၊ အဲ ဆိုင်တယ်လည်း
ပြောလို့ရတယ်ဗျ၊ ရန်ပွဲနောက်က ဂယက်တွေ ပေါ့ဗျာ ”
“ ဟာ ရှုပ်ကုန်ပြီဗျာ၊ တစ်ဖက်လူ ထိပ်ပေါက်ခေါင်းကွဲဖြစ်တုန်းက
ခင်ဗျားက ဘာမှမဖြစ်ဘူး၊ နောက်ဆက်တွဲဂယက်တွေကြောင့် နဖူးက ဖုလာတယ်ဆိုတော့…”
ကွမ်းတစ်ရာကို အသစ်ထပ်ထုတ်ရင်း ဝါးရန်ပြင်နေသည့်ကိုစိုးကို
လက်ရှိကျွန်တော်သိလိုသည့် အကြောင်းခြင်းရာကို မေးလိုက်သည်။
“ ဘယ်ကနေ စ-ဖြစ်တာလဲဗျ…”
လူမမာလာမေးသည့် သူက လူမမာယောက်ျား၏
ရန်ပွဲနှင့် ဘုအကြောင်း စိတ်ဝင်တစားမေးနေမိ သည့်အကြောင်း တွေးမိတော့ အနည်းငယ်ပြုံးချင်လာသည်။
“ အဲဒီနေ့က မန်ယူ အောင်ပွဲခံတဲ့နေ့လေ၊
ပွဲပြီးတာနဲ့ ဆိုင်တန်းဖွင့်လိုက်တယ်၊ ကောင်လေးတွေနဲ့ လွှဲမထားပဲ လက်ဖက်ခြောက်လည်း ကိုယ်တိုင်နှပ်၊
မုန့်လည်း ကိုယ်တိုင်ကြော်ပေါ့ဗျာ၊ ကိုယ်အားပေးတဲ့အသင်းနိုင်ထားတော့ လူကလည်း ခပ်မြူးမြူးဗျ
…”
“ ကိုယ်အားပေးတဲ့အသင်းနိုင်လို့ မပျော်တဲ့
ဘောသမား အဲလေ ပရိတ်သတ် ဘယ်ရှိမလဲ…”
“ မနက်လင်းတော့ ငါ့ရဲ့အပျော် သတ်မယ့်လူ
ရောက်လာတယ်။ မုန့်ကြော်နေတဲ့နား လာပြီး ပြောတာကွ၊ ငါကြော်တဲ့ အီကြာကွေးက မာလို့တဲ့လေ၊
ဘယ်လောက် စော်ကားသလဲ။ နှစ်ပေါင်းများစွာ ငါကြော်လာတဲ့ မုန့်စားလာပြီး ဒီနေ့ကြမှ မာသလေး၊
ပြုသလေးနဲ့”
“ အဲဒါနဲ့ စကားများပြီး ရိုက်ပွဲထိဖြစ်သွားတယ်
ဆိုပါတော့ …”
“ ဟုတ်တယ်၊ စိတ်ရှိလက်ရှိ ရိုက်လိုက်မိတယ်
ထင်ပါရဲ့။ ဘေးကလူတွေ ဝိုင်းဆွဲလို့ ကြည့်လိုက်တော့ ကိုယ့်လူက ခွေခွေလေး လဲနေပြီ၊ အဲဒီကျမှ
ငါလည်း လက်ထဲက အီကြာကွေးကို လွှတ်ချမိတော့တယ် …”
“ ငိ… အီ… အီကြာကွေးနဲ့ ရိုက်တာ …”
“ ဟုတ်တယ်…”
အီကြာကွေးပန်းကန်ကို လက်လှမ်းနေတဲ့
ကျွန်တော့်လက်ကို လက်ဖက်ရည်ပန်းကန် ယင်ရမ်း သလိုနဲ့ အမြန်ရုတ်လိုက်မိသည်။ တော်ပါသေးရဲ့
စားစရာက ထပ်တရာတို့၊ စမူဆာတို့ ရှိနေသေးလို့။ စမူဆာတစ်ပွဲ ထပ်မှာတော့ ကိုစိုးကိုယ်တိုင်
ချပေးသည်။ နီရဲ ကြွပ်ရွနေတဲ့ စမူဆာကြီးတွေကို ကြည့်ရင်း သိလိုတဲ့မေးခွန်းကို ဆက်မေးလိုက်သည်။
“ နဖူးက ဘုကြီးက …”
“ အဲဒါ ကေသွယ့် လက်ချက် …”
ကိုစိုးက မထူးဆန်းသည့် လေသံဖြင့် ဆက်ပြောတော့
ကျွန်တော်က ထူးဆန်းသွားသည်။ သူငယ်ချင်းလင်မယားနှစ်ယောက် မကြာခဏရန်ဖြစ်သော်လည်း ရိုက်နှက်သည်အထိ
လက်မပါတတ် သူများ ဖြစ်သည်။
“ မင်းရော သီတာနဲ့ တွေ့ဖြစ်သေးလား…”
ရန်ပွဲအကြောင်းပြောနေရာမှ တက္ကသိုလ်တုန်းက ကျွန်တော့်ကောင်မလေးအကြောင်း
မဆီမဆိုင် ရုတ်တရက်မေးလာ၍ အံ့အားသင့်သွားသည်။ ဧကံသ သူရိုက်လိုက်သူသည် သီတာ၏ အစ်ကိုများလား။
သီတာအစ်ကိုသည်လည်း ဒီဆိုင်ထိုင်သည်ဟု မကြားဖူးခဲ့။ ဝမ်းကွဲ အစ်ကိုများလား။
“ မတွေ့ဖြစ်ပါဘူး ကျောင်းပြီးသွားကတည်းက၊
ဘာဖြစ်လို့တုန်း …”
“ မတွေ့ဖြစ်တာ ကောင်းတယ်ကွ၊ တွေ့ဖြစ်လို့
ရသွားရင် အိမ်ထောင်ကျတာနဲ့ မင်းဒုက္ခတွေ ခါးစည်းခံဖို့ အသင့်ပြင်ထားတော့၊ မိန်းမတွေက
ဘယ်လောက်ချစ်စရာကောင်းကောင်း အိမ်ထောင်ကျပြီး တာနဲ့ သိပ်ကြောက်ဖို့ကောင်းတယ်ကွ၊ မင်းမိန်းမ
မရသေးတာ ကံကောင်းတယ်မှတ်…”
“ အာ ဘာဆိုင်လို့လဲ ကိုစိုးရာ၊ မိန်းမ
မရတာ ကျွန်တော်ဖြင့် ကံကောင်းတယ် မထင်ပေါင်၊ ကိုစိုးနဖူးကဘုနဲ့ ကျွန်တော် မိန်းမမရတာနဲ့
ဘာမှမဆိုင်ဘူးနော် …”
“ ဆိုင်တော့ မဆိုင်ဘူးပေါ့ကွာ။ ငါ့လိုဖြစ်မှာ
စိုးလို့ဟေ့။ နဖူးကဘုက မင်းသူငယ်ချင်း မိကေသွယ် ငါ့ကိုနှက်လိုက်တာ။ ဆိုင်လာနေကြ ဖောက်သည်နဲ့
ရန်ဖြစ်လို့တဲ့။ ဘာနဲ့ နှက်တယ် ထင်သလဲ။ ထပ်တရာကြော်ဖို့ ငါလုံးထားတဲ့ ဂျုံလုံးနဲ့ကွ၊
လက်ကလည်း တည့်သလား မမေးနဲ့၊ ငါ့နဖူးကို ဒါရိုက်ဟစ်ပဲ…”
လက်ကျန်လက်ဖက်ရည်ကို မသီးအောင် ဂရုစိုက်၍
သောက်လိုက်ရသည်။ ခုမှ သတိရသည်။ ကေသွယ်နေမကောင်းသည့် ကိစ္စ။
“ အဲဒါနဲ့ ကေသွယ်လည်း စိတ်မကောင်းဖြစ်ပြီး
ထမင်းမစားနိုင်ဖြစ်သွားတယ်ပေါ့။ ဟား ဟား လိုက်လဲ လိုက်တဲ့ လင်မယား …”
ရေနွေးခွက်ထဲသို့ ဂရုတစိုက်ထည့်သည့်တိုင်
ရေနွေးတချို့က ဖိတ်စင်သွားသည်။ စားပွဲပေါ်ဖိတ်ကျ နေသည့် ရေနွေးတို့ကို လက်ညှိုနှင့်တို့ကာ
ဆွဲလိုက်ရင်း စီးကြောင်းပေးလိုက်သည်။
“ မဟုတ်ဘူးကွ။ ငါလည်း ရုတ်တရက် စိတ်ထွက်သွားတာနဲ့
ကြော်ပြီးသား ထပ်တရာနဲ့ ကောက်ပေါက်လိုက်တာ သူ့ပါးကြီးလည်း ဒါရိုက်ဟစ်ပဲဟေ့၊ ကြော်ထားတာ
ကြာပြီဆိုတော့ ပူတော့ မပူတော့ဘူးပေါ့ကွာ။ ဒါပေမယ့် မနေ့ကအထိတော့ ထမင်းမစားနိုင်သေးဘူး
ဆန်ပြုတ်နဲ့ နှစ်ပါးသွား နေရတယ်။ ဒီနေ့တော့ မပြောတတ်ဘူး …”
ကိုစိုးပြောပုံဆိုဟန်နှင့် လေယူလေသိမ်းကို
နားထောင်ရင်း ခွက်ထိုးခွက်လှန် ရယ်မိသည်။ ဘေးဝိုင်းမှ လှမ်းကြည့်နေကြကြောင်း သတိထားမိမှ
အရယ်ရပ်၍ အရှက်ပြေ စမူဆာတစ်ခုကို ကောက်ဝါး လိုက်သည်။
“ အ…”
“ ကို… ကိုစိုး ကျွန်တော့်သွား … အား…”
“ ငါကိုယ်တိုင် ကြော်ထားတာပါကွ၊ ကြွပ်တယ်မို့လား၊
အထဲက အာလူးကတော့ နည်းနည်းမာတယ်…”
အေးဆေးစွာပြောပြနေသည့် ကိုစိုးကိုကြည့်ရင်း
ကျွန်တော်နင်သွားသည်။ ဝါးလက်စ စမူဆာကို မြိုမချနိုင်သလို ထွေးလည်း မထုတ်မိ။ ပါးစပ်ထဲမှ
မာတောက်တောက် အတုံးလေးများကို လျှာဖြင့်စမ်းရင်း ဘယ်ဟာငါ့သွားရယ်ဟု စမ်းနေမိသည်။
ခေါင်းထဲတွင် လက်ခနဲ ဖြစ်သွားသည်။ ဖေ့ဘွတ်ခ်
တင်ရမည်။ ဖေ့ဘွတ်ခ် တင်စရာ စတေးတပ် တစ်ခု ကျွန်တော်ရသွားပြီ ဖြစ်သည်။ ကျွန်တော် ထမင်းမစားနိုင်သေးတဲ့အကြောင်း
တင်ရမည်။ လက်ဖက်ရည်ဆိုင်မှာပင် တင်သည့် စတေးတပ်မှန်းသိစေရန်အတွက် အိတ်ထဲမှဖုန်းကိုထုတ်ကာ
ချက်ခြင်း ဆယ်ဖီဆွဲသည်။ ထိုနောက် အင်တာနက်ဖွင့်လိုက်သည်။ လည်နေသည့် အဝိုင်းလေးကိုကြည့်ရင်း
စိတ်ရှည်လက်ရှည်ပင် စောင့်နေလိုက်သည်။ သို့သော် ခုလုခုလုနှင့် ဖြစ်သည်။ ပါးစပ်ထဲမှာလည်း
ခုလုခုလုနှင့် ဖြစ်သည်။ ရင်ထဲမှာလည်း ခုလုခုလုနှင့်ပင် ဖြစ်သည်။
ဖုန်းစခရင်မှာတော့ အဝိုင်းလေးက စိတ်ရှည်လက်ရှည်
လည်နေသည်။ သူကလည်း စိတ်ရှည်လက်ရှည်ပင် လည်နေသည့် အဝိုင်းလေးကို ကြည့်နေလိုက်သည်။ ထို့နောက်
ခပ်တိုးတိုးပင် ဆုတောင်းလိုက်သည်။
“ ဘုရား သိကြားမလို့ အင်တာနက်လိုင်းလေး
တက်ပါစေ …”
***** ***** *****
(အင်တာနက်မှ ဟာသတစ်ပုဒ်ကို ဆင့်ပွားခံစားထားပါသည်)
Comments
Post a Comment