ဘကြီးဖြိုးပြောသော ပုံပြင်များ
ဘကြီးဖြိုးပြောသော
ပုံပြင်များ
ယနေ့ ဥပုသ်နေ့ဖြစ်သည်။ ဒီတစ်ပတ် ဥပုသ်တော့ အမယ်ကြီးစံ မလိုက်နိုင်တော့တာ
သေချာသည်။ ဒူးနာနေသောကြောင့် ဖြစ်သည်။ တူမ၏သမီးဖြစ်သူ မသက်ကို ကျောင်းလိုက်ပို့ခိုင်း၍
ဖြစ်သော်လည်း ကြာကြာမထိုင်နိုင်သောကြောင့် အိမ်မှာပင် နေခဲ့ရန် ပြောထားရသည်။ ဥပုသ်ယူနေကြ
ကျောင်းမှ ဦးဇင်းလေးက သီလပေးပြီးသည်နှင့် တရားတိုလေးများကို ဟောကြားတတ်သေးသည် မဟုတ်လား။
ဝါတွင်းသုံးလအတွင်း ဥပုသ်စောင့် မပျက်လိုသော အမယ်ကြီးစံအတွက် အိမ်မှာပင် သီလယူကာစောင့်ရန်
ဖျောင်းဖျထားရသည်။ တကယ်တမ်းပြောရလျှင် အမယ်ကြီးစံ မပါတော့ ဥပုသ် ကျောင်းသွားရမည်ကို
ခပ်ပျင်းပျင်းဖြစ်နေသယောင် ဘကြီးဖြိုးတစ်ယောက် ခံစားမိသည်။
“ အဖိုးကြီး ရေမချိုးသေးဘူးလား … သီလယူသွားဖို့
ပြင်တော့လေ”
“ အာ … အစောကြီးရှိပါသေးတယ်ဟ၊ ထိုင်ကိုယ်တော်လေးတောင်
မကြွသေးဘူး …”
ဘကြီးဖြိုး
ပျင်းပျင်းရှိသည်နှင့် (၉)နာရီခန့်တွင် အိမ်သို့ဆွမ်းခံကြွနေကြ ကိုယ်တော်လေးမရောက်သေး
သည်ကို အကြောင်းပြ၍ အချိန်ဆွဲနေလိုက်သည်။ ထိုကိုယ်တော်လေးထံမှ သီလယူရန် ခုနကပင် အမယ်ကြီးကို
ပြောထားခဲ့ရသေးသည်။ အမယ်ကြီးက သူမလိုက်နိုင်သည့် အပတ်ဖြစ်၍ ကျောင်းသို့ စောစောသွားစေလိုခြင်း
ဖြစ်မည်။ သူကလည်း အမယ်ကြီးမပါ၍ ကျောင်းသို့စောသွားရန် တွန့်ဆုတ်နေသည်။ လာတုန်းကလည်း
တစ်ယောက်တည်း ဆိုသည်ကို သိသည်။ ပြန်သွားချိန်တွင် တစ်ယောက်တည်းဆိုသည်ကိုလည်း သိပါသည်။
ရှင်နေစဉ်အခိုက်လေးမှာတော့ ဘုရားသွား၊ ကျောင်းတက်ကို အတူတူသာ ပြုလုပ်လိုပါသည်။
“ ဦးဇင်းလေးကိုလည်း လျှောက်လိုက်ဦးနော်၊
ကျုပ် ဒူးနာနေလို့ မလိုက်ဖြစ်တာကို …”
“ အေးပါဟ…”
“ သီလလည်း သေချာယူခဲ့ဦး … စိတ်တွေက တောင်ရောက်၊
မြောက်ရောက် လုပ်မနေနဲ့ဦး…”
“ အော် အမယ်ကြီးနှယ်၊ ကျုပ်များ သာဒင်ကြီးမှတ်နေလား
…”
“ ဘယ်က သာဒင်ကြီးလဲတော့ …”
ရုတ်တရက်ဖြစ်နေ၍
အမယ်ကြီး အမှတ်မရ ဖြစ်သွားသည်။ အသက်တွေကလည်း ကြီးပြီ မဟုတ်လား။
“ မင်းမလဲ မေ့တတ်ရန်ကော၊ မုဆိုး ဦးပေသီးသားဟာလေ…”
“ အင်း ပြောစမ်းပါဦးတော့ …”
“ ဒီလိုကွ ….”
*** *** ***
ဒီတစ်နေ့တော့ တောထဲမဝင်တော့ဘဲ နားမည်ဟု သာဒင်ကြီး
ဆုံးဖြတ်ထားသည်။ ဥပုသ်နေ့လည်း ဖြစ်သည်။ ခါတိုင်းဥပုသ်တွေဆိုလျှင်တော့ တောမတိုးလျှင်တောင်
တောစပ်တွင် ထင်းခွေအနေဖြင့် တစ်နေကုန်ထွက်နေတတ်သည်။ ခုတော့ အသက်လေးကလည်း ကြီးလာပြီ။
ရာသီဥတုကလည်း ပူလာပြီ မဟုတ်လား။ ထို့ကြောင့် ဒီတစ်နေ့တော့ အိမ်မှာပင်နားမည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
သည်တွင် တစ်စခန်းထလာသည်က သူ့ဇနီးမယ်မှုန်ဖြစ်သည်။
ငယ်တုန်းကတော့ မှုန်နေအောင် ချောခဲ့၊ လှခဲ့ဖူးသော မယ်မှုန်သည် ယခုအချိန်တွင် မှုန်နေသည်မှာ
မျက်လုံးဖြစ်သည်။ သားဦးကိုယ်ဝန် ပျက်ဆီးသွားသည့် နောက်ပိုင်း ကျန်းမာရေးက ပို၍ ချူချာလာသည်။
ထိုနောက်မှာတော့ မီးယပ်ရောဂါဖြင့် မျက်လုံးတို့ ဝေသီလာရာမှ မှုန်ဝါးသွားခြင်းဖြစ်သည်။
ကြားဖူးနားဝ တိုင်းရင်းဆေးများ၊ ရွာနီးချုပ်စပ်မှ ဆေးဆရာများနှင့် ကုသည်။ အင်္ဂလိပ်ဆေး၊
ဗမာဆေး စုံသွားသော်လည်း မယ်မှုန်၏ မျက်လုံးတို့က ဝေဆဲ၊ သီဆဲဖြစ်သည်။ မြင်နေရသေးသည်ပင်
ကျေးဇူးတင်ရမလို ဖြစ်နေသည်။ တစ်ချို့အမျိုးသမီးများ အသက်လေးဆယ်ကျော်လျှင် ပြန်လင်းလာတတ်သော်လည်း
မယ်မှုန်ကတော့ ပြန်မလင်းလာသည့် လူနည်းစုထဲတွင်ပါသည်။ သားသမီးလည်း မထွန်းကား၍ လင်ကိုယ်မယားဘဝဖြင့်
လောကကြီးထဲတွင် နှစ်အတော်ကြာအောင် ဖြတ်သန်းခဲ့ကြသူများဖြစ်သည်။
ဖခင် မုဆိုးကြီး ဦးပေသီးထံမှ ဒူးလေးတစ်လက်သာ
အမွေအဖြစ်ရယူခဲ့သူဖြစ်၍ မုဆိုးအလုပ်မှလွဲပြီး ကျန်အလုပ်များကို သာဒင်ကြီး မလုပ်တတ်ခဲ့။
ပစ်ခတ်ဖမ်းဆီးမိသမျှကို အရပ်ထဲတွင် မယ်မှုန်က လှည့်လည်ရောင်းချခြင်းဖြင့် နှစ်ဦးသားဝမ်းရေးကို
ဖြေရှင်းခဲ့ကြသည်။ ယခုဆိုလျှင် နှစ်ဦးသား အသက်ခြောက်ဆယ်ကျော်စပြု၍ မယ်မှုန်ဆိုလျှင်
အသံပင် တုန်စပြုပြီဖြစ်သည်။
“ ဘိုးသာဒင်ရယ် တော့်တစ်သက် ဥပုသ်လေး၊
ဘာလေး ယူဖူးတယ်ရှိအောင် ဘုန်းကြီးကျောင်း သွားပါဦးလား။ တစ်နေကုန် မစောင့်နိုင်တောင်
ကျောင်းတွင်း ဥပုသ်လေးဖြစ်ဖြစ်ပေါ့ …”
“ ဟ ငါမှ မစောင့်ဘူးတာ ဘယ်လိုစောင့်ရမှာတုန်းဟ…”
“ တိုးတိုးပြောစမ်းပါ ဘိုးသာဒင်ရယ်၊
ဒီအရွယ်ကြီးကျမှ ဥပုသ်မစောင့်တတ်ဘူးရယ်လို့ လူကြားရင် ရယ်စရာကြီး …”
“ ခက်လိုက်တာ မယ်မှုန်ရယ်။ ငါက ဘယ်သူ့ဂရုစိုက်ရဦးမှာလဲ။
ဥပုသ်မစောင့်တတ်လို့ မစောင့်တတ်ဘူးပြောတာ၊ ဥပုသ်မစောင့်ချင်ဘူး ပြောတာမှ မဟုတ်ဘဲ…”
“ မခက်ပါဘူး ဘိုးသာဒင်ရဲ့၊ ဟိုကျ ဘုန်းကြီးချပေးတာ
လိုက်ဆိုရုံပဲ…”
“ ဟ …၊ ဥပုသ်စောင့်တာ ဒီလောက်လွယ်သလား။
ဘုန်းကြီးပြောတာ လိုက်ပြောရုံပဲပေါ့။ ဒီလိုမှန်းသိ အစောကြီးထဲက စောင့်ပါတယ်ဟာ …”
ထို့နောက်မှာတော့ ဘိုးသာဒင်တစ်ယောက်
ရေမိုးချိုးကာ လျှော်ဖွပ်ပြီးသား ပုဆိုးခပ်လတ်လတ် တစ်ထည်ကို ခေါင်းပေါင်း၍ ရွာဦးကျောင်းသို့
ခပ်စောစောပင် ထွက်လာခဲ့လိုက်သည်။ ဘယ်ဘက်လက်တွင် မယ်မှုန်၏ စိတ်ပုတီးလေးကို ပတ်ထားပြီး
ညာဘက်လက်တွင် ကိုင်ထားသည့် သံပန်းကန်ပြားထဲတွင် ခြံထွက် မာလကာသီးများကို ထည့်ထားသည်။
ကျောင်းနားနီးလာသည်နှင့် သစ်ပင်ကြီးများထက်မှာ ပြေးလွှားနေကြသည့် ရှဥ့်ကလေးများကို တွေ့နေရသည်။
ဘိုးသာဒင် ပြုံးလိုက်မိသည်။ တောထဲတွင် သူလက်တည့်စမ်းရာ အကောင်လေးများကို ချစ်စရာသတ္တဝါလေးများအဖြစ်
ပထမဆုံးအကြိမ် တွေးထင်မိသောကြောင့် ဖြစ်သည်။ ထို့နောက် သစ်ပင်ကြီးများထက်မှ ကျီးကန်းတို့၏
အသံများ။ မယ်မှုန်နေလှမ်းထားသည့် အသားတွဲများကို
လာဆွဲတတ်သည့် မဲမဲသဲသဲ ကျီးကန်းများကို မုန်းတီးမိဖူးသည်။ ခုတော့ မုန်းတီးမိဖူးသည့်
သတ္တဝါတို့၏အသံသည်ပင် ကြည်နူးစရာကောင်းနေသယောင် ထင်ရသည်။ ဘုရားနား၊ ကျောင်းနားတွင်ရှိနေ၍လည်း
လေးခွသမားများရန်မှ ကင်းဝေးနေသည်။ ဆရာတော့် ကြိမ်လုံးအကြောင်းသိထားသည့် ရွာထဲမှကလေးတွေကလည်း
ငှက်ဘယ်လောက်ပေါပေါ ဘုန်းကြီးကျောင်းနားသို့ မသီဝင့်ကြ။ ငှက်ပစ်ချင်လျှင် တောစပ်သို့သွားကြသည်သာများသည်။
ငေးရင်း၊ တွေးရင်းဖြင့် ဘိုးသာဒင်တစ်ယောက်
ကျောင်းမုဒ်ပေါက်သို့ရောက်လာသည်။ ညာဘက်လက်ထဲမှ မာလကာသီးပန်းကန်ကို ပုတီးပတ်ထားသည့်
ဘယ်လက်ဖြင့် ပြောင်းကိုင်လိုက်သည်။ ချွတ်လိုက်သည့် ဖိနပ်ကို ညာလက်ဖြင့်စုကိုင်လိုက်ပြီး
ကျောင်းမုဒ်ပေါက်ရှိ ငုတ်တိုင်နှင့် ရိုက်ကာ သဲခါလိုက်သည်။ ထိုအသံကြောင့် ကျောင်းဝင်းထဲတွင်
စင်္ကြန်လျှောက်ရင်း ပုတီးစိပ်နေသည့် ဆရာတော်မှ လှည့်ကြည့်လိုက်သည်။ ဘိုးသာဒင်တစ်ယောက်
ဖိနပ်သဲခါပြီး၍ ခါးကိုပြန်မတ်လိုက်စဉ် သူ့ကိုကြည့် နေသည့် ဆရာတော်ကို ရုတ်တရက်မြင်လိုက်သောကြောင့်
အမ်းသွားသည်။ ဆရာတော်ဖြစ်နေ၍ ပြုံးပြလိုက်ရမည်လား သို့မဟုတ် လက်အုပ်ချီလိုက်ရအောင်ကလည်း
လက်ထဲမှာကိုင်ထားသည့် ပစ္စည်းတို့ကြောင့် ခွကျနေသည်။
ဆရာတော်မှ အံ့အားသင့်သလိုဖြစ်သွားရာမှ
ပြုံးလိုက်ပြီး ဘိုးသာဒင်အား မိန့်လိုက်သည်။
“ ဟဲ့ သာဒင်ကြီး ဥပုသ်စောင့် လာသလားကွဲ့
…”
ဘိုးသားဒင်တစ်ယောက် ဆရာတော်မိန့်ကြားချက်ကြောင့်
ဝမ်းသာသွားသည်။ အနေခက်ရာမှ လွတ်မြောက်သွားသောကြောင့် ဖြစ်သည်။ နောက်ပြီး ဥပုသ်မစောင့်ဘူးသော်လည်း
ဆရာတော်မှ သူ့ကိုနာမည်နှင့်တကွ သိနေသောကြောင့် ဖြစ်သည်။ တစ်ဆက်တည်း မယ်မှုန်ထံမှ ဥပုသ်စောင့်နည်း
နိဿရည်းကိုလည်း သတိရသွားသည်။ မဆိုင်းမတွပင် ဆရာတော်ပြောသည့်အတိုင်း တစ်ထပ်တည်း လိုက်ပြောလိုက်သည်။
ဆရာတော် မျက်ခုံးပင့်သွားသည်။ နားကြားများလွဲသလား ဆိုသောအတွေးဖြင့် ဘိုးသာဒင်ကို လှမ်းမေးလိုက်သည်။
“ သာဒင်ကြီး ဘာပြောလိုက်တာလဲဟဲ့ …”
ဘိုးသာဒင်လည်း ဆရာတော်ပြောသည့်အတိုင်း
လိုက်ပြောသည်။ ဆရာတော် မျက်နှာပျက် သွားသည်။ နှုတ်မှ တီးတိုးရေရွတ်လိုက်သည်။
“ အို ဒီကောင် ရူးများနေသလား၊ ကျောင်းလည်း
မလာစဖူးနဲ့ …”
“ အို ဒီကောင် ရူးများနေသလား၊ ကျောင်းလည်း
မလာစဖူးနဲ့ …”
စိတ်ကြီးသည့် ဆရာတော်၏ မျက်နှာတင်းသွားသည်။
ထို့အတူ လေသံလည်း မာလာသည်။
“
ရဟန်းသံဃာကိုများ နောက်ပြောင်စရာအောက်မေ့နေသလား မသိဘူး …”
“ ရဟန်းသံဃာကိုများ နောက်ပြောင်စရာအောက်မေ့နေသလား
မသိဘူး …”
တစ်ထပ်တည်း တစ်လုံးမကျန်လိုက်ပြောနေသည့်
ဘိုးသာဒင်ကြောင့် ဆရာတော့်နှုတ်ခမ်းအစုံ တလှုပ်လှုပ်ဖြစ်လာသည်။ စိတ်လက်စ ပုတီးကို လည်ပင်းသို့
စွပ်လိုက်သည်။ ဆရာတော်လုပ်သမျှ မျက်လုံးအပြူးသားနှင့် လိုက်ကြည့်နေရင်း ဆရာတော်ပြောသမျှ
လိုက်ဆိုနေရသည်က ဘိုးသာဒင်။
“ တယ် … ဒီကောင် …”
“ တယ် …ဒီကောင် …”
“ ဟဲ့ ခွေး …”
“ ဟဲ့ ခွေး …”
အနားသို့ ဒေါသတကြီးရောက်လာသည့် ဆရာတော်က
ဘိုးသာဒင်၏ ပုခုံးတစ်ဖက်ပေါ်သို့ လက်တင်လိုက်သည်။ ဘိုးသာဒင်လည်း လက်ထဲတွင်ကိုင်ထားသည့်
ဖိနပ်ကိုလွှတ်ချလိုက်ပြီး ဆရာတော့်ပုခုံးကို ဖြတ်ခနဲဆုပ်ကိုင်လိုက်သည်။
“ နင် … နင် …”
ဆရာတော်၏ ဒေါသတကြီးလှုပ်ခါမှုကြောင့်
လက်ထဲတွင်ကိုင်ထားသည့် ပန်းကန်ပြားထဲမှ မာလကာသီးများ လိမ့်ကျကုန်သည်။ ထို့နောက်မှာတော့
မာလကာသီးများနည်းတူ ဆရာတော်နှင့် ဘိုးသာဒင်လည်း တစ်ဦးကိုတစ်ဦးဖက်ရင်း ကျောင်းစင်္ကြန်ထက်တွင်
လိမ့်နေကြသည်။ ဆရာတော်က အပေါ်ရောက်သွားလိုက်၊ ဘိုးသာဒင်က အပေါ်ရောက်သွားလိုက်နှင့် ဖြစ်သည်။
ဆရာတော်က ဘိုးသာဒင်ထက် သက်တော်အနည်းငယ်ကြီးသည်။ မုဆိုးလုပ်လာသည့် ဘိုးသာဒင်လောက်လည်း
အကြမ်းမခံနိုင်သူ ဖြစ်သည်။ သို့သော် ဘိုးသာဒင်က ၎င်းအပေါ်ရောက်သွားပြီးသည်နှင့် တပြန်တလှည့်
အောက်သို့ လှိမ့်ချပေးနေခြင်းဖြစ်ရာ အချိန်အတော်ကြာသွားသည်။ ထိုအချိန်သည် ကိုရင်လေးများ
ဆွမ်းခံကြွရာမှ ပြန်မလာသေးချိန်ဖြစ်သည်။ ကျောင်းရှိ ကပ္ပိယကြီးသည်လည်း သူ၏အဆောင်လေးထဲရှိ
ကွပ်ပျစ်ပေါ်တွင် ပြန်မှိန်းရင်း အဂ္ဂိရတ်အိပ်မက် မက်နေချိန်လည်းဖြစ်သည်။
အမှိုက်တစ်စမရှိသည့် စင်္ကြန်ထက်တွင် ဖုန်သဲအလူးလူးဖြင့်
လိမ့်နေကြရာမှ နှစ်ဦးသား ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် တိုင်ပင်မထားဘဲ နားလိုက်ကြသည်။ ဆရာတော်က
ဝေသီနေသည့် အကြည့်ဖြင့် ဘိုးသာဒင်ကို ကြည့်နေသည်။ ဘိုးသာဒင်ကလည်း ဆရာတော် ဘာများထပ်လုပ်ဦးမလဲဆိုသောအတွေးဖြင့်
လိုက်လုပ်နိုင်ရန် စောင့်ကြည့်နေသည်။ ခဏအကြာတွင် အမောပြေသွားသည်နှင့် ဆရာတော်က သင်္ကန်းဖိုသီဖတ်သီနှင့်
ကျောင်းကြီးပေါ်သို့ တက်သွားသည်။ ထိုအခါမှ ဘိုးသာဒင်လည်း သက်ပြင်းချကာ ဆရာတော်တက်သွားသည့်
ကျောင်းကြီးပေါ်သို့မှန်းကာ ဦးသုံးကြိမ်ချသည်။ ကျွတ်ကျနေသည့် ခေါင်းပေါင်းသည့် ပုဆိုးလေးကို
ဖုန်သဲခါပြီး ပြန်ပေါင်းလိုက်သည်။ ကျောင်းလာတုန်းက ယူလာသည့် ပန်းကန်ပြားကိုရှာသည်။
မတွေ့တော့။ ဘယ်နားလိမ့်သွားမှန်း မသိသဖြင့် နောက်မှ မယ်မှုန်ကို ပြန်ယူခိုင်းတော့မည်ဟု
စိတ်ကူးကာ ပြန်လာခဲ့လိုက်သည်။
အပြန်လမ်းတွင် သစ်ပင်ကြီးများထက်တွင်
ဟိုကိုင်း၊ ဒီကိုင်းကူးနေသော ရှဥ့်တွေကိုတွေ့သည်။ တချို့က သစ်ပင်ထက်မှ ဇောက်ထိုးဆင်းလာသည်။
ထိုသတ္တဝါတွေကိုကြည့်ရင်း စိတ်ခံစားချက်က ကျောင်းသို့လာစဉ်တုန်းကလို မဟုတ်တော့သည်ကို
ဘိုးသာဒင်သိသည်။ ပုခုံးပေါ်သို့ တစ်စုံတစ်ခု ကျလာသည်ကို သိသည်။ ကြည့်လိုက်တော့ တအားအားနှင့်အော်နေသည့်
ကျီးကန်းချေး။ ဘိုးသာဒင် ခဲတစ်လုံးကိုကောက်ကာ ထုမည်ပြုပြီးမှ စိတ်လျှော့ကာ လွှင့်ပစ်လိုက်သည်။
စောင့်သည့်ဥပုသ်က ကျောင်းတွင်းဥပုသ်ဆိုသော်လည်း ကျောင်းပတ်ဝန်းကျင်ဖြစ်နေ၍ စိတ်ထိန်းလိုက်ခြင်းဖြစ်သည်။
မောမောနှင့် အိမ်ပြန်ရောက်လာသည့် ဘိုးသာဒင်ကိုကြည့်ရင်း
ဘွားမှုန် အံ့အားသင့်နေသည်။ သီလယူပြီး ပြန်လာသည့်အချိန်သည် စောလွန်းနေသည် မဟုတ်လား။
“ ဘိုးသာဒင် သီလယူခဲ့ရဲ့လား…”
“ အေး …”
ဘိုးသာဒင်ထံမှ အေးတစ်လုံးက မအေးဆေးဘဲ
ဆောင့်ထွက်လာသည်။ ထို့နောက် ရေအိုးစဉ်မှ ရေများကို လက်ကိုင်ရိုးတပ်ထားသည့် အုန်းမှုတ်ခွက်ဖြင့်
တဂွပ်ဂွပ်ခပ်သောက်နေသည်။ မေးစေ့တွင် စီးကျနေသည့် ရေများကို လက်ခုံနှင့် သုတ်နေသည့်
ဘိုးသာဒင်ကိုကြည့်ပြီး ဘွားမှုန်ထပ်မေးလိုက်သည်။
“ တော်ပြန်လာတာ စောသလားလို့ ကျုပ်စိတ်ထင်
…”
“ ဟ သီလယူတာပဲ၊ စောတယ် နောက်ကျတယ် ရှိသေးသလားဟ
မယ်မှုန်ရ၊ ဒါနဲ့ နင်တို့သီလပေးတဲ့ ဆရာတော်က ဘယ်နှပါးတုန်း…”
“ ကျောင်းထိုင် ဆရာတော်ကြီး တစ်ပါးပဲလေ၊
ဘာဖြစ်လို့တုန်း…”
“ ဟေ၊ ဆရာတော်ကြီးကပဲ သီလပေးတာ၊ မုဆိုးလုပ်ရတာ
လွယ်သေးတယ်၊ ကျောင်းထိုင် ဆရာတော်လုပ်ရတာ မလွယ်ပါလားဟ…”
“ ဒါပေါ့တော် လူမိုက်လုပ်ရတာသာ လွယ်တာ၊
အကျင့်သီလနဲ့ပြည့်စုံတဲ့ သူဖြစ်ဖို့က သာ မလွယ်သေးတယ်၊ ဘုန်းကြီး ရဟန်းဖြစ်ဖို့က ဒုလ္လာဘပေါ့
ဘိုးသာဒင်ရဲ့…”
“ ပြီး နပန်းလည်း သတ်တတ်ဦးမှ …”
ဘိုးသာဒင်ပြောသွားသည့် စကားကို မကြားလိုက်မိသော်လည်း
ရွာထဲ ဥပုသ်ကျောင်းမှ ပြန်လာကြသည့် ဥပုသ်သည်များထံမှ တစ်ဆင့်ပြန်ကြားရသည့် စကားတို့ကြောင့်
ဘွားမှုန်ထံမှ တစ်ခွန်း တည်းသော စကားသံသာ ထွက်လာတတ်သည်။ အံ့သြပါ့ ဆိုသော စကားဖြစ်သည်။
ရွာထဲတွင်လည်း
ဘိုးသာဒင်၏
ဥပုသ်စောင့်နည်းသည် တောမီးပြန့်သည်ထက် ပို၍ပြန့်နှံ့သွားလေတော့သည်။
ထို့နောက်မှာတော့ ဥပုသ်စောင့်နည်းအမှန်ကို
သိသွားသော်လည်း ဘိုးသာဒင်တစ်ယောက် ရှက်၍ ဥပုသ်မစောင့်ဖြစ်တော့။ သူ့တစ်သက်တွင် တစ်ကြိမ်သာ
ဥပုသ်စောင့်ရန် သွားခဲ့ဖူးသည်။ ထိုသွားခဲ့ဖူးသော အကြိမ်တွင်လည်း ဆရာတော်နှင့် နပန်းလုံးကာ
ပြန်လာခဲ့ရသည့် အကြိမ်ဖြစ်ခဲ့ရသည်။ သို့သော် တစ်သက်လုံးလုပ်လာသည့် မုဆိုးအလုပ်ကိုတော့
ယတိပြတ်ပင် စွန့်ပစ်လိုက်တော့သည်။ ဘိုးသာဒင် ပြောခဲ့သည်က
“ လူဆိုတာ အကုသိုလ်အလုပ်ကို ချေဖျက်နိုင်တဲ့
ကုသိုလ်ကောင်းမှုမလုပ်နိုင်ရင်၊ အကုသိုလ် မဖြစ်အောင် နေသွားတာ အကောင်းဆုံးပဲ …”
တစ်ချိန်က အကုသိုလ်အလုပ်ဖြစ်သည့် မုဆိုးအလုပ်ကို
တစ်ချိန်တွင် ချေဖျက်ပစ်နိုင်သည့် ကုသိုလ်ဖြင့် အစားထိုးမည်ဟုများ အယူမှား၊ အတွေးမှားဖြင့်
ဘိုးသာဒင်တစ်ယောက် တွေးထင်ထားမိ လေသလားမသိ။ အိမ်ရှေ့တွင်ရပ်လာသည့် ဆွမ်းခံကိုယ်တော်များကို
ဆွမ်းလောင်းတတ်သော်လည်း ဘုန်းကြီးကျောင်းသို့ ဥပုသ်စောင့် မသွားတော့သည်မှာ သေသည့်တိုင်အောင်ဖြစ်သည်။
***** ***** *****
(ဘကြီးဖြိုးပြောသော ပုံပြင်များအားလုံးသည် ကြားဖူးနားဝ ဟာသများကို ဆင့်ပွားခံစားထားခြင်းသာ ဖြစ်ပါသည်)
***** ***** *****
(ဘကြီးဖြိုးပြောသော ပုံပြင်များအားလုံးသည် ကြားဖူးနားဝ ဟာသများကို ဆင့်ပွားခံစားထားခြင်းသာ ဖြစ်ပါသည်)
Comments
Post a Comment