စာရေးဆရာဖြစ်ချင်တာလား စာရေးသူဖြစ်ချင်တာလား



စာရေးဆရာဖြစ်ချင်တာလား စာရေးသူဖြစ်ချင်တာလား
******************************************************
                      တကယ်တော့ စာရေးဆရာဆိုတာ စာရေးနေလို့ စာရေးဆရာဖြစ်လာတာပါ။ ပြီးတော့ စာရေးဖြစ်ဖို့ဆိုတာကလည်း ဘယ်သူမှ တိုက်တွန်းလို့မရပါဘဲ ကိုယ်ကိုယ်တိုင် မရေးသ၍ စာတစ်ပုဒ် လောက်လောက် လားလားဖြစ်ဖို့ဆိုတဲ့ စိတ်ကူးပဲ ရှိနေမယ်ဆိုရင် လေထဲ တိုက်အိမ်ဆောက် သလိုဖြစ်နေမှာက အသေအချာပါပဲ။ စာရေးဆရာလို့အများက သတ်မှတ်ကြတဲ့ သူတွေဟာ စာမရေးဘဲ စာရေးဆရာလို့သတ်မှတ်ခြင်းခံရတာ မဟုတ်ပါဘူး။

တကယ့်ကို စာတွေ များများရေးခဲ့လို့သာ ၊ သူ့စာတွေကို လူတော်တော် များများဖတ်မိပြီး စာဖတ်သူတွေက လက်ခံခဲ့လို့သာ စာရေးဆရာဆိုတဲ့ အမည်နာမကို ရရှိပိုင်ဆိုင်ခွင့်ရကြတာပါ။ စာရေးဆရာလို့ စာရေးသူတွေက သတ်မှတ်ပေးလို့မရဘူးလို့ ကျွန်တော်က ထင်မြင် ယူဆပါတယ်။ လူတိုင်းဟာ အတ္တကိုယ်စီရှိနေတတ်တာကြောင့် ကိုယ်ရေးတဲ့စာ ကိုယ့်ဖာသာကောင်းပြီး သဘောကျ နေတတ်တဲ့ အကျင့်တွေရှိနေတော့ ကိုယ့်ဖာသာကိုယ် စာရေးဆရာလို့သတ်မှတ်ချက်ဟာ အရည်ချင်း ပြည့်မီတယ်လို့ မထင်ပါဘူး။

တကယ်စာရေးတဲ့သူဟာ သူ့စာတွေ အများကြားထဲရောက်သွားတဲ့အခါ ကိုယ့်စာရဲ့ ကောင်းခြင်း ဆိုးခြင်း အကျိုး အပြစ်တွေကို စာဖတ်သူတွေ ဘက်ကနေပြန်လာမယ့် Feed Back ကို မျှော်လင့်တတ်ကြပါတယ်။ ဝေဖန်ထင်မြင်ချက်တွေ ပြောဆိုလာတာကို လက်ခံတတ်ကြပါတယ်။

တချို့သော သူများကတော့ ဝေဖန် ထင်မြင်ချက်ကို လက်မခံတတ်တာကိုတော့ ချွင်းချက်တစ်ခုအနေနဲ့တော့ ထားရပါမယ်။ ဒါကလူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီ မှာဖြစ်နေတတ်တဲ့ အလေ့တစ်ခုပါ။ များသောအားဖြင့် စာရေးသူ တော်တော် များများဟာ စာစရေးစမှာပဲဖြစ်ဖြစ်၊ ကိုယ့်စာတွေ စာမျက်နာထက်ကိုရောက်ရှိသွားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်စာကို ဖတ်မိတဲ့သူတစ်ဦးဦးဆီက အသံလေးတွေကို နားထောင်ချင်တတ်ကြတာချည်းပါပဲ။ စာမျက်နာထက်မပါမီသေးမီမှာ ပြောဆိုလာတဲ့ ကောင်းခြင်း ဆိုးခြင်း အသံတွေကိုလည်း လိုချင်တတ်ကြပါတယ်။ ယုတ်စွအဆုံး အယ်ဒီတာ့ စားပွဲကိုဖြတ်ကျော်ပြီး ပုံနှိပ်ဖော်ပြခံရတဲ့ စာမူတွေကိုတောင် ကောင်းတယ် ဆိုးတယ် ပြန်ကြားချင် တတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဝန်းကျင်မှာ ကိုယ့်စာကိုဝေဖန်လာတဲ့အခါ ဆတ်ဆတ်ထိ မခံဖြစ်နေတာတွေရှိ လာနေတော့ စာရေးခြင်းဆိုတာ လွယ်ကူ လွန်းနေပါသလားလို့ ကျွန်တော် မေးခွန်းထုတ်ချင်လာပါတယ်။

အွန်လိုင်းပေါ်မှာ ဘာမဟုတ်တဲ့ စာကြောင်းလေးငါးကြောင်း တစ်ပိုဒ်လောက်ရေးတင်ပြီး ကိုယ့်ကိုကိုယ် စာရေးဆရာပါလို့ ယူဆနေတဲ့သူတွေကို မေးခွန်းထုတ်ချင်တာပါ။ အများသိစာရေးဆရာဆိုတာ အဲဒီလို စာလေး လေးငါး ကြောင်းလောက်နဲ့ စာရေးဆရာပါလို့လည်း ကိုယ့်ကိုကိုယ် မအော်သလို ကြေလည်း မကြေငြာပါဘူး။ တကယ့်ကို စာရေးဆရာဖြစ်ချင်တဲ့ သူတွေဟာ ပုံနှိပ်မီဒီယာရဲ့ အယ်ဒီတာစားပွဲကိုရအောင် ဖြတ်ကျော်ကြတာချည်းပါပဲ။

ဒါဟာ စာပေ မှတ်ကျောက်တင်ခံခြင်းဖြစ်သလို မိမိတို့အရည်အချင်း အဆင့်မီမမီဆိုတာကို ၀င်ရောက်အကဲဖြတ်ခံခြင်းလည်း ဖြစ်ပါတယ်။ တချို့ ကိုယ်ရေးတဲ့စာကို ဘယ်သူ့ အကဲဖြတ်တာကိုမှ မခံချင်ဘူးဆိုတဲ့ လူတွေက ကိုယ်ရေးတဲ့စာ ကိုယ့်ဖာသာ တည်းဖြတ် ကိုယ်ကိုယ်တိုင် ကောင်းတယ်လို့သတ်မှတ်ချက်ပေးပြီး စာရေးဆရာဖြစ်ပြီလို့ လက်မထောင်ပြ ချင်တတ်ကြတယ်။ ဒါဆိုရင် လက်ရှိ မြန်မာနိုင်ငံမှာ စာရေးနေကြပြီး ပုံနှိပ်ဖော်ပြခံရနေသူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့ အယ်ဒီတာတွေဆီပို့ပြီးမှ ပုံနှိပ်ခံနေကြတယ်လို့ ထင်စရာရှိနေပါတယ်။ တကယ်တော့ အယ်ဒီတာရဲ့ စားပွဲကိုဖြတ်သန်းဖို့လိုကို လိုအပ်ပါတယ်။
စာရေးသားရာမှာ တိုးတက်မှုရလိုသူတွေတိုင်း ကိုယ့်စာမူကို ဘာကြောင့် မရွေးဘဲပယ်သလဲဆိုတဲ့အချက်ကို သတိပြု ဆင်ခြင်ရေးသား တတ်သွားရင် ၊ မိမိကိုယ်တိုင်ကလည်း လုံ့လ၀ီရိယစိုက်ထုတ်ကြိုးစားရင် တစ်နေ့ ဖြစ်ကိုဖြစ်လာကြပါတယ်။ ဒါကတော့ ကျွန်တော့်ကိုယ်တွေ့ပါ။

ကျွန်တော်စာစရေးတုန်းက ကိုယ်ရေးတဲ့စာ ကိုယ့်ဟာကို ကောင်းနေတာလို့ ယူဆထားတာပါ။ ပြန်ဖတ်လည်း ဟာကွက်တွေမရှိဘူးလို့ကိုထင်မြင်မိခဲ့တာပါ။ ဒါပေမဲ့ တခြားသူကို ပေးဖတ်တဲ့အခါမှာ လိုကွက် ဟာကွက်လေးတွေ ပြောပြလာတဲ့အခါမှာ သိလာရပါတယ်။

အစတုန်းကတော့ **ငါရေးထားတာကို သူကပြောရအောင် သူငါ့လို့ရေးတတ်လို့လား**ဆိုတဲ့ အတွေးမျိုး ၀င်မိပါသေးတယ်။ နောက်တော့မှာ စာဖတ်နာသူတွေကပြောတဲ့ အချက်အလက်တွေရယ်၊ ရွှေအသစ်ပြန်ကြားချက်က ဆရာမ မသီတာ၊စမ်းချောင်း၊ ပြောတဲ့ အချက်တွေရယ်၊ ပြီးတော့ ရွှေအသစ်တွေရဲ့ ၀တ္ထုတွေကိုဖတ်ရတဲ့အခါမှ ကိုယ့်လိုအပ်ချက်ကို ကိုယ်ပြန်မြင်လာမိရာက ပြင်ဆင်ရေးသားဂရုစိုက်ရင်းမှာ မဂ္ဂဇင်း စာမျက်နာတွေထက်မှာ နှစ်တွေတော်တော်ကြာမှ ပုံနှိပ်ဖော်ပြခြင်းခံရတာပါ။ စောစောကပြောသလို ကိုယ့်စာကို ကောင်းတယ် ၊ဘယ်အယ်ဒီတာ့စားပွဲမှ ဖြတ်သန်းစရာမလိုဘူး။

တည်းဖြတ်မခံနိုင်ဘူးဆိုတဲ့စိတ်တွေးထားရင် ခံယူထားရင် ကျွန်တော် စာမျက်နာတွေထက် ရောက်လာစရာ အကြောင်းမရှိသလို အများလက်သင့်ခံတဲ့ စာရေးသူဆိုတာ ဖြစ်လာမှာကို မဟုတ်ပါဘူး။ ဒါကြောင့် စာရေးဆရာ(သို့မဟုတ်) စာရေးသူ ဆိုတဲ့ နာမည်ကို ကိုယ့်ကိုကိုယ် သတ်မှတ်ပေးလို့မရဘူးလို့ ဆိုလိုချင်တာပါ။ ယုတ်စွအဆုံး ကျွန်တော်တို့ ရဲ့နာမည်တွေကိုတောင် ကိုယ့်ကိုကိုယ် ပြန်ပေးခဲ့ကြရတာမဟုတ်ပါဘူး။ မိဘနှစ်ပါးက သဘောတူကြည်ဖြူစွာ ကင်ပွန်းတပ်ပေးခဲ့တဲ့ နာမည်ကိုအသုံးပြုပြီး ကျွန်တော် ဘယ်သူ ကျွန်မ ဘယ်သူဆိုတာကို ပြောနိုင်ကြတာပါ။ နောက်မှသာ သူငယ်ချင်းအချင်းချင်း သတ်မှတ်ကြတဲ့ nickname တွေကိုသုံးကြရတာပါ။ ဘယ်လောက်ပဲ nickname ခေါ်ခေါ် မှတ်ပုံတင်ထားပြီးသား နာမည်ကိုတော့ ပြန်ပြောင်းလို့ မရနိုင်ပါဘူး။

အဲဒီလိုပဲ စာဖတ်သူတွေဆီမှာ ကိုယ့်စာကို မှတ်ပုံတင်ကြည့်ပါ။ ကိုယ့်စာမှာပါတဲ့ စေတနာ၊ လုံ့လ၊၀ီရိယတွေကို စာဖတ်သူဟာ မမြင်ဘဲကိုနေမှာမဟုတ်ပါဘူး။ အသိအမှတ်ပြုတယ်ဆိုတာ စာမကောင်းဘဲ အသိအမှတ်ပြုလို့မရပါဘူး။ **ဇွတ်ကျိတ်မှိတ်ပြီး မကောင်းတဲ့စာကို ကောင်းပါတယ်လို့ပြောတာဟာ စာရေးသူကို အားပေးရာမရောက်ဘဲ နှစ်ရာရောက်ပါတယ်။**ခုတွေ့နေရတာက အဲဒါတွေပါပဲ။ အွန်လိုင်းပေါ်မှာ စာလေးငါးကြောင်းလောက်ကို ကောင်းလိုက်တာ၊ Share ပါရစေ ဆိုတဲ့ Comment မျိုးဝင်ရေးတဲ့သူတွေဟာ ရေးတင်သူတွေထက် ပိုမိုမိုက်မဲတယ်လို့ ပြောချင်ပါတယ်။ မကောင်းရင်မကောင်းဘူးလို့ပြောရဲတဲ့ အကျင့်၊ ကောင်းမကောင်း ဆင်ခြင်တိုင်းထွာတတ်တဲ့ အကျင့်တွေရှိဖို့ လိုအပ်ပါတယ်။ ခင်မင်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ ကိုယ်ကမကောင်းဘူးပြောရင် တမျိုးမြင်သွားမလားဆိုတဲ့ ယူဆချက်မျိုး မရှိသင့်ပါဘူး။ မိတ်ဆွေကောင်းဆိုတာ မိမိမိတ်ဆွေ အကျိုးရှိပြီး ကောင်းမွန်တဲ့ရလဒ်တွေကို လမ်းညွှန်ပြသ ပေးတတ်ကြပါတယ်။ စာတစ်ပုဒ်ကိုယ်ဖတ်ရလို့ အဲဒီစာကောင်းမကောင်းဆိုတာကို ဆင်ခြင်လေ့လာကြည့်ဖို့လိုပါတယ်။ စာရေးသူတိုင်း ရေးသမျှစာတွေကောင်းတယ်လို့ ယူဆလို့မရပါဘူး။

အဆိပ်အတောက်ဖြစ်စေတဲ့ ညစာတွေလည်း အများကြီးရှိပါတယ်။ အကြောင်းအရာတစ်ခုကို သိုင်းဝန်း ရေးဖွဲ့ထားတိုင်း ကောင်းတဲ့စာလို့ တစ်ထစ်ချမှတ်ယူလို့မရပါဘူး။ ကိုယ့်အတွက် အကျိုးရှိစေသလား၊ သူတပါးအတွက် အကျိုးရှိစေသလားဆိုတာကိုလည်း သတိပြုရပါတယ်။ ဒါကိုမှ သတိမပြုဘဲ မိမိနဲ့ခင်မင်ရင်းစွဲရှိတာ တစ်ခုတည်းနဲ့ မိမိကိုလည်း အခင်မင်မပျက်စေလိုတဲ့သဘောနဲ့ ကောင်းတယ်၊ Share ပါရစေဆိုတာ မဖြစ်သင့်ပါဘူး။ မြန်မာစကား တစ်ခုရှိပါတယ် **အရူး ဘုံမြှောက်** ဆိုတဲ့စကားပါ။ ဒီလိုဆိုရင် ရေးတင်သူ အတွက် ဝေဖန်ထင်မြင်ချက်ဆိုတာမရှိဘဲ ကောင်းတယ်ချည်း ပြောတဲ့ စကားတွေများနေတော့ ရေးတင် သူဟာလည်း အဟုတ်ကြီး ထင်ရာကနေ အထက်က ဆိုခဲ့တဲ့ ဆိုရိုးစကားလိုပဲ လမ်းလွဲသွားပါလိမ့်မယ်။ တကယ်ဖြစ်ချင်သူဟာ ကိုယ့်ကိုကိုယ် အမြဲ အပြစ်ရှာလေ့ရှိပါတယ်။

ဘယ်နေရာမှာ ဘယ်လိုမှားနေနိုင်တယ်ဆိုတာကိုလည်း ရှာဖွေလေ့ရှိပါတယ်။ ယနေ့ကမ္ဘာမှာ အောင်မြင် ထင်ရှားသူအများစုဟာ အမြဲတစေ လုံ့လအားထုတ်ကြပါသလိုပဲ အောင်မြင်ချင်တဲ့သူ၊ ဖြစ်ချင်တဲ့သူဟာ အာရုံပိုမိုစူးစိုက်လေ့ရှိကြပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ စာရေးဆရာဖြစ်ချင်သူဟာ ပိုမိုအားစိုက်ရမှာဖြစ်ပါတယ်။ သူတကာနိုင်ငံတွေလို ပညာရပ်ဆိုင်ရာ လေ့လာ ဆည်းပူးခွင့်တွေ ပြဌာန်းချက်တွေမရှိတဲ့အတွက် စာများများဖတ်ခြင်း၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ ဆီမှတဆင့် လေ့လာဆည်းပူးခြင်း တွေကိုပြုလုပ်နေကြရတဲ့ ယနေ့ခေတ်ကြီးမှာ စာရေးတယ်ဆိုတာ လွယ်ကူလွန်းပါသလားလို့ မေးချင်ရခြင်းပါ။ ဖြစ်ချင်တာက စာရေးဆရာ ရေးနေတာကိုကြည့်တော့ တစ်ပုဒ်မှမရှိတာတွေ၊ တစ်နှစ်နေလို့ တစ်ပိုဒ်မရေးတဲ့သူတွေ၊က ကိုယ့်ကိုကိုယ်စာရေးဆရာပါလို့ အော်နေကြတာတော့ ပုံနှိပ်မီဒီယာတွေရဲ့ အယ်ဒီတာစားပွဲကို အချိန်ကုန်ခံပြီး မှတ်ကျောက်တင်ခံဖြတ်သန်းနေတဲ့ စာရေးသူတွေရဲ့ ကြိုးစားမှုကို ပြက်ရယ်ပြုရာ ရောက်နေသလားလို့ပါ။

တကယ်လို့ ကိုယ့်ကိုကိုယ်စာရေးဆရာပါလို့ ကြွေးကြော်ပြီး ယုံကြည်မှုရှိတယ်ဆိုရင် ယနေ့ မြန်မာနိုင်ငံမှာ လက်ချိုး ရေတွက်လို့ရတဲ့ မဂ္ဂဇင်းတိုက်တွေရဲ့ အယ်ဒီတာ စားပွဲတွေကို ဖြတ်ကျော်ပြီး လက်မ ထောင်ကြပါလို့ ပြောချင်ပါတယ်။

သော်ဇင်(လွိုင်ကော်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း