ဆုတောင်းလေးတွေ ပြည့်ချင်တယ်


                သူငယ်ချင်းရေ မင်းရော၊ ငါရောGolden Land ခေါ်တဲ့ မြန်မာပြည်မှာ နေတာနော်။ ရင်းနှီးဖော်ရွေသော၊ အပြုံးတို့များစွာ သီးပွင့်သော၊ ဘာသာတရားကိုင်းရှိုင်းသော ၀ိသေသများစွာနဲ့   နိုင်ငံတစ်ခုပေါ့။ ထူးခြားတာကတော့ လူတစ်ယောက်သေသွားရင် ၀မ်းသာတတ်တာ၊ မသေသေးတဲ့ လူတစ်ယောက်ကို သေစေဖို့ ဆုတောင်းပေးတာ။ သူငယ်ချင်းရေ မင်းဆဲနေတာကို အဆဲခံရသူ မသိပေမယ့် အနားကလူတွေကတော့ မင်းဆဲနေတာကို သိတယ်ဟ။ ကိုယ့်ကို ဆရာကြီးက ဆုံးမဖူးတယ်။ အပြစ်ကျူးလွန်သူထက် အပြစ်ကို မုန်းပါတဲ့။ ခုတော့
အပြစ်ထက် ကျူးလွန်သူကို ပိုမုန်းနေကြသလိုပဲ။ ကျိန်စာတိုက်တိုင်း ထိမယ်ဆိုရင် လက်နက်ခဲယမ်းတွေ ၀ယ်မနေကြပါနဲ့။ မုန်းတဲ့အရာတွေကို ခုပဲ ကျိန်စာတိုက်လိုက်ကြရအောင်။ ဂျပန်တွေ၊ အင်္ဂလိပ်တွေကို ကိုယ်တို့နိုင်ငံက ထွက်သွားအောင် ဘိုးဘေးတွေ ကျိန်စာတိုက်ခဲ့ကြတယ်ထင်တယ်။ လွတ်လပ်ရေးရဖို့ကိုလည်း ဆုတောင်းခဲ့ကြလို့ ထင်ပါရဲ့။ဆုတောင်းတိုင်းပြည့်မယ်ဆိုရင် ပိုက်ဆံရှာမနေပါနဲ့တော့။ လိုချင်တာလေးတွေ ခုပဲ ဆုတောင်းလိုက်ရအောင်။ ဘုရားစောင်းတန်းတစ်ချို့မှာ၊ ဈေးပေါက်ဝမှာ ရှိနေတဲ့ ဆုတောင်းပေးသူတစ်ချို့ရဲ့ ဆုတွေကလည်း မကြာမီပြည့်တော့မှာ မဟုတ်လား။ ကိုယ်ပြောနေတာ သူငယ်ချင်းကိုနော်။ ဘယ်သူ့ကိုမှ မရည်ရွယ်ဘူး။လူကြည့်ခံချင်လို့ ပုဆိုးချွတ်ကတာ ခွေးဆွဲခံရရင် မင်း ဘယ်သူ့ကို အပြစ်တင်မှာလဲ။ရိုင်းစိုင်းညစ်ညမ်းစာသားတွေနဲ့ အဆိုတော်လေးကို မင်း အားကျနေသေးတာလား။ အမှန်တရားဆိုပြီး မိုက်ကရိုးဖုန်းကနေ ညစ်ညမ်းစာသားတွေဟစ်နေရုံနဲ့ (Pioneer)ဖြစ်မလာနိုင်ပါဘူး။ ပေါ်ပြူလာဖြစ်ဖို့က လွယ်ပါတယ်။ မော်ဒယ်တွေတောင် sexy post ရိုက်ရတာ အရမ်းဝါသနာပါ ပါတယ်ဆိုပြီး ဖြတ်လမ်းသုံးနေကြတာ။ ခေတ်နဲ့အညီ ရင်ဘောင်တန်းချင်ရင် တို့လူလေးများတိုင်လိုက်တာနဲ့ ဝေး ... လေလေး ဟစ်ပေးဖို့တော့ လိုလိမ့်မယ်။ ခေတ်ကိုအမှီလိုက်နည်း သိပ်မသိပေမယ့် ရှေ့ကကားကို အမှီလိုက်ဖို့အတွက် ပြိုင်ကားတစ်စီးလောက် လိုမယ်။ ခု ကိုယ် မြန်နှုန်းမြှင့် ကားလေးလိုချင်တယ်။ ဘယ်လိုလုပ်ရမလဲ။
Facebook က ကလေးမလေးပုံနဲ့ မင်းပြောဦးမှာ မဟုတ်လား။ ဆုတောင်းလေ ဆုတောင်းလို့...။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း