"ညောင်ရမ်း ဘာ့ကြောင့် ကြိုက်ရတယ်"
"ညောင်ရမ်း ဘာ့ကြောင့် ကြိုက်ရတယ်"
ရေးသူ=ပြည့်ပြည့်
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
မြန်မာ့ သမိုင်းမှာ ပျူ၊ ပုဂံ၊ တကောင်း၊ ပင်းယ၊ ညောင်ရမ်း၊ အင်းဝ၊ ဟံသာဝတီ၊ ကုန်းဘောင်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ် စသည်ဖြင့် ခေတ်အမျိုးမျိုးပြောင်း၊ နိုင်ငံပုံစံအမျိုးမျိုး ပြောင်း၊ အုပ်ချုပ်မှု ပုံစံတွေ အမျိုးမျိုး ပြောင်းခဲ့သလို ကိုယ့်အကြိုက်ဆုံး ခေတ်ကိုပြောကြပါဆို ဘယ်သူတွေ ဘယ်ခေတ်ကို ပြောမည်လဲမသိ။
ကိုယ်ကတော့ သမိုင်းထဲက ခေတ်တွေထဲမှာ ကိုယ်တိုင်မရောက်ဖူးပေမဲ့ ညောင်ရမ်းခေတ်ကို အကြိုက်ဆုံး။ အကြောင်းက ညောင်ရမ်းခေတ်ဟာ တခြားခေတ်များနဲ့ မတူဘဲ ပညာတတ်သူ အလွန်ပေါသောကြောင့်၊ ပညာရေးကို အထူးပင် အလေးထားသည်ဟု ထင်သောကြောင့်ပါ။
အားတိုင်း စစ်ထတိုက်တတ်ကြတဲ့ မြန်မာတွေ က ညောင်ရမ်းခေတ်မှာတော့ စစ်ရေးရော၊ နိုင်ငံရေးမှာပါ အတော်လေး တည်ငြိမ်သည်ဟု ဆိုရမည်။ မတိုက်ဟုတော့ မဆိုလို၊ တိုက်တော့တိုက်ပါသေးတယ်။
ညောင်ရမ်း ခေတ်ဟာ ခရစ်နှစ် ၁၅၉၇ မှ ၁၇၅၁ အထိ နှစ်ပေါင်း ၁၅၀ကျော် ရှည်ကြာခဲ့တဲ့ ခေတ်ကြီးဖြစ်ပါတယ်။ ညောင်ရမ်းခေတ်ကို စတင်ခဲ့တဲ့ ပထမဆုံးမင်းကတော့ ဘုရင့်နောင် မင်းတရားကြီးရဲ့ မထင်မရှား သားတော်တစ်ဦးဖြစ်တဲ့ ညောင်ရမ်းစား ရှင်သစ္စာပါ။ မင်းဖြစ်တဲ့အခါ မဟာသီဟသူရ လို့ အမည်တွင်ပါတယ်။
ညောင်ရမ်းခေတ်မှာ ထင်ရှားခဲ့တဲ့ မင်းတွေကတော့ အနောက်ဘက်လွန်မင်းနဲ့ သာလွန်မင်းကြီးတို့ပါပဲ။ သာလွန်မင်းကတော့ မြန်မာ့သမိုင်းမှာဆို ခပ်ရှားရှားမင်းတွေထဲက တစ်ဦးပါ။ မြန်မာပြည်ရဲ့ ပထမဆုံးလူဦးရေစာရင်း ကောက်ခဲ့သလို၊ အလေး၊ တင်း၊ တောင်း၊ အခြင်၊ အဝင် တွေကိုလည်း တညီထဲ ဖြစ်ဖို့ သတ်မှတ်ပေးခဲ့ပါတယ်။ တစ်ခါတစ်ခါ စဉ်းစားမိတာကတော့ သူလို ဘုရင်မျိုးသာ မြန်မာနိုင်ငံမှာ များများပေါ်ခဲ့ရင် တစ်ခုခုတော့ ထူးခြားလောက်တယ်ဟု။
(ဟံသာဝတီ က ဘုရင်မကြီး ရှင်စောပု နှင့် သူမ၏ သားမက်တော် ဓမ္မစေတီ မင်းကြီးတို့သည်လည်း ကိုယ့်အတွက် အလွန်ချစ်စရာကောင်းကြပါတယ်။)
ညောင်ရမ်းခေတ်မှာ ဘုရင့်နောင် စုစည်းခဲ့သလို တိုင်းပြည်ကို စုစည်းဖို့ ကြံစည်ကြပေမဲ့လည်း အထမမြောက်ခဲ့။ ခေတ်စကားနဲ့ ပြောရရင်တော့ ပါဝါကျနေတယ်လို့ ပြောရမလား မသိ။ ဒီလိုနဲ့ နောက်ပိုင်းဘုရင်များတွေလည်း ထူးထူးချွန်ချွန်မရှိလှတာမို့ ပါဝါတွေ ဆက်တိုက်ကျပြီး မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်အရောက်မှာ ညောင်ရမ်းပျက်ပါတယ်။
ကိုယ့်အတွေးနဲ့ ကိုယ်ထင်ချင်ရာ ထင်ကြည့်တာကတော့ စစ်အကြီးစားများ မတိုက်ခဲ့တာ ပြည်သူကို ညှာတာစိတ်ဝင်တာလည်း ဖြစ်နိုင်သည်ဟုလေ။ မြန်မာ့တပ်မတော်ဆိုတာ ဘုရင်များလက်ထက်မှာတော့ တခြားနိုင်ငံတွေက စစ်တပ်တွေလိုပင် အမြဲတမ်းတပ်မဟုတ်ပါ။ ရာပြုမြို့တွေ၊ ထောင်ပြုမြို့တွေ တည်ထောင်ပြီး စိုက်ပြီး၊ ရိတ်ပြီး စပါးပေါ်ချိန်ဆို စစ်တိုက်ဖို့ပြင်တော့တာ။
ညောင်ရမ်းကိုမှ ရွေးသဘောကျရသည့် အချက်များမှာ ပြောခဲ့သည့် အတိုင်းပင်။ ထူးထူးခြားခြား စာပေခေတ်ကောင်းလို့ ဖြစ်ပါတယ်။ "ပင်လေးပင် ရှင်လေးပါး" ရယ်လို့ မြန်မာ့ စာပေသမိုင်းတွင် မပါမဖြစ်သည့် ဆရာတော်များလည်း ပေါ်ထွန်းခဲ့သလို စာတိုငညို လို့ သိကြတဲ့ ဝန်ဇင်းမင်းရာဇာလည်း ထိုခေတ်တွင် ပေါ်ပေါက်ခဲ့ပါတယ်။ ခုံတော်မောင်ကျပမ်း ဟူသည့် စကားအရာ လိမ္မာကျွမ်းကျင်လှသော ပညာတတ် တစ်ဦးလည်း ပေါ်ပေါက်ခဲ့သည်။ ခုံတော်မောင်ကျပမ်း၏ လျှောက်ထုံးများဆိုလျှင်လည်း သိပ်ကို ပညာသားပါလှသလို ပညာတွေတတ်သလောက် မာနလည်း အလွန်ကြီးပြီး ဂုဏ်မောက်သူ တစ်ယောက်ရဲ့ ဘဝက စိတ်ဝင်စားစရာ ကောင်းလွန်းလို့ စိတ်ကူးနဲ့ ဇာတ်လမ်းတွဲတွေ အကြိမ်ကြိမ် ရိုက်နေမိသည်။ သူ့ကိုကြည့်၊ သူ့အကြောင်းတွေဖတ်ပြီး "အော် စိတ်မှာပညာတည်ဖို့လွယ်သလောက် နှလုံးသားမှာ ပညာတည်ဖို့ကျ ခက်ပါလား" လို့ တွေးမိတတ်သေးတာ။
နတ်ရှင်နောင် ဆိုရင်လည်း အားလုံးကသိသည်။ မြန်မာ့ မဟာရာဇဝင်ကြီးကိုလည်း ဦးကုလားသည် ထိုခေတ်မှာ ရေးခဲ့တာပါ။
ညောင်ရမ်းခေတ်မှာ ကိုယ်သဘောအကျဆုံး ကိစ္စကတော့ ပညာရေးကို အလွန်အလေးထားကြခြင်းဖြစ်ပါတယ်။ ယောက်ျားရော မိန်းမပါ ပညာသင်ကြသလို ရာခိုင်နှုန်းအားဖြင့်တော့ စာတတ်သူဦးရေ အတော်မြင့်တယ်လို့ ယူဆရနိုင်ပါတယ်။ ဒါ့အပြင် ရေးတတ်ဖတ်တတ်ရုံ၊ တော်ရိရော်ရိ တတ်ကြတာမဟုတ်ဘဲ ဗုဒ္ဓစာပေလာ တရားတော် များကိုပါ ကျွမ်းကျင် တတ်မြောက်ကြပြီး ကဗျာတွေ၊ စာချိုးတွေကိုတောင် တစ်ယောက်နဲ့ တစ်ယောက်သူနိုင် ငါနိုင် အပြိုင် စပ်ဆိုကြသေးသတဲ့။ အံ့ဖွယ်။
အမျိုးသမီးတွေဆို ရေခပ်ဆင်းချိန်၊ ဗိုင်းငင်ချိန် စတဲ့ အချိန်တွေမှာ
ဒီနေ့ စာဘယ်လောက်ကျက်ခဲ့တယ်၊ ဘယ်သင်ခန်းစာ တက်ခဲ့တယ်ပြိုင် ကြသတဲ့။ အနိုင်မခံ၊ အရှုံးမပေး တကယ်တတ်တာမှ ဟုတ်ရဲ့လား စာချိုးတွေနဲ့ စာမေးကြသည်တဲ့။ ယောက်ျားလေးတွေကတော့ အရွယ်ရောက်လာရင် ဘုန်းကြီးကျောင်းမှာ ကျောင်းသားလုပ်ပြီး ဒါမှမဟုတ် ကိုယ်ရင်ဝတ်ပြီး စာသင်ကြတာပါပဲ။ စာပေပညာ အတော်လေးတတ်ပြီဆိုမှ လူထွက်ပြီး လုပ်ငန်းခွင် ဝင်ကြတယ်။
မိန်းကလေးတွေကတော့ စာတတ်တဲ့ ဦးရီး ဘထွေးတို့ ထံမှ အိမ်တွင် သင်ယူကြပါတယ်။ ထိုခေတ်မှာတော့ မိန်းကလေးမို့ သေစာရှင်စာတတ်ရင်ပြီးရောလို့ သဘောမထား၊ လိုချင်သူကို လိုချင်သလောက် သင်ပေးကြတာကလည်း အတော် သိသာသည့် အလေးထားမှု ဖြစ်ပါတယ်။ အဲ့ဒီအချိန် က အဲ့ဒီလို မိန်းကလေးတွေ စာသင်ခွင့် ရှိတဲ့ တိုင်းပြည်ဆိုတာ ကမ္ဘာပေါ်မှာ အရှားသား။ မိန်းကလေးတွေကလည်း စာသင်ရာမှာ ဘယ်လောက် လက်စောင်းထက်လဲဆို ကိုရင်များနှင့်ပင်ပြိုင်၍စာချိုးနိုင်ကြသည်တဲ့။ ရေခပ်ဆင်းသည့် အပျိုများနှင့် ဆွမ်းခံထွက်သည့် ကိုရင်များက တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သူနိုင်ကိုယ်နိုင် ချိတ်ကာ ထေ့ကာနဲ့ စာတွေချိုးပြီး၊ စကားထာတွေဝှက်ပြီး ပြိုင်ကြသတဲ့။ ကဲ ဘယ်လောက်များမြင့် လိုက်ကြသလဲလို့။ ဒါ့ကြောင့်လည်း တောင်တွင်းရှင်ငြိမ်းမယ်တို့၊ ရာဇဓာတုကလျာ တို့၊ ရဝေရှင်ထွေးတို့လို နာမည်ကြီး အမျိုးသမီး စာဆိုတွေလည်းပေါ်ထွန်းခဲ့တာ ဖြစ်မယ်။ "စစ်မှာတမူ" အိုင်ချင်းလို မိန်းကလေးတွေရဲ့ ခံစားမှု နဲ့ လူနေမှုဘဝတွေ ကို ပြတဲ့ စကားလုံးတွေ ချန်ရစ်နိုင်ခဲ့တာ ဖြစ်မယ်။
" စစ်မှာ ယွန်းမ
နှမလေး မယ့်ထက်လှကို၊ ရမလားတော်"
"…မောင်ကလေးငယ်
မောင်သာလိုက်တဲ့ တောင်ပတ်လည်နှင့်
ဇင်းမယ် ဆိုသည်၊ ညိုတဲ့မြို့မှာ
ပျို့လွမ်းဖွယ်လေး"
တခြားသူတော့ မသိ၊ ကိုယ့်တော့ အတော်ထိတာပါ။ မျက်စောင်းလေး ထိုးထိုးပြောနေရင်း အဆုံးကျမှ အချွဲ ပိုလိုက်တဲ့ မိန်းကလေးက အတော် ချစ်ဖို့ ကောင်းမှာပဲလို့ တွေးမိလိုက်သေး။
တရပ်တကြေးက ဧည့်သည်လာရင်လည်း ထိုဧည့်သည်ကို စာချိုးပြီး ပညာစမ်းတတ်ကြသတဲ့။ ကိုယ်သာဆို အရှက်ဗျမ်းဗျမ်း ကွဲမှာပဲ။
သူတို့ရဲ့ စာပေသင်ကြားမှုအပေါ်မှာ ထားရှိတဲ့ စိတ်ထားက ပိုမို လေးစားစရာ ကောင်းတယ်လို့ ထင်တယ်။ ယခုခေတ်လို စာမေးပွဲအောင်ဖို့၊ ဘွဲ့ရဖို့၊ အလုပ်ရမှာ မို့တွေ မဟုတ်။ စာကို လေးစားသဖြင်၊့ မြတ်နိုးသဖြင့် သင်ကြခြင်းဖြစ်သည်။ အဲ့ဒီခေတ်မှာ စာမေးပွဲစစ်ပြီး ဘွဲ့လည်း မပေး။ ဘာသာရေးနဲ့ဆိုင်တဲ့စာမေးပွဲတော့ ရှိတာပေါ့လေ။ သင်တဲ့စာကလည်း မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော် တွေဆိုတော့ အဆုံးအမရော၊ အသိဥာဏ်ပါ ရပြီးသား။ အဲ့ဒီခေတ်မှာ ကျေးလက်နဲ့ သာမာန်အရပ်သားများ၏ သဘာဝ ကိုဖွဲ့သည့် အဖွဲ့များ၊ ကဗျာများ များစွာပေါ်ထွန်းခဲ့ပြန်တယ်။
"နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောအခါ
သမီးနှင့်သား၊ များလို့မဝင်သာ
ဒူးတစ်ဖက်ဟာ၊ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ၊ စားတော့မည်စေ
စားပေသာလှ အုန်းခွက်ကယ်နှင့်လေး။
ငုံ့လျက် ကိုယ်စီသာ
ဆုပ်ကာလွေးတော့သည်။
ပြီးလျှင် ရေ မရှာ
ခွေးသားကျွေးတော့သည်။"
ဝန်ကြီး ပဒေသရာဇာ ရဲ့ တျာချင်းတွေဟာ ကျေးလက် မြို့ပြအနှံ့ ပျံ့လွင့်ခဲ့သလို၊ နန်းတွင်းမှာလည်း ရတု၊ တေးထပ်တွေ၊ ကျေးလက်မှာလည်း အိုင်ချင်း၊ အဲချင်းတွေ စိမ့်ဝင်ပျံနှံ့ခဲ့တာမို့ လူတွေကြားရောက်တဲ့ အနုပညာကို ဖန်တီး နိုင်ခဲ့တာ မလွဲပါဘူး။ ခံစားနိုင်ခဲ့ ကြတာလည်း သေချာပါတယ်။
ညောင်ရမ်းခေတ်မှာ မြန်မာနိုင်ငံဟာ အင်ပါယာကြီးလည်း မတည်ဆောက်ခဲ့သလို၊ လက်နက်နိုင်ငံကြီးလည်း မတည်ထောင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခြားခေတ်များနဲ့ မတူ တစ်ဦးနဲ့ တစ်ဦး သင့်သင့်မြတ်မြတ်လည်း နေနိုင်ခဲ့ပါတယ်။ စစ်မက်မရှိလို့ စိုက်ပျိုးရေးလည်း ကောင်းပြီး စီးပွားရေးလည်း ကောင်းခဲ့ပါတယ်။
စာရင်းတွေမရှိပေမယ့်လို့ အနီးအနား ပတ်ဝန်းကျင် တိုင်းပြည်တွေထက် စာတတ်မြောက်မှုရာနှုန်းလည်း သေချာပေါက်ပိုများမှာသေချာနေပါတယ်။
အောက်မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးအပြီး အင်္ဂလိပ်တို့ကောက်ယူတဲ့ သန်းခေါင်စာရင်းမှာ မြန်မာအမျိုးသမီးတို့ရဲ့ စာတတ်မြောက်မှုဟာ အင်္ဂလန်ထက်များနေတာကို သူတို့ပင် အံ့ခဲ့ရတာလည်း ညောင်ရမ်း၏ စနစ်အမွေကြောင့်ပါ။
အရာအားလုံးရဲ့ အခြေခံဟာ ပညာလို့ ရဲရဲဝံ့ဝံ့ပင် ယူဆလျှက် ရှိပါတယ်။

Comments
Post a Comment