ဇီးကွက်တစ်ကောင်အကြောင်း

 

ဇီးကွက်တစ်ကောင်အကြောင်း


                ကျွန်တော်က ဇီးကွက်တစ်ကောင်ပါ။ အရိုးရှင်းဆုံးပြောရရင် ခပ်ပိန်းပိန်း ဇီးကွက်တစ်ကောင်ပေါ့။ ရင်းနှီးတဲ့ သူငယ်ချင်း ဇီးကွက်တွေက ကျွန်တော့်ကို ရှေ့မှာတင် မျက်ပြူးး အူကြောင်လို့ခေါ်တယ်။ တတ်နိုင်မလားဗျာ ဇီးကွက်ပဲ မျက်လုံးပြူးမှာပေါ့။ အူကြောင်ဆိုတာကတော့ မွေးရာပါ ဟုတ်ပါဘူး။ ဒီလောကထဲ ရောက်မှပါ။ ဒီလိုနဲ့ ကလေးဘ၀ လွန်မြောက်လို့ ဇီးကွက်လားမြောက်လာတော့ ရင်တွေဘာတွေ ခုန်တတ်ရောဗျာ။ သဘောကျတဲ့ ဇီးကွက်မလေး စာလိုက်ပေး အဲလေ အဲဒီတုန်းက လိုက်ပြောတာပေါ့။ ကျွန်တော်က စာရေးမကျွမ်းပေမယ့် စာရွေးတော့ ကျွမ်းတယ်ခင်ဗျ။
ဘယ်စာဆိုရင် ငါ့လက်က လွတ်ဘူးပေါ့ဗျာ။ ဇီးကွက်မလေး လိုက်ပြောတော့ လက်ထဲမှာ အဲလေ ခြေထဲမှာ စာလေးပါတယ်ဗျ။ သွားရင်း လာရင်း ဆွဲလာတဲ့ စာလေးတစ်ကောင်ပေါ့ဗျာ။ ချဉ်းကပ်တော့ ဇီးကွက်မလေး သိပ်လှတဲ့အကြောင်း၊ သိပ်တော် သိပ်ထက်မြက်တဲ့အကြောင်းလဲပါတယ်ဗျ။ ကျွန်တော် စာဖမ်းကျွမ်းတာကိုလည်း မျက်နှာပြောင်ပြောင်နဲ့ ကြွားရတာပေါ့ခင်ဗျာ။ ဇီးကွက်ပျိုလှည့်တယ်ဆိုတာ လွယ်မှတ်လို့။ နေ့စဉ်ရက်ဆက် စာလိုက်ပေးတော့(ဖမ်းမိတဲ့စာပြောတာနော်) သနားပြီး လက်ခံလိုက်တယ်။ စာကိုပြောတာနော်။ သူ့ကို သဘောကျရင် အချိန်တစ်ခုကို စောင့်ပါတဲ့။ သူ့အမေ ကိုရီးယားသွား ပလတ်စတစ်ဆာဂျရီလုပ်ပြန်လာတာ ပတ်တီးဖြေမယ့်နေ့ အဖြေပေးမတဲ့။ သူ့အမေက မျက်လုံးနဲနဲပြူးလို့ သွားပြင်ခဲ့တာဆိုပဲ။ တကယ်ဆို ဇီးကွက်ပဲဗျာ။ ပြူးပြူးပေါ့။ ကျွန်တော်လည်း စောင့်နေခဲ့လိုက်တယ် သုံးနှစ်သုံးမိုးပေါ့။ သူ့အမေမျက်လုံးကတော့ ဒီအတိုင်း ဒီအတိုင်းဘဲ။ တစ်နေ့ ချစ်တဲ့ဇီးကွက်မလေး ကျွန်တော့်ဆီရောက်လာတယ်။ လက်ထဲမှာလည်း စာကလေးနဲ့။ ပျော်သွားတာပေါ့ဗျာ။ လိုချင်တဲ့အဖြေ ရပြီပေါ့။ ဘယ်ဟုတ်မလဲ ဖိတ်စာဗျ ဖိတ်စာ။ ကျွန်တော်တို့ ဇီးကွက်မျီုးန်ွယ်တွေက တစ်ခုခုဆို စာကလေးနဲ့ ဖိတ်တာဗျ။ အဲဒီမှာ အသဲတွေ ဘာတွေကွဲပေါ့ဗျာ။ ကိုယ့်လက်မခံနိုင်လို့ တခြားကောင်ယူတာ ယူပေါ့ဗျာ။ ကျွန်တော်လည်း သိပ်မကြာပါဘူး မျှော်လင့်ချက်လုံးလုံး မရှိတော့တဲ့ အတူ တခြားသင့်တော်တဲ့ ဇီးကွက်မလေးတစ်ကောင်ကို ဒယ်ဒီဇီးနဲ့ မာမီကွက်အစွမ်းနဲ့ အိမ်ထောင်တွေဘာတွေကျပေါ့။ နောက်တော့ ဇီးကွက်သားလေး နှစ်ကောင်ရရော။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့စာသား အားကိုးပြီး ဇီးကွက်လုပ်ငန်းစုကြီးတစ်ခုမှာ အလုပ်ဝင်လုပ်တယ်ဗျ။ ကြိုးစားရတာပေါ့ဗျာ။လုပ်ငန်းကို အုပ်ချုပ်တဲ့ ရာထူးကြီးဇီးကွက်ကြီးက သိပ်တော်သဗျ။ မတရား ဘာမှမလုပ်ဘူး။ သူလုပ်သမျှ အတရားချည့်ပဲ။ သာတူညီမျှပေါ့။ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဇီးကွက်စီမံခန့်ခွဲရေးတို့၊ လုပ်ငန်းခွင် ကျွမ်းကျင်ဖို့အတွက် တက်ရောက်ထားတဲ့ သင်တန်းဆင်းလက်မှတ်တို့၊ လုပ်သက်တို့ဘာတို့ ဘယ်လောက်ရှိရှိဗျာ ဇီးကွက်ဝန်ထမ်းအားလုံး လစာကတော့ တပြေးညီပဲ။ မနေ့တနေ့က ၀င်လည်း ဒီလစာပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ၀င်လည်း ဒီလစာပဲ။ ရာထူးတွေ ဘာတွေတော့ သူ့အဆင့်နဲ့သူ ပေးထားသဗျ။ လစာကတော့ သာတူညီမျှပဲ။ တစ်ခါတစ်လေ ဇီးကွက်ဆားဗစ်မန်းနီးပေးရင် ဇီးကွက်တစ်ကောင် စာဥတစ်လုံးနှုန်းရရင် ပြန်လျှော့တယ်။ ဇီးကွက်နှစ်ကောင် တစ်လုံးနှုန်း။ အကျင့်တွေ ပျက်သွားမှာစိုးလို့တဲ့ ထိန်းသိမ်းထားတာ။ ဇီးကွက်နှစ်ကောင် တစ်လုံးနှုန်းကို သူကများတယ်ပြောသေးတယ်။ ဇီးကွက်လုပ်ငန်းဆိုတာ ညမှာ ပိုအလုပ်ရှုပ်တယ်ဗျာ။ တစ်နေ့လုံး တခြားဇီးကွက်တွေ ဖလန်းဖလန်းထထားတဲ့ စာရင်းအင်းတွေရောလုပ်ရတယ်ဗျာ။  ညမှာထွက်တဲ့ ညဥ့်ငှက်လေးတွေကလည်း တစ်ခါတစ်ခါ ဇယားကပ်တယ်ဗျာ။ နောက် အစာရှာထွက်တဲ့ အမွေးစုတ်ထောင်းထောင်း မြေကြွက်တွေ၊မူးမူးရူးရူးနဲ့ ယိမ်းထိုးနေတဲ့  မြွေတွေ၊ ရိုးသားဖြူစင်တဲ့ ယုန်တွေ အဲ့ဒါတွေက ညကျမှထွက်တာဗျ။ ညမှာလိုတဲ့ ဇီးကွက်အရေအတွက်ကျ ဖြည့်မပေးချင်ဘူး။ ဇီးကွက်တွေ ရသင့်တဲ့ ငှက်ဥကျလဲ များတယ်ထင်လိုထင်၊ လျော့လိုလျေ့နဲ့ သူလုပ်သမျှ အတရားချည့် ထင်နေတော့တာပဲဗျာ။ သူခန့်ထားတဲ့ ကွက်ကွက်ကလေးတွေကျ စာဥ၊ ငှက်ဥအရေအတွက်က မနည်းဘူးခင်ဗျ။ ကျွန်တော်သိချင်တာက သူက ဘယ်လိုဇီးကွက်မျိုးလည်းဟင်။ ခရိုနီကွက်ကွက်လား ဘာလား ခေါ်တတ်ပါဘူးဗျာ။ ပြောပြီးပါပကော အနော်က ပိန်းပါတယ်လို့။ သူက စေတနာတော့ ကောင်းတယ်ခင်ဗျ။ သူ့အတွေ့အကြုံတွေ လာလာနားထောင်ခိုင်းတယ်။ လာနားထောင်ရင် ရာထူးတိုးမယ်၊ ငှက်ဥတိုးမယ်ပေါ့ဗျာ။ ဒီကလည်း စာဥကို စိတ်ဝင်စားတာပေါ့။ အိမ်မှာကလည်း ဇီးကွက်ပေါက်နှစ်ကောင်နဲ့ ချစ်ချစ်ဇီးကွက်လေးနဲ့ဆိုတော့လေ။ ညပိုင်းမအိပ်ရတဲ့ ဇီးကွက် နေ့ပိုင်းအိပ်ချိန်ထဲက ဖဲ့ပြီး ဆြာဇီးကွက်ရဲ့ အင်တန်းကို တက်ရတော့တာပေါ့။ အင်တင်တင်နဲ့တက်ရလို့ အင်တန်းခေါ်တာနော်။ အကြိမ်ကြိမ်အခါခါ အိပ်ရေးပျက်တယ် ခုထိ တိုးဘူးဗျ။ စာဥလည်းတိုးဘူး။ ဘာမှလည်း တိုးဘူး။ အနော်လည်း စိတ်ညစ်တာနဲ့ ဇီးကွက်စာကို ပျင်းပျင်းနဲ့ရေးလိုက်ရတာပဲ။ အဆုံးထိဖတ်ပေးတာကို ကျေးဇူးတင်တယ်ဗျာ။ ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ။ အဲလေ ဇီးကွက်တို့ ဘာသာစကားနဲ့ ကြည့်ကွက် ကြည့်ကွက် ကြည့်ကွက်....။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း