ခိုးချခြင်းလား ပြန်လည်သုံးစွဲခြင်းလား

ခိုးချခြင်းလား ပြန်လည်သုံးစွဲခြင်းလား 

                            မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှု မြင့်တက်လာတာနဲ့အမျှ အင်တာနက်ထဲက စာပေလက်ရာတွေရဲ့ ပြန့်နှံ့မှုကလည်း မြင့်တက်လာပါတယ်။ စာပေလက်ရာတွေ ပြန့်နှံ့လာတဲ့အခါ လက်ရာရဲ့မူပိုင်ခွင့် (Copyright) အပေါ် ထိပါးမှုတွေကလည်း များပြားလာပါတယ်။ မူပိုင်ခွင့်ထဲမှာမှ ကိုယ်ကျင့်သိက္ခာဆိုင်ရာ မူပိုင်ခွင့်ဖြစ်တဲ့ Moral rights ထိပါးမှု၊ တစ်နည်းဆိုရရင် ဖန်တီးသူနဲ့ ဖန်တီးမှုလက်ရာကြားက အသိအမှတ်ပြုခြင်းဆိုင်ရာ အခွင့်အရေးကို ထိပါးမှုကို တင်ပြချင်ပါတယ်။

စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်ဆိုတာ မှတ်ပုံတင်နိုင်ပေမယ့် မှတ်ပုံတင်မှ ပိုင်ဆိုင်တာမျိုး မဟုတ်ပါ။ သူ့သဘောသဘာဝအားဖြင့်ကိုက ဖန်တီးသူက ဖန်တီးပြီးတဲ့အချိန်မှာ သူ့ဖန်တီးမှုအပေါ် မူပိုင်ခွင့်ကို လုံးဝပိုင်ဆိုင်သွားပါပြီ။ စီးပွားရေးနဲ့သက်ဆိုင်တဲ့ အခွင့်အရေးတွေကို တခြားသူတစ်ဦးတစ်ယောက်ဆီကို လွှဲပြောင်းပေးလို့ ရနိုင်ပေမယ့် ကိုယ်ကျင့်သိက္ခာနဲ့သက်ဆိုင်တဲ့ အခွင့်အရေးဖြစ်တဲ့ ဖန်တီးသူအမည်ခံပိုင်ခွင့်ကိုတော့ ကော်မရှင်အပ်နှံလုပ်ဆောင်ခိုင်းတဲ့ ချွင်းချက်အနည်းငယ်ကလွဲလို့ သာမန်အနေအထားမှာ ဖန်တီးသူက အစဉ်တစိုက်ပိုင်ဆိုင်ပါတယ်။ လွှဲပြောင်းလို့မရပါဘူး။ စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေအတွက် ပိုင်ဆိုင်မှု နှစ်ကာလ အကန့်အသတ်ရှိပေမယ့် ကိုယ်ကျင့်သိက္ခာနဲ့ ဆိုင်တဲ့ အခွင့်အရေးတွေကတော့ ဖန်တီးသူ ကွယ်လွန်ပြီးဖြစ်တောင်မှ ကာလအကန့်အသတ်မရှိ ပိုင်ဆိုင်နေဆဲပါ။ ဒါကြောင့် စာပေအနုပညာ လက်ရာတစ်ခုကို ဘယ်သူက ဘယ်နေရာမှာ ဖန်တီးပြီး ဘယ်လိုဖြန့်ချိသည်ဖြစ်စေ ဒါကို မည်သူဖန်တီးခဲ့တာဆိုတဲ့ ပိုင်ရှင်အမည်ခံရမယ့် အခွင့်အရေးကို ဘယ်သူမှ ထိပါးလို့မရပါဘူး။ ဒါဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဥပဒေရဲ့ သဘောသဘာဝအရ ဆိုလိုတာပါ။
အင်တာနက်ထဲမှာ ဖန်တီးမှုလက်ရာတွေကို တွေ့လာကြရင် အင်တာနက်ထဲဖြစ်တဲ့အတွက် ဒါဟာ မူပိုင်ခွင့်မရှိဘူး အလကားယူသုံးလို့ရတယ် လို့ တချို့က ထင်မှတ်ကြပါတယ်။ အဲဒါဟာ မမှန်ကန်ပါဘူး။ စီးပွားရေးအရတောင်မှ ခွင့်မတောင်းဘဲ အလကားယူသုံးလို့ ရမရ မသေချာပါဘူး။ ကိုယ်ကျင့်သိက္ခာအရတော့ မူလဖန်တီးသူဟာ ကျိန်းသေပေါက် အမြဲပိုင်ဆိုင်နေပါတယ်။ သူတပါး ရေးသားဖန်တီးထားတာကို ကိုယ်ရေးသားဖန်တီးတယ်လို့ လုပ်လို့မရပါဘူး။ ကိုယ်ကျင့်သိက္ခာပိုင်းမှာ မူပိုင်ခွင့် ထိပါးပုံ အမျိုးမျိုးရှိနိုင်ပါတယ်။ လတ်တလော မြန်မာနိုင်ငံ အင်တာနက်လောကထဲမှာ ဖြစ်ပွားနေတဲ့ ကိုယ်ကျင့်သိက္ခာဆိုင်ရာ မူပိုင်ခွင့် ထိပါးပုံတွေကို အကြမ်းဖျဉ်းအားဖြင့် ဒီလိုတွေ့နိုင်ပါတယ်။
၁) သူများဖန်တီးမှု ကို ကိုယ့်နာမည်တပ်ခြင်း
၂) သူများဖန်တီးမှုအစိတ်အပိုင်းကို ကိုယ့်ဖန်တီးမှုထဲထည့်ကာ အားလုံးကို ကိုယ်ဖန်တီးရေးသားသလိုလို ထင်မှတ်စေခြင်း
၃) သူများဖန်တီးမှုကို ဆင်တူယိုးမှား တုပကာ မူရင်းမည်သူ့ထံမှ ကိုးကားကြောင်း မဖော်ပြဘဲ မိမိအတွေး၊မိမိအရေးဟု ထင်မှတ်စေခြင်း
၎) သူများဖန်တီးမှုကို ဖန်တီးသူနာမည် မဖော်ပြခြင်း
ဒီနေရာမှာ နံပါတ် ၁ နဲ့ ၂ က ကျိန်းသေပေါက် မူပိုင်ခွင့် ထိပါးမှု ဖြစ်စေပါတယ်။ နံပါတ် ၃ နဲ့ ၄ ကတော့ အငြင်းပွားဖွယ်ဖြစ်စေပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ ပြဿနာတွေထဲမှာ ကဗျာနဲ့ ပတ်သက်တဲ့ ဥပမာတွေကို ထုတ်နုတ်ပြချင်ပါတယ်။
၁) သူများဖန်တီးမှု ကို ကိုယ့်နာမည်တပ်ခြင်း
မိုးမခမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာဆရာလင်းမိုးစွေရဲ့ “အသံညစ်ညမ်းမှု” ခေါင်းစဉ်နဲ့ကဗျာကို Facebook အကောင့်ပိုင်ရှင်တစ်ဦးက သူရေးသားသကဲ့သို့ ရေးသူအမည်ခံကာ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ အဲဒီ အကောင့်ပိုင်ရှင်ဟာ ဆရာဆောင်းယွန်းလရဲ့ မိုးမခမဂ္ဂဇင်းပါ ကဗျာအများအပြားကိုလည်း မိမိရေးသားသယောင် နာမည်တပ်ကာ ပြန်လည်ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ ဒီကိစ္စမျိုးဟာ “သူများဖန်တီးမှု ကို ကိုယ့်နာမည်တပ်ခြင်း” နဲ့ အကျုံးဝင်ပါတယ်။
၂) သူများဖန်တီးမှုအစိတ်အပိုင်းကို ကိုယ့်ဖန်တီးမှုထဲထည့်ကာ အားလုံးကို ကိုယ်ဖန်တီးရေးသားသလိုလို ထင်မှတ်စေခြင်း
ကဗျာဆရာဟံလင်းရေးသားတဲ့ “ဟယ်လီကော်ပတာ” ဆိုတဲ့ ကဗျာစာကြောင်းတွေကို အစပြုပြီး စာကြောင်းတွေ ထပ်ထည့်ကာ Facebook အကောင့်ပိုင်ရှင်တစ်ဦးက သူ့ကဗျာအဖြစ် သူ့စာမျက်နှာမှာတင်ခဲ့ပါတယ်။ ဒီနေရာမှာ ဒုတိယကဗျာဟာ မူရင်းကဗျာဆရာဟံလင်းရဲ့ ကဗျာနဲ့ ခေါင်းစဉ်တစ်ခုတည်းသာ တူညီခဲ့ရင် ဟယ်လီကော်ပတာ ဆိုတာဟာ တစ်ဦးတစ်ယောက်က အနုပညာမြောက် တီထွင်တွဲစပ်ထားတဲ့ စကားလုံး မဟုတ်တဲ့အတွက် ဘယ်သူမဆို ခေါင်းစဉ်အဖြစ် အသုံးပြုနိုင်တယ်လို့ယူဆနိုင်ပါတယ်။ ဒါပေမယ့်လည်း -
ဟယ်လီကော်ပတာ
တော်တော်နဲ့ကိုဆင်းမလာ
ငါ့ရဲဘော်အလောင်းတွေကို
... ဆိုတဲ့ စာသားရဲ့ စကားလုံးတွဲစပ်မှုဟာ ကဗျာဆရာဟံလင်းရဲ့ ကဗျာစာသားအတိုင်း အတိအကျပါပဲ။ ကဗျာတိုဖြစ်တဲ့အတွက် ကဗျာဆရာဟံလင်းရဲ့ ကဗျာ ၅၀%လောက်လည်း ဖြစ်နေပါတယ်။ ဒုတိယကဗျာရှင်ဟာ အဲဒီအထိ စာကြောင်းတွေကို အတိအကျ ယူခဲ့ပြီးမှ နောက်ထပ် စာကြောင်းတွေထပ်ဖြည့် ရေးခဲ့တယ်။ မူရင်းကဗျာကိုလည်း Credit မပေးခဲ့တဲ့အတွက် “သူများဖန်တီးမှုအစိတ်အပိုင်းကို ကိုယ့်ဖန်တီးမှုထဲထည့်ကာ အားလုံးကို ကိုယ်ဖန်တီးရေးသားသလိုလို ထင်မှတ်စေခြင်း” နဲ့ အကျုံးဝင်တယ် လို့ ကောက်ချက်ချရပါမယ်။
တခါတရံမှာ အနုပညာဖန်တီးမှု ပုံစံမတူတဲ့ နယ်ပယ် (Genres) တွေမှာ ဖြစ်ပေါ်တဲ့ ပြဿနာတွေလည်းရှိတတ်ပါတယ်။ ဆရာ အောင်ချိမ့်ရဲ့ နာမည်ကျော် “ဂန္ထဝင်မမ” ကဗျာခေါင်းစဉ်ကို တီဗွီချန်နယ်တစ်ခုရဲ့ ကိုရီးယားဇာတ်လမ်းတွဲမှာ နာမည်ပေးထားလို့ ကန့်ကွက်ညှိနှိုင်းပြီး ခေါင်းစဉ်ပြန်ပြောင်းခိုင်းရတာ ရှိခဲ့ပါတယ်။ လတ်တလောမှာတော့ ဆရာသူဝေး ရေးသားထားတဲ့ “သူမေ့နေတဲ့သစ်ပင်” ဝတ္ထုကို သီချင်းရေးဆရာတစ်ယောက်က ခေါင်းစဉ်အတိအကျရော စာသားနဲ့ Theme ပါ တိုက်ဆိုင်တူညီစွာ ရေးထားခဲ့တဲ့အတွက် ဖြေရှင်းစရာဖြစ်နေပါတယ်။
၃) သူများရေးထားသော စာကို ဆင်တူယိုးမှား တုပရေးသားကာ မူရင်းမည်သည့်စာက ကိုးကားကြောင်း မဖော်ပြဘဲ မိမိအတွေး၊မိမိအရေးဟု ထင်မှတ်စေခြင်း
ဒီကိစ္စက ပိုပြီးနူးညံ့သိမ်မွေ့ပါတယ်။ စာပေမူပိုင်ခွင့်ဟာ အတွေးအခေါ်၊ ဖြစ်စဉ်၊ ဇာတ်လမ်း ကို ကာကွယ်တာမဟုတ်ဘဲ ဖော်ပြချက် ရေးသားချက်ကိုသာ ကာကွယ်တာဖြစ်တဲ့အတွက် ဥပဒေကြောင်းအရလည်း ပြောဆိုဖို့ရာ အားနည်းတတ်ပါတယ်။ ဒီလို လုပ်သင့်မလုပ်သင့်ဆိုတာ ကျင့်ဝတ်အရ၊ ဂုဏ်သိက္ခာအရသာ ခွဲခြားဆုံးဖြတ်နိုင်မယ့် ကိစ္စမျိုးတွေဖြစ်ပါတယ်။
ဥပမာအနေနဲ့တော့ မောင်ယုပိုင်ရဲ့ “သူငယ်ချင်း ဘိုင်ဖရိထံပေးစာ” ဆိုတဲ့ ကဗျာရယ်၊ အဲဒီကဗျာနောက်မှ ရေးသားဖြန့်ချိတဲ့ ခပ်ဆင်ဆင်တူတဲ့ ကဗျာတစ်ပုဒ်ရယ်ကို ဥပမာ ပြချင်ပါတယ်။ ကဗျာပါ အကြောင်းအရာကတော့ ဘာသာရေးလူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို ဦးတည်ပါတယ်။ ရေးပုံရေးဟန်ကတော့ ကဗျာရေးသူနဲ့ ဘာသာလူမျိုးမတူတဲ့ သူငယ်ချင်းကို တိုင်တည်ပြီးရေးသားထားတဲ့ စကားပြောပုံဖြစ်ပါတယ်။ အကြောင်းအရာနဲ့ ရေးဟန် ဆင်တူပေမယ့် ဒုတိယကဗျာဟာ မောင်ယုပိုင်ရဲ့ကဗျာထဲက ဖော်ပြချက်စာသားတွေကို အတိအကျ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဒါပေမဲ့ မောင်ယုပိုင်ကဗျာကို ဖတ်မိလို့ ဆင့်ပွားရေးထားကြောင်းလည်း ဝန်ခံမထားပါဘူး။ ကဗျာတွေက ရှည်တဲ့အတွက် အားလုံးကို မဖော်ပြတော့ဘဲ မောင်ယုပိုင်ရဲ့ ထင်ရှားတဲ့ ကဗျာတစ်ပိုဒ်ကို ကောက်နုတ်ချင်ပါတယ်။
“လပြည့်ည လရောင်ဟာ မြို့ပေါ်ကို ဖြာကျနေတယ်
မင်းတို့ရပ်ကွက် ငါတို့ရပ်ကွက်ဆိုပြီး ရွေးပြီးကျနေတာ မဟုတ်ဘူး
မင်းတို့ ဗလီပေါ်ဖြာကျနေသလို
ငါတို့ စေတီပေါ်ကိုလည်း ဖြာကျနေတယ်။”
(သူငယ်ချင်း ဘိုင်ဖရိထံပေးစာ - မောင်ယုပိုင်)
နောက်ကဗျာမှာတော့
....."ဟိုမှာကြည့်စမ်း
လရောင်က ငါတို့ဗလီပေါ်မှာဖြာကျလို့
မင်းတို့ဘုရားစေတီတွေပေါ်မှာလဲ ၀င်းပလို့
လှလိုက်တာ ….”
လို့ ဖော်ပြထားပါတယ်။ ဒါဟာ တိုက်တိုက်ဆိုင်ဆိုင် ဆင်တူရန် ခက်ခဲတဲ့ အတွေးအရေးလို့ စဉ်းစားနိုင်ပါတယ်။ ဒါက နမူနာတစ်ခုသာရှိပါသေးတယ်။ ဒါကြောင့် အကြောင်းအရာရော အရေးအသားပုံစံပါ ဆင်တူနေတဲ့ ဒုတိယကဗျာဟာ “သူများဖန်တီးမှုအစိတ်အပိုင်းကို ကိုယ့်ဖန်တီးမှုထဲထည့်ကာ အားလုံးကို ကိုယ်ဖန်တီးရေးသားသလိုလို ထင်မှတ်စေခြင်း ” အောက်မှာ စဉ်းစားစရာဖြစ်နေပါတယ်။ ဒုတိယကဗျာရေးသူဟာ Internet ထဲမှာတော့ လာဖတ်သူ ပရိသတ်အများအပြားရှိတာမို့ သူ့ကဗျာကသာပိုပြီးတော့ ပေါက်ရောက်ပြီး မူရင်း မောင်ယုပိုင်ကဗျာကို အဲဒီလောက် မသိကြဘူးတောင် ဖြစ်နေပါသေးတယ်။
လတ်တလောမှာ လူသိများတဲ့ နောက်ထပ် နမူနာတစ်ခုကတော့ ဆရာဇော်ဂျီရဲ့ နာမည်ကျော် “ဗေဒါလမ်း” ကဗျာတွေရဲ့ ရေးဟန်နဲ့ အကြောင်းအရာအတိုင်း ဆင်တူယိုးမှား ရိုးရာကဗျာတွေ ရေးသားခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ရေးသူဟာ ဆယ်ကျော်သက်တစ်ဦးဖြစ်ပေမယ့် ကဗျာစာအုပ် ထုတ်ဝေခဲ့ဖူးသူ စာပေဟောပြောပွဲမှာ ဟောပြောခဲ့ဖူးသူ၊ Facebook ထဲမှာလည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ အဲဒီလို လူသိများ နာမည်ကြီးတဲ့ “ဆယ်လီ” လို့ ခေါ်လေ့ရှိတဲ့ စာရေးသူတွေက မူပိုင်ခွင့်ထိပါးမှုနဲ့ ပတ်သက်လာတဲ့အခါ သူတို့အပေါ် လူအများရဲ့ဝိုင်းဝန်း ထောက်ခံအားပေးမှုကြောင့် ဒီကိစ္စကို နားလည်သဘောပေါက်ဖို့ ညှိနှိုင်းရှင်းလင်းဖို့ ခက်ခဲတတ်ပါတယ်။
၎) သူများရေးထားသော စာကို ရေးသူနာမည် မဖော်ပြခြင်း
အဲဒီအမျိုးအစားကတော့ အင်တာနက်ထဲမှာ အများဆုံးတွေ့မြင်ရပါတယ်။ မိမိနှစ်သက်တဲ့ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ စာကြောင်းတစ်ကြောင်းကို လက်ဆင့်ကမ်းဖြန့်ဝေရင်း မူရင်းရေးသူနာမည် မပါတော့တာဖြစ်ပါတယ်။ တချို့ကလည်း ပြုတ်ကျကျန်ခဲ့တာဖြစ်နိုင်ပြီး တချို့ကတော့ မူရင်းရေးသူနာမည်ကို ထည့်သင့်တယ် ဆိုတာကို မသိလို့ ချန်ထားမိတာ ဖြစ်နိုင်ပါတယ်။ ရေးသူနာမည် မပါတဲ့အတွက် ရေးသူဟာ စာဖြန့်ချိသူပဲဖြစ်မယ်လို့ ထင်ယောင်ထင်မှားလည်း ဖြစ်တတ်ပါတယ်။ တချို့က ရည်ရွယ်ချက်ရှိရှိ တမင်တကာ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တာပါ။ တချို့ကတော့ ကိုယ်ရေးတာမဟုတ်ကြောင်း credit to original uploader လို့ ရေးတတ်ကြပါတယ်။ တချို့ကတော့ ရေးသူနာမည်မပါတဲ့ နှစ်သက်တဲ့ စာတစ်ပုဒ်ကို တွေ့တဲ့အခါ သိပ်မစဉ်းစားတော့ပဲ မိမိနာမည်တပ်ပြီး မိမိရေးသလိုလို ဆက်လက် ဖြန့်ချိတတ်ကြပါတယ်။
အထက်ပါကိစ္စတွေဟာ အင်္ဂလိပ်လို Plagiarism လို့ခေါ်တဲ့ “ခိုးချခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိပါတယ်။ ကျောင်းတွေမှာ ကျောင်းသားတွေက မိမိတို့ သုတေသနစာတမ်းတွေထဲမှာဖြစ်ဖြစ် အဖြေတွေထဲမှာဖြစ်ဖြစ် သူတပါးရေးသားထားတာကို ကိုးကားရုံမဟုတ်ဘဲ မရိုးသားတဲ့နည်းတဲ့ ဖြတ်ညှတ်ကပ်လုပ်တာ တွေ့ရင် plagiarism နဲ့ အရေးယူခံရလေ့ရှိပါတယ်။
ယခုတင်ပြတဲ့အထဲမှာ ကဗျာရေးသူဆီက ခွင့်မတောင်းဘဲ မဂ္ဂဇင်းစာစောင်ထဲထည့်တာ၊ ထုတ်ဝေရောင်းချတဲ့ ကဗျာတွေကို အင်တာနက်ထဲမှာ အလကားဖြန့်ချိတာ၊ စတဲ့ စီးပွားရေးဆိုင်ရာ အခွင့်အရေး ထိပါး ချိုးဖောက်မှုတွေ မပါဝင်သေးပါဘူး။ လူ့ကျင့်ဝတ်နဲ့ စာရိတ္တရေးရာမှာ အခြေခံကျတဲ့ ခိုးမှုအမျိုးအစားတစ်ခုကို ရှင်းလင်း ပြောပြရုံသာဖြစ်ပါတယ်။
ကဗျာရေးသားနည်းစနစ်တွေထဲမှာ Plagiarism လုပ်တယ်လို့ မဆိုနိုင်ဘဲ ကဗျာရေးနည်းပညာအရ သူတပါးစာကို ယူသုံးထားတဲ့ ရေးနည်းတချို့ရှိပါတယ်။ အဲဒီရေးနည်းတွေကို အသုံးချပြီး ရေးတယ်ဆိုရင် မူပိုင်ခွင့်ကို ထိပါးရာ မရောက်ဘူးလို့ ကဗျာဆရာတွေက ယူဆပေမယ့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြဆဲပါ။ ဖန်တီးမှုလုပ်တဲ့အခါ ဘယ်လိုကိစ္စမျိုးဟာ Plagiarism ဖြစ်တယ် ဘယ်လိုကိစ္စမျိုးက Plagiarism မဖြစ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ နိုင်ငံတကာက ကဗျာနဲ့ အခြားအနုပညာဆိုင်ရာ အသုံးအနှုန်းတချို့ကို ရှင်းပြချင်ပါတယ်။
Conceptual Poetics
ကွန်ဆက်ပ်ချူရယ်လ် ကဗျာဆိုတာ နှစ်ဆယ့်တစ်ရာစု အစောပိုင်းမှ ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ ကဗျာဆိုတာ ဖန်တီးမှုအရေးအသားလို့ မှတ်ယူနေကြတဲ့အချိန်မှာ ကွန်ဆက်ပ်ချူရယ်လ် ကဗျာဆရာတွေကတော့ ဖန်တီးမှုမဟုတ်တဲ့ အရေးအသား Uncreative writing လည်းဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ သူတို့ရဲ့ အဓိက ရေးနည်းကတော့ သူများတွေရေးသားထားပြီးသား ရှိရင်းစွဲ စာသားတွေကို ယူသုံးခြင်း (Appropriation) ဖြစ်ပါတယ်။ စာသားအားဖြင့် ကဗျာရေးသူရဲ့ ဖန်တီးမှုမဟုတ်တဲ့အတွက် ရေးသူရဲ့အခန်းကဏ္ဍဟာ အဲဒီရှိပြီးသား စာသားတွေကို ကဗျာအနေနဲ့ ဘယ်လို သဘောထား ရှုမြင်မလဲ ဆိုတာပဲ ကျန်ပါတော့တယ်။ ဒါကြောင့်လည်း အယူအဆ အမြင်သဘောထား (Concept) အပေါ်မှာပဲ အခြေတည်တဲ့ ကွန်ဆက်ပ်ချူရယ်လ် ကဗျာရယ်လို့ ခေါ်ဝေါ်တာဖြစ်ပါတယ်။ အဲဒီကဗျာမျိုးမှာ ကဗျာရယ်လို့ ထွက်ပေါ်လာတဲ့ပစ္စည်း (Final product ) ထက် ကဗျာပြုလုပ်နေခြင်းဖြစ်စဉ် (Process) ပေါ်မှာပဲ ပိုပြီး အဓိကထားလေ့ရှိပါတယ်။ Kenneth Goldsmith, Christan Bos, Robert Fitterman, Vanessa Place, တို့ဟာ ထင်ရှားတဲ့ Conceptual poets တွေဖြစ်တယ်။
Appropriation in art
အနုပညာဆိုင်ရာမှာ Appropriation ဆိုတာ ရှင်းရှင်းပြောရရင် သူများဟာကို ယူသုံးတာဖြစ်ပါတယ်။ ခိုးချတာနဲ့ ဘာကွာသလဲဆိုတော့ သူက သူများဖန်တီးထားတာကို သူဖန်တီးတာလို့ ဆိုလိုတာ ထင်မှားစေတာ မဟုတ်ဘဲ သူယူသုံးခြင်းအားဖြင့် အနုပညာမြောက်မှုတစ်ခု၊ သီးသန့်အသစ်တစ်ခုကို ဖြစ်စေတာပါ။
Found text/ Found poetry
Found text ဆိုတာ မိမိရေးသားခြင်းမဟုတ်တဲ့ အခြားသော အရင်းအမြစ်တွေက စကားလုံးတွေ၊ စကားစုတွေ၊ ဝါကျတွေ၊ စာပိုဒ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ Found poetry ဆိုတာက အဲဒီ Found text တွေကို ပြန်လည် စီစဉ် သုံးစွဲပြီး တည်ဆောက်ထားတဲ့ ကဗျာကို ပြောတာပါ။ ဒီနေရာမှာ ကဗျာထဲမှာ သုံးစွဲထားတဲ့ စာသားတွေဟာ မတူညီတဲ့ အရင်းအမြစ်များစွာကနေ ရယူထားတာဖြစ်နိုင်ပါတယ်။
Erasure method
ဒါကတော့ မိမိရေးသားထားတာဖြစ်ဖြစ် သူတပါးရေးသားထားတာဖြစ်ဖြစ် စာပိုဒ်တစ်ပုဒ် ဆောင်းပါးတစ်ပုဒ် ကဗျာတစ်ပုဒ် စတဲ့ စာသားအစုအဝေးတစ်ခုကိုယူ၊ မလိုချင်တာတွေကို ပယ်ဖျက်လိုက်ပြီး ကျန်ရှိနေတဲ့ စာသားတွေကို ကဗျာအဖြစ်ရှုမြင် ပြုလုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီနေရာမှာလည်း ရွေးချယ် ပယ်ဖျက်နေတဲ့ ကဗျာပြုလုပ်တဲ့ ဖြစ်စဉ် process ပေါ်မှာ အလေးပိုထားကြပါတယ်။
Intertextuality
စာသားတစ်ခုရဲ့ အဓိပ္ပာယ်ကို အခြားသောစာသားတစ်ခုနဲ့တွဲဖက်ဆက်စပ်ခြင်းအားဖြင့် ဆင့်ပွားအဓိပ္ပာယ်ဖြစ်စေတာ၊ အနက်ပြောင်းလဲစေတာ ဖြစ်ပါတယ်။ စကားလုံးတွေအပေါ် စာဖတ်သူရဲ့ မူလဗဟုသုတ သိမြင်မှုအပေါ်အခြေခံပြီး အဓိပ္ပာယ်ကို ဆင့်ပွားစေ၊ ပြောင်းလဲစေပါတယ်။ အဲဒီအောက်မှာ ပုံစံမျိုးစုံ ထပ်ကွဲနိုင်ပါသေးတယ်။
Allusion
Allusion ကတော့ အလင်္ကာတစ်မျိုးဖြစ်ပါတယ်။ သွယ်ဝိုက်ပြောတာ တင်စားပြောတာမျိုးဖြစ်ပါတယ်။ တည်ရှိပြီးသား စကားလုံး၊ စာသား၊ စာပိုဒ် တစ်ခုခုကို မတူညီတဲ့ နောက်ခံအခြေအနေထဲကို ယူငင် ထည့်သွင်းထားခြင်းအားဖြင့် ဆင့်ပွားအဓိပ္ပာယ်ကို ဖြစ်စေပါတယ်။
Quotation
ကိုးကားမှုဖြစ်ပါတယ်။ တပါးသူရဲ့ စကားကို မိမိဖန်တီးမှုထဲမှာ Quotation marks နဲ့အတူ ထည့်သွင်းလေ့ရှိတယ်။ မူရင်းဘယ်သူဆိုတာကိုလည်း ပြောထားလေ့ရှိတယ်။ မိမိဖန်တီးမှုကို အထောက်အကူတစ်ခု ပေးနိုင်တဲ့ အကြောင်းပြချက်ကြောင့် ထည့်သွင်းကြတာဖြစ်ပါတယ်။
Parody
သရော်လှောင်ပြောင်လိုတဲ့ရည်ရွယ်ချက် ဒါမှမဟုတ် နောက်ပြောင်လို ဟာသလုပ်လိုတဲ့ ရည်ရွယ်ချက် နဲ့ စာရေးဆရာတစ်ယောက်ယောက်၊ အနုပညာရှင်တစ်ယောက်ယောက် ရဲ့ ဟန်၊ အကြောင်းအရာ၊ အရေးအသားတစ်ခုခုကို မှီးတာ တုပရေးသားခြင်း၊ သရုပ်ဆောင်ခြင်း၊ သီဆိုခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆရာကြီးမင်းသုဝဏ်ရဲ့ နာမည်ကျော် လယ်တောကအပြန် ကဗျာကို ဆရာသော်တာဆွေက ထန်းတောကအပြန် ဆိုပြီး တုပကာ ဟာသမြောက်အောင် ရေးသားတာမျိုးဖြစ်ပါတယ်။
Pastiche
Pastiche ဆိုတာကလည်း စာရေးဆရာတစ်ယောက်ယောက်၊ အနုပညာရှင်တစ်ယောက်ယောက်ရဲ့ ဟန်၊ အကြောင်းအရာ အရေးအသားတစ်ခုခုကို မှီးကာ တုပရေးသားခြင်း၊ သရုပ်ဆောင်ခြင်း၊ သီဆိုခြင်းမျိုးပဲ ဖြစ်ပါတယ်။ သူကတော့ Parody လို ဟာသသဘောမဟုတ်ဘဲ ချီးမြှောက်တဲ့သဘောလို့မှတ်သားရပါတယ်။
Influence
စာရေးဆရာ ကဗျာဆရာ အနုပညာသမားတွေ အတော်များများ ပြောလေ့ရှိကြတဲ့ လွှမ်းမိုးမှုဖြစ်ပါတယ်။ ဖန်တီးမှု တစ်ခုပြုဖို့အတွက် စု၊တု၊ပြု လုပ်ရတယ်လို့ ဆိုစကားရှိပါတယ်။ စာဖတ်မှ စာရေးတတ်တာကလည်း ထုံးစံဖြစ်ပါတယ်။ အဲဒီလို ဖတ်ရှုလေ့လာတဲ့အခါ နှစ်သက်တဲ့ တစ်စုံတစ်ယောက်ရဲ့ ရေးဟန်၊ Theme ၊ အကြောင်းအရာတစ်ခုခုဟာ စာရေးဆရာ ကဗျာဆရာတွေကို လွှမ်းမိုးတတ်ကြပါတယ်။ ဘာသာပြန်ဆိုရင်လည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်။ လွှမ်းမိုးမှုရအောင်၊ အဲဒီနောက် လှုံ့ဆော်မှုဖြစ်လာအောင် လို့ တမင် ဖတ်တာ၊ ဘာသာပြန်တာတွေ တောင်ရှိပါတယ်။ နာမည်ကျော် ဂျပန်စာရေးဆရာ မူရာကာမိဟာ ကက်ဖကာရဲ့ ဝတ္ထုတွေကို ဂျပန်ဘာသာကို ပြန်ဆိုခဲ့ပါတယ်။ သူအလွန်နှစ်သက်တဲ့ ကက်ဖကာရဲ့ လွှမ်းမိုးမှု သူ့မှာရှိတယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ အဲဒီလို လွှမ်းမိုးမှုရှိတဲ့အခါ တမင်ရည်ရွယ် ခိုးချတာမဟုတ်ပေမယ့် မိမိနှစ်သက်တဲ့ စာရေးဆရာရဲ့ လေသံ၊ ဟန်ပန်၊ စကားလုံးတွေဟာ မိမိဖန်တီးတဲ့ လက်ရာထဲမှာ ပါဝင်လာတတ်ပါတယ်။ အဲဒီလို ပါဝင်လာပြီး အလွန်ထပ်တူညီသွားတဲ့အခါ ဖြေရှင်းတောင်းပန်ရတာမျိုး ရှိတတ်ပြီး အချိန်အတိုင်းအတာတစ်ခု ရောက်လာတဲ့အခါမှာတော့ စာရေးသူတွေဟာ လွှမ်းမိုးမှုကနေ ရုန်းထွက်ပြီး မိမိကိုယ်ပိုင် ဟန်တစ်ခုကို ဆောက်တည်လာလေ့ရှိကြပါတယ်။
ဆန့်ကျင်ဘက်တွေကို တွဲယှဉ် နေရာချတဲ့ Juxtaposition၊ ကြိုတင်ပြင်ဆင်မှုမရှိဘဲ မျက်မြင်တွေ့တဲ့ အရာတွေကို ယူငင်သုံးစွဲပြီး ဖန်တီးတဲ့ Improvisation၊ မတူညီတဲ့ အရာဝတ္ထုတွေ အများအပြားကို ဆက်စပ်နေရာချ စုပေါင်းပြီးဖန်တီးတဲ့ Collage တို့မှာလည်း မိမိဖန်တီးမှုမဟုတ်တဲ့ လက်ရာတွေကို ယူငင်သုံးစွဲလေ့ရှိတယ်လို့ လေ့လာရပါတယ်။
အထက်ပါ ရှင်းပြချက်တွေဟာ အပြည့်အစုံမဟုတ်ပေမယ့်လည်း စာပေ အနုပညာ တစ်ရပ်ရပ်ကို ဖန်တီးသူတွေဟာ တခြားလူဖန်တီးထားတဲ့ စာသားတွေ လက်ရာတွေကို ယူသုံးလေ့ရှိတာ၊ ဒါပေမဲ့ ခိုးချတဲ့ ရည်ရွယ်ချက်မဟုတ်ဘဲ အနုပညာမြောက်မှုတစ်ခု ၊ ဖန်တီးမှုပုံစံသစ်တစ်ခုကို ပြုလုပ်မယ့် ရည်ရွယ်ချက်နဲ့ ဖန်တီးမှု နည်းလမ်းတစ်ခုအနေနဲ့ “ပြန်လည်သုံးစွဲ” ကြတာကို အကြမ်းဖျဉ်းနားလည်နိုင်ပါတယ်။ အဲဒါဟာ သူများအတွေးအခေါ် သူများအရေးအသားကို မိမိကဖန်တီးသယောင် “ခိုးချခြင်း” နဲ့ ဘယ်လို ကွဲပြားခြားနားသလဲ ဆိုတာကို ဆက်စပ်စဉ်းစားကြည့်နိုင်ပါတယ်။
ဒီခြားနားချက်နဲ့ ပတ်သက်လို့ ဆရာခရမ်းပြာထက်လူရဲ့ Facebook ပေါ်မှာ တင်ထားတဲ့ ကဗျာတစ်ပုဒ်နဲ့ ရှင်းပြချက်ကို ရည်ညွှန်းလိုပါတယ်။
“ဒီမိုကရေစီ ( ၇ ) လမ်း
ငါ့ဘေး သူ့အိမ်ရောက်လာတာနဲ့ ငါ့အိမ်တိမ်
ကောင်းကင်အစိမ်း စိတ်ရဲ့အပြာ ဘဝ မခရမ်းပြာတော့ဘူး။
ဘဝမှာ အပျော်ရွှင်ဆုံးအိမ်ရာဟာ လယ်စောင့်တဲလေးဖြစ်မယ်
ကြာနီတစ်ပွင့်ဖြူတစ်ပွင့်
မိုးရေတက်ရေတဖွေးဖွေး ကွင်းကျယ် အဝေးဝေး လမ်းတွေနှင့်။ ။
ခရမ်းပြာထက်လူ
၂၅ / ၅ /၂၀၁၆
*( ဆရာကြီး မင်းသုဝဏ်၏ လယ်စောင့်တဲ ကဗျာစာသားများနှင့်ဖွဲ့စည်းထား )
လမ်း ၅ စာအုပ်တွင် အထက်ပါမှတ်ချက် ဝန်ခံချက်ပါမသွား ခိုးကူးရာသီဖြစ်သောကြောင့် ခုမှ ထပ်ထည့်ရခြင်းဖြစ်သည်။
တစ်ကယ်တမ်း ဆရာကြီး၏ကဗျာကို ချစ်ခင်စွာပြန်ရေးထားသော ကဗျာမှန်း သိသာနိုင်ပါသည် လယ်စောင့်တဲကဗျာသည် ကျွန်တော်တို့၏ရှေ့က စီနီယာ မျိုးဆက်နှင့် ကျွန်တော်တို့ မျိုးဆက်တစ်ခုလုံ ကြိုက်ခဲ့ နှစ်သက်ခဲ့ အလွတ်ရခဲ့သော ကဗျာဖြစ်ပါသည်။ ပုံစံတစ်မျိုးနှင့် ကဗျာကိုတိုးချဲ့ရေးမိခြင်းသာဖြစ်ပါသည်။
ယခင်က ကိုယ့်အိမ်နဘေးသည် လူမနေသောဟာလာဟင်းလင်း ကွက်လပ်တစ်ခု ဖြစ်နေခဲ့ပြီးမှ အိမ်တစ်အိမ်
လာဆောက်လိုက်သောအခါ ကိုယ်အိမ်တိမ်ဝင်သွားပြီး လွတ်လပ်ကြည်လင်မှုများပျောက်ဆုံးသွားခိုက် ဆရာ့ရဲ့ လယ်စောင့်တဲကဗျာကိုသတိရလိုက်ခြင်းဖြစ်သည် ဒါ့ကြောင့် ကဗျာထဲ လိုသလောက်ကူးရေးထည့်ကာ ပေါင်းစပ်လိုက်ခြင်းပင်.....။
လမ်း၌တွေ့ရမည်ဖြစ်သော ကဗျာ ( ၇ ) ပုဒ် ပြီးပါပြီ။ ။
( လမ်း ၅၊ နိုဝင်ဘာ ၂၀၁၆ တစ်ကိုယ်တော် ကဗျာ မှ )”
လူသားရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ဟာ အလွန် အရေးကြီးပါတယ်။ တီထွင်ဖန်တီးမှုတွေကြောင့်သာ လူ့ယဉ်ကျေးမှုတွေ တစ်ဆင့်ပြီး တစ်ဆင့် တက်ခဲ့ပါတယ်။ စာပေအနုပညာဖန်တီးမှုဟာ လူတွေရဲ့ စိတ်ယဉ်ကျေးမှု အဆင့်မြင့်ရေးမှာ အဓိကဖြစ်ပါတယ်။ ဖန်တီးမှုရဲ့ အသီးအပွင့်တွေကို လူသားတွေဟာ ခံစားထိုက်ပါတယ်။ ဖန်တီးမှုရဲ့ အသီးအပွင့်တွေဟာ ပုဂ္ဂလိကပိုင်ဆိုင်မှုလား လူအများပိုင်ဆိုင်မှုလား (Private property Vs. Public property) ဆိုတာကို ခွဲခြား အငြင်းပွားနေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဖန်တီးပြီးသားလက်ရာတွေကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ အများပြည်သူအကျိုးငှာ ယူသုံးနေတဲ့ အပေါ်မှာ မလိုအပ်တဲ့ တင်းကျပ်မှုတွေ မပြုသင့်ဘူးလို့လည်း စဉ်းစားကြပါတယ်။ Copyright ရဲ့ ဆန့်ကျင်ဘက်Copyleft ဆိုတဲ့ ဝေမျှခြင်းကို အခြေခံတဲ့ လှုပ်ရှားမှုတွေလည်း ရှိလာပါတယ်။
ခိုးချတာမဟုတ်တဲ့ ပြန်လည်သုံးစွဲမှုတွေမှာ မူရင်း ရင်းမြစ်တွေကို credit ပေး ဖော်ပြဖို့နဲ့ ပတ်သက်ပြီး လိုအပ်တယ် မလိုအပ်ဘူးဆိုတာ အနုပညာသမားတွေကြားမှာ ငြင်းခုံနေကြတဲ့ ဆောင်းပါးတချို့ ဖတ်ဖူးပါတယ်။ Collage လို မူရင်း ရင်းမြစ် အလွန်မျိုးစုံ များပြားတဲ့ လက်ရာတွေမှာတော့ အားလုံးကို credit ပေးရမှာ အခက်အခဲရှိနိုင်ပါတယ်။ တချို့ကလည်း လူတိုင်းသိတဲ့ နာမည်ကျော် မူရင်းလက်ရာတွေက ယူသုံးရင် အားလုံး သိပြီးသား ထင်ရှားတာမို့ ဘာမှ ပြောစရာမလိုဘူးလို့ ငြင်းခုံတတ်ကြပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှာတော့ မိမိယူသုံးထားတဲ့ လက်ရာတွေရဲ့ မူလပိုင်ရှင်အမည်တွေကို မှတ်ချက်မှာ credit အတတ်နိုင်ဆုံး ပေးပြီး ရှင်းရှင်းလင်းလင်း ဖော်ပြထားရင် ပြဿနာတွေ နည်းပါးသွားမယ်လို့ ယူဆပါတယ်။
“ခိုးချသလား အနုပညာနည်းလမ်းတစ်ခုအရ ယူသုံးခြင်းလား” ဆိုတာ တချို့သော လက်ရာတွေမှာ အငြင်းပွားဖွယ်ဖြစ်လာတဲ့အခါ ဥပဒေအရ အဖြေမရှာခင် ကျွမ်းကျင်သူ ပညာရှင်တွေပါဝင်တဲ့ သြဇာရှိ အဖွဲ့အစည်းတွေက တဆင့် ညှိနှိုင်းဖြေရှင်းတာ၊ ပညာပေးဆွေးနွေးတာတွေလုပ်ကြဖို့ နိုင်ငံတကာမှာ တိုက်တွန်းလေ့ရှိကြပါတယ်။ စာပေ အနုပညာအဖွဲ့အစည်းတွေ အားကောင်းဖို့ လိုအပ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဖန်တီးမှုတွေ ရှေ့ဆက်နိုင်ဖို့အတွက် ဖန်တီးသူတွေကို အားပေး အသိအမှတ်ပြုရပါမယ်။ ဖန်တီးမှုလက်ရာတွေကို တန်ဖိုးထားရပါမယ်။ မူပိုင်ခွင့်တွေကို လေးစားရပါမယ်။ မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ သူတပါးရဲ့ ဖန်တီးမှုကို မိမိဖန်တီးသယောင် ထင်မှတ်စေတဲ့ ကျင့်ဝတ် သိက္ခာ ဖောက်ဖျက်မှုမျိုးကိုတော့ ကန့်ကွက်ရမယ်လို့ အလေးအနက်ယုံကြည်ပါတယ်။

ပန်ဒိုရာ
၂၁.၁၁.၂၀၁၆


(မှတ်ချက်။ ။ အထက်ဖော်ပြပါဆောင်းပါးတွင် ပါဝင်သည့် ဥပမာများထဲတွင် မူပိုင်ခွင့်ကို ထိပါးသူများ၏ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် ထိပါးသူတို့ အမည်ကို ဖုံးအုပ်ထားခြင်း၊ အပြည့်အစုံ မဖော်ပြခြင်းကို တမင်ပြုလုပ်ထားပါသည်။)

References:
• Kenneth Goldsmith, Conceptual Poetics: On Appropriation, Poetry Magazine website
• Academy of American Poets : A brief guide to Conceptual Poetry
• Lewis Hyde: http://www.gwarlingo.com/2…/lewis-hyde-on-art-and-ownership/
• Kembrew McLeod interview: http://www.thirteen.org/…/qa-benjamin-franzen-and-kembrew-…/
www.wikipedia.org
www.wipo.int

(ကဗျာမဂ္ဂဇင်းသို့ ပေးပို့ပြီး)
Photo: Credit

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း