ဘဝသင်ခန်းစာ(၅၂)

ဘဝသင်ခန်းစာ(၅၂)

              အဝေးပြေးကားကြီးက လမ်းဆုံလမ်းခွမှတ်တိုင်မှာ ရပ်လိုက်တော့ ခေါင်းရွက်ဈေးသည်လေးတွေဝိုင်းအုံလာကြတယ်။
ချာတိတ်ကလေးတစ်ယောက်ဟာ ဘဲဥပြုတ် ၊ကြက်ဥပြုတ် ၊ငုံးဥပြုတ် တွေထည့်ထားတဲ့ ဗန်းလေးခေါင်းပေါ်ရွက်ပြီးလျှောက်ရောင်းနေတာကို ဘကြီးညို ကားပေါ်ကမြင်နေရတယ်။
"ကြက်ဥလား ၊ ဘဲဥလား ၊ ငုံးဥလား . .
ကြက်ဥလား ၊ ဘဲဥလား ၊ ငုံးဥလား . ."
ခေါင်းပေါ်က ဗန်းထဲလက်နှိုက်လိုက်ပြီး ကြက်ဥပြုတ်တစ်လုံးမြှောက်ပြရင်း ကားပြတင်းနားက အမျိုးသမီးကို လှမ်းပြောတယ် ..
"ငုံးဥပြုတ်လား အစ်မ"
အမျိုးသမီးက ခေါင်းခါပြီး တဘက်လှည့်သွားတယ်။
"ကြက်ဥလား ၊ ဘဲဥလား ၊ ငုံးဥလား . .
. . ကြက်ဥလား ၊ ဘဲဥလား ၊ ငုံးဥလား . ."
"အစ်ကိုလေး ကြက်ဥပြုတ်လား" ..
ခေါင်းပေါ်ဗန်းထဲက ဘဲဥတစ်လုံးကိုင်ပြပြီး နောက်တစ်ယောက်ကို မေးပြန်ရော။ အမေးခံရတဲ့ အမျိုးသားလည်း ခေါင်းရမ်းပြီး တဘက်လှည့်သွားပြန်တယ်။ ချာတိတ်က အတင်းလိုက်မေးနေတုန်း ..
"ငုံးဥပြုတ်လေ အစ်ကို"
"ဟေအေး .." ..
အမျိုးသားက ခေါင်းခါပြပြီး လက်ထဲက စာစောင်ကို ဖတ်နေတယ်။
. . . ဘကြီးညို မနေနိုင်တော့ဘူး ..။
"လာပါဦး သူငယ်ရဲ့"
"လာပြီ ဘကြီး ကြက်ဥလား ၊ ဘဲဥလား ၊ ငုံးဥလား"
ချာတိတ်က ခေါင်းပေါ်ကဗန်းကြီးကို ရင်ဘတ်ထဲ ပြောင်းပွေ့ပြီးမေးတယ်။ ဘကြီးညိုက လက်ကလေးထောက်ထောက်ပြီး ရှင်းပြတာ ..
"ဒီသေးသေးလေးတွေက ငုံးဥ ၊ ကြီးတဲ့ကောင်တွေမှာ နီတာက ကြက်ဥ ၊ ဖြူတာက ဘဲဥကွ ၊ နားလည်ရဲ့လား"
(PS: တစ်ခါတစ်လေ ကျွန်တော်တို့ တခြားသူကို ကူညီတယ်လို့ ထင်မိတယ် မဟုတ်လား)

Credit:(ယက္ခ)ရဲကြီး။
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း