Blogger ကောင်းတစ်ယောက်ဖြစ်ဖို့ နည်းလမ်း(၅)သွယ်



Blogger ကောင်းတစ်ယောက်ဖြစ်ဖို့ နည်းလမ်း(၅)သွယ်

          Blogger ဆိုတဲ့ စာလုံးကိုတော့ စာဖတ်ပရိတ်သတ်ကြီး ရင်းနှီးပြီးသား ဖြစ်မယ်လို့ ယူဆပါတယ်။ အင်တာနက် ပေါ်မှာ ဘလော့တစ်ခုတည်ဆောက်ပြီး မိမိဝါသနာပါရာ၊ မိမိဗဟုသုတတွေကို ဘလော့ရေးသားသူကို Blogger လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အရမ်းခေတ်မစားသေးပါဘူး။ လုပ်ကိုင်နေတဲ့ သူအချို့တော့ရှိပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှာတော့ ဘလော့ရေးသားခြင်းဖြင့် ပိုက်ဆံရှာဖွေတဲ့ သူအမြောက်အမြားရှိပါတယ်။ ဘလော့ တစ်ခုအောင်မြင်သွားရင် ပိုက်ဆံရှာစရာ နည်းလမ်းတွေ အများကြီးပေါ်လာ တတ်ပါတယ်။ သင်ရော စာရေး ရတာ ဝါသနာပါတဲ့ သူတစ်ယောက်လား၊ ဒါဆိုရင်တော့ သင်ဘလော့တစ်ခု ဖန်တီးသင့်ပါတယ်။ ဘလော့ ရေးသားခြင်း ဆိုတာ တကယ်တော့ အောင်မြင်ဖို့ ဆိုရင် ကြိုးစားရပါတယ်။ ဇွဲရှိရပါတယ်။ အောက်မှာတော့ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက် ဖြစ်ဖို့နည်းလမ်းငါးသွယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဇွဲရှိပါ။ ပုံမှန်တင်ပါ။
အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက် ဖြစ်ဖို့ဆိုတာ ဇွဲရှိရပါတယ်။ ဘလော့ပေါ်မှာ ပုံမှန် တင်ရပါတယ်။ သင့်ရဲ့ ဘလော့ဟာ နေ့တိုင်း တင်နေတဲ့ ဘလော့တစ်ခု ဖြစ်မှသာ စာဖတ်သူက နေ့တိုင်း သို့မဟုတ် ၂ရက်တစ်ခါ အစရှိသဖြင့် ဝင်ကြည့်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဘလော့ဟာ တင်လိုက်၊ မတင်လိုက်နဲ့ ပုံမှန်မရှိရင် သင့်စာဖတ် ပရိတ်သတ်ကလည်း နောက်တစ်ကြိမ်ဝင်ရောက် ကြည့်ရှုမှာ မဟုတ်တော့ပါဘူး။ သတင်းစာတို့၊ ဂျာနယ်တို့၊ တယ်လီဗေးရှင်းအစီအစဉ်တို့လိုပါပဲ။ လာချင်တဲ့ရက် လာချင်တာလာရင် ဘယ်သူမှ ကြည့်မှာ မဟုတ်ပါဘူး။ ဘလော့ဂါတစ်ယောက် အနေနဲ့လည်း အထက်ပါအတိုင်း တင်ချင်တဲ့ အချိန်မှ တင်လို့မရပါဘူး။ သင့်စာဖတ် ပရိတ်သတ်တွေ သင်ဘယ်အချိန်မှာ တင်ပြီး ဘယ်နှစ်ရက်မှာ တစ်ခါလောက်တင်လဲ သိမှသာ ပုံမှန် ဝင်ဖတ်ဖို့ လွယ်ကူ မှာပါ။

(၂) ပုံပြင်လေးတွေ၊ ဖြစ်ရပ်မှန်လေးတွေကို စိတ်ဝင်စားဖွယ် ရေးသားပါ။
သာမန် သမရိုးကျ သတင်းတွေ၊ ကိုရေးသားရုံနဲ့တော့ လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ရရှိမှာ မဟုတ်ပါဘူး။ ပုံပြင်ဆန်ဆန်၊ ဒါမှမဟုတ် သင့်ရဲ့ကိုယ်တွေ့ အတွေ့ အကြုံတွေနဲ့ရောစပ်ပြီး စာမဆန်အောင် ရေးဖို့လိုပါတယ်။ လူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ဆိုင်တဲ့ အရာတွေကို ပိုမို စိတ်ဝင်စားလေ့ရှိပါတယ်။

(၃) စာဖတ်ပရိတ်သတ်တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးတဲ့စာမျိုး ရေးသားပေးပါ။
ဗဟုသုတ ရရုံ၊ ထူးဆန်းတဲ့ သတင်းတွေ တင်နေရုံနဲ့လည်း မပြီးပါဘူး။ စာဖတ်ပရိတ်သတ်တွေရဲ့ နေ့စဉ် ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တစ်ဘက်တစ်လမ်းက အထောက်အကူပြုတဲ့ စာမျိုးတွေကိုလည်း တင်သင့် ပါတယ်။ စာဖတ်ပရိတ်သတ်တွေဟာ ထိုကဲ့သို့ စာမျိုးတွေကို ပိုမို စိတ်ဝင်စားလေ့ရှိပါတယ်။ စိတ်ဓာတ် အာဟာ ရဖြစ်စေပြီး သူတို့နေ့စဉ်ဘဝက ပြသနာတွေကို ဖြေရှင်းနိုင်တဲ့စာမျိုးတွေကို သင့်ဘလော့ပေါ်မှာ များများတွေ့ရ လေ သင့်ဘလော့ကို ဝင်ကြည့်မှုနှုန်း များလေပါပဲ။

(၄) Social Media ကိုထိထိရောက်ရောက် အသုံးပြုတတ်ပါစေ။
ဘလော့ပေါ်မှာ စာကောင်းတစ်ပုဒ်ရေးပြီး တင်ရုံနဲ့တော့ မလုံလောက်ပါဘူး။ ဘလော့တစ်ခု လူဝင်များဖို့ဆိုတာ တတ်နိုင်သလောက် အခြားနေရာတွေမှာ ဖော်ပြနေဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် Social Media ပေါ်မှာ သင့်ဘလော့ အတွက် Page တစ်ခုထောင်ပြီး သင်တင်တဲ့ စာတွေကို Share သင့်ပါတယ်။ ဒါမှသာ Social Media ပေါ်မှ လူတွေဟာ သင့်ဘလော့ကို သွားပြီး ဖတ်မှာ ဖြစ်ပါတယ်။ သင်ရေးတဲ့ စာတွေကို ကြိုက်သွားရင် တော့ သူတို့ သင့်ဘလော့နာမည်ကို မှတ်ထားပြီး နောက်ဆို အမြဲဝင်ရောက်ဖတ်ရှုမှာ ဖြစ်ပါတယ်။

(၅) Brand Name တစ်ခုရအောင်လုပ်ပါ။
သင့်ရဲ့ကလောင် နာမည်ကို လူသိများအောင်လုပ်တာဖြစ်ဖြစ်၊ သင့်ရဲ့ ဘလော့နာမည်ကို လူသိများအောင်လုပ် တာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဒါမှသာ ရေရှည်မှာ အခြားအခွင့်အရေး များစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ သင်စာအုပ် ထုတ်ဖို့ ရည်မှန်းချက်ရှိရင် ပိုအာရုံစိုက်သင့်ပါတယ်။ သင့်ရဲ့ ကလောင် နာမည်ဟာ အွန်လိုင်းမှာ နာမည်ကြီး ပြီးသားဖြစ်ရင် သင်စာအုပ်ထုတ်တဲ့ အခါမှာ ပိုမိုအောင်မြင်နိုင်ချေများမှာ ဖြစ်ပါတယ်။
ဘလော့ရေးသားခြင်းဟာ တကယ်တမ်းဝါသနာပါရင် အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်ဖြစ်ပြီး အိမ်မှ အလွယ်တကူ ပိုက်ဆံရှာနိုင်ပါတယ်။ များမကြာမီကာလာ အတွင်းမှာ ဘလော့တွေရဲ့ အခန်းကဏ္ဍဟာ ပိုမိုပြီး အရေးပါလာတော့မှာ ဖြစ်ပါတယ်။ အားလုံးပဲ ဘလော့ရေးသားခြင်းဖြင့် ဝင်ငွေရှာနိုင်ကြပါစေ။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း