သက်တန့်တွေလို
သက်တန့်တွေလို
ခက်တာဗျာ နိုင်ငံရေးစိတ်မဝင်စားပါဘူးဆိုတာကို
အိမ်လာပြီး ခဏခဏစည်းရုံးရေးဆင်းနေတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ယိုးဒယားဘက်ကျောင်းထိုင်တဲ့
ဘုန်းကြီးတစ်ပါးနဲ့ မိတ်ဆက်ပေးသေးတယ်။ အဲဒီအပိုင်းတွေ စိတ်မဝင်စားပါဘူးဆိုပြီး ပိတ်ပြောထားရတယ်။
ဒါတောင် အဲဒီဘုန်းကြီးက အမှတ်တရပေါ့ဆိုပြီး ဖုန်းနဲ့ဓာတ်ပုံရိုက်လို့ အဖွဲ့လိုက်ပုံထဲ
ပါသွားသေးတယ်။ ခက်ဖူးလား။
တက္ကသိုလ်ထဲက စာရေးဆရာလင်မယားက မိတ်ဆက်ပြီး
ချိတ်ပေးလို့ သူတို့လူငယ်တွေစီစဉ်နေတဲ့ စာစောင်ထဲမှာ နာမည်ပါသွားဖူးတယ်။ ဒီလိုပါ သူတို့စီစဉ်တဲ့
စာစောင်ကို အကြံပေးပါ၊ စာမူတွေဖတ်ပေးပါဆိုလို့ တတ်နိုင်တဲ့ဘက်က လုပ်ပေးမယ်ဆိုပြီး ပြောလိုက်တယ်။
အဲဒီတုန်းက ကိုယ်တွေရဲ့အလုပ်က ညဆိုင်းလေ။ နေ့ခင်းတစ်ခုလုံးအားတယ် မဟုတ်လား။ ကိုယ့်အိပ်ချိန်ထဲက
ဖဲ့ပေးရတာမို့ လုပ်ပေးနိုင်တယ်ပေါ့။ နောက်ပြီး သူက တက်ကြွနေတယ်လေ။ ကိုယ်တတ်နိုင်တဲ့အပိုင်းလေး
ကူညီပေးရတာကိုပဲ ကျေနပ်ပါတယ်။
နောက် သူ့သူငယ်ချင်းသုံးယောက်လောက်နဲ့
လက်ဖက်ရည်ဆိုင်မှာ မိတ်ဆက်ပေးသေးတယ်။ ကိုယ်တွေလည်း ဘာကောင်မှ မဟုတ်ပါဘူး။ စာမူတွေဖတ်ပြီး
ပြင်ပေးတာ၊ ဆောင်းပါးတွေဖတ်ပြီး ဘယ်ဟာလေးကတော့ ကျောင်းစာစဉ်မို့ သင့်တယ် စသည်ဖြင့်
လုပ်ပေးနိုင်တယ်ပေါ့။ သူ့သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေပြေပါပဲ။ နောက်ရက်ပိုင်းအတွင်း
သူစီစဉ်နေတဲ့ စာစောင်လေး ထွက်လာတယ်။ ကျွန်တော်ဘာမှ လုပ်မပေးလိုက်ရဘူး။ အကြံပေးဆိုတဲ့ခေါင်းစဉ်အောက်မှာ
တခြားလုပ်ပေးသူတွေနာမည်နဲ့အတူ ကိုယ့်နာမည် ပါလာတယ်။
သူပြောတယ်။ စာစောင်က စီစဉ်ပြီးသား၊
စာမူတွေက ရွေးချယ်ပြီးသားဖြစ်နေလို့တဲ့။ ကိုယ်ဘာမှလုပ်မပေးလိုက်ရဘဲ နာမည်ကြီးပါလာတာ
မနှစ်သက်ပါဘူး။ နောက်ပြီးပါလာတဲ့နာမည်က ရသရေးတဲ့အခါ သုံးတဲ့ ကလောင်အမည် ဖြစ်နေတယ်လေ။
စိတ်ကူးထားတာက ဒီစာစောင်မှာ ကိုယ်ဘာတွေလုပ်ပေးမယ်။ နောက်ပြီး ဆောင်းပါးရေးတဲ့အခါသုံးတဲ့နာမည်ပေါ့။
သူကပြောပါတယ်။ ရသရေးတဲ့ နာမည်က ပိုသိမလားလို့တဲ့။ ထားပါ။ နောက်စာစောင်အတွက်ပဲ အားစိုက်ကြတာပေါ့ဆိုပြီး
ကိုယ်လုပ်ချင်တဲ့ ပုံစံလေးတွေ ပြောဖြစ်တယ်။ အိမ်ကိုလည်း ဆောင်းပါး၊ ဝတ္ထုတိုလေးတွေ လာပြတယ်။
ကိုယ်လည်း ဖတ်ပြီး နောက်စာစဉ်တွေအတွက် ခုကတည်းက စာစောင်တွေ လက်ခံထားဖို့၊ ကျောင်းတစ်ဖြတ်နားတုန်း
စာမူပို့ချင်သူတွေရှိရင် ကိုယ့်အိမ်လိပ်စာနဲ့ ပို့နိုင်ကြောင်း၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လည်း
ပေးလိုက်တယ်။
အဲဒီနောက်တော့ သူအလာကျဲသွားတယ်။ ပြန်တွေ့တော့
သူတို့တတွေကို စောင့်ကြည့်သူတွေ ရှိကြောင်း၊ ကျောင်းသားလှုပ်ရှားမှုတွေမှာ သူပါကြောင်း
ပြောပါတယ်။ သူအဖမ်းခံရရင် သူစီစဉ်ထားတဲ့ စာစောင်လေး ရပ်သွားမယ်ဆိုပြီးပြောတယ်။ စာစောင်အတွက်
စိတ်မပူဖို့နဲ့ တတ်နိုင်သမျှ လုပ်ပေးသွားမယ်၊ စာစောင်စီစဉ်တဲ့ ကျန်သူငယ်ချင်းတွေနဲ့
မိတ်ဆက်ပေးထားခဲ့လို့ ပြောလိုက်တယ်။ သူ့စာစောင်က ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနဲ့ ဆောင်ပုဒ်လေးတွေ၊
နီတိလေးတွေပါတဲ့ စာစောင်ကိုး။ သူ ကျွန်တော့်ဆီ ပေးထားတဲ့ စာမူလေးတွေ ပြန်တောင်းသွားတယ်။
ကျွန်တော့်ဆီက စာမူတစ်ပုဒ်လည်း တောင်းသွားတယ်။ သူ့စာစောင်အတွက် ဆောင်းပါးရေးပေးချင်ပေမယ့်
အချိန်အခက်အခဲကြောင့် (Faces Magazine) ပို့မယ့် အက်ဆေးတစ်ပုဒ်ကို ပေးလိုက်တယ်။ နောက်
အချိန်တော်တော်ကြာအောင် သူပျောက်သွားတယ်။
တစ်ရက် ည(၇)နာရီလောက် သူရောက်လာတယ်။
စာစောင်ကို ဆိုဒ်ကြီးပြောင်းထားတယ်တဲ့။ သူ့ ပထမစာစောင်က ခပ်သေးသေးကိုး။ အထဲမှာကြည့်လိုက်တော့
ထည့်မည့် စာတွေအားလုံး စာစဉ်ပြီးသွားပြီ။ ကျွန်တော့်အက်ဆေးလေးလည်း စာစီပြီးသွားပြီဆိုတာ
တွေ့လိုက်တယ်။ နောက်ရက်တွေမှာ ဖြန့်တော့မှာမို့ ဘာလိုသေးလည်း ကြည့်ပေးပါဦးလို့ ပြောတယ်။
ကျွန်တော် ဒီအတိုင်းပဲ ပြန်ပေးလိုက်တော့ မစစ်တော့ဘူးလားတဲ့။ မလိုဘူး ကောင်းပါတယ်လို့ပဲ
ပြောလိုက်တယ်။ တကယ်ဆို ကျွန်တော် တော်တော်လေးကို စိတ်တိုနေတာပါ။ ပထမစာစောင်မှာ ကျွန်တော်
ဘာမှ မလုပ်ရဘဲ ကျွန်တော့်နာမည် ထည့်သုံးသွားတယ်။ နောက်စာစောင် ဘာတစ်ခုမှ အားမစိုက်ရဘဲ(သူလာပေးတဲ့
ဆောင်းပါးလေး၊ ဝတ္ထုတိုလေး ဖတ်ပေးရုံမှအပ) ကျွန်တော့်နာမည် ထပ်တပ်တယ်။ ဘာမှမလုပ်ရဘဲ
သူ့စာစောင်ထဲ ကျွန်တော့်နာမည်ပါလာတာ ကျေနပ်နေတယ် ထင်နေတာ တော်တော်ဆိုးပါတယ်။
ကျွန်တော် သူ့ကို မပတ်သက်ချင်တော့ဘူး။
သူလိုချင်တာ သူ့စာစဉ်ထဲ ဘယ်သူတွေပါတယ်ဆိုတာကို လိုချင်တာ။ ကျွန်တော် မနှစ်သက်တော့ပေမယ့်
သူ့ကို နှင်မထုတ်လိုက်ပါဘူး။ အဲဒါကြောင့် စာစောင် မဖြန့်ခင် ကျွန်တော့်စာမူပါနေတဲ့အတွက်
ရောက်လာမယ် ထင်မိသေးတယ်။ တစ်နှစ်နီးပါး ပျောက်သွားတယ်။ အကျိုးအကြောင်း မသိရပါဘူး။ စာစောင်လေးလည်း
ဒီနေ့အချိန်ထိ မရသေးပါဘူး။ အဲဒီစာစောင်အတွက် ကျွန်တော်ပေးလိုက်တဲ့ အက်ဆေးလေးကို ဘယ်မဂ္ဂဇင်းတိုက်မှ
မပို့ဖြစ်တော့တာလည်း ဒီနေ့အထိပါ။ ကိုယ့်ဘလော့နဲ့ စာရေးသူများ ပေ့ခ်ျမှာတင်ဖူးတာက လွဲလို့ပေါ့။
လအတော်များများ ကြာပြီးနောက် ဘုန်းကြီးတစ်ပါးခေါ်လာပြီး
အိမ်ရောက်လာတယ်။ အလုပ်သွားနေလို့ မတွေ့လိုက်ရဘူး။ နောက်တစ်ခါထပ်လာတယ်။ ပရဟိတအလုပ်မျိုးပါ။
အင်္ဂလိပ်စာ ဖရီးသင်ပေးတဲ့ ဟာမျိုးတွေပေါ့။ သူမိတ်ဆက်ပေးချင်လို့ဆိုပြီး အိမ်ခေါ်လာတဲ့
ဆရာတော်ဆီသွားတွေ့တယ်။ ယိုးဒယားဘက်မှာ ကျောင်းထိုင်တာတဲ့။ ရွှေဝါရောင်အရေးအခင်းတုန်းက
ပြေးခဲ့ရသေးဆိုပဲ။ သူသွားချင်တဲ့ လမ်းကြောင်းကို ကျွန်တော်သိတယ်။ ပရဟိတလိုမျိုးလုပ်မယ်၊
လူစုမယ်၊ နိုင်ငံရေးလုပ်မယ်ပေါ့။ ကျွန်တော်နဲ့ ကာလာမတူဘူး။ ကာလာမတူပေမယ့် ကိုယ့်လိုင်းနဲ့ကိုယ်
လမ်းလျှောက်သွားမယ်ဆိုရင် ပေါင်းလို့ရတယ်လို့ အတွေးတိမ်နေတာလို့ ကိုယ့်ကိုယ်ကိုယ် သိသွားတယ်။
ခင်ရင် ငါကြိုက်တဲ့အရက် မင်းသောက်ရမယ် ဆိုတာမျိုးချည်းပဲကိုး။ အပြတ်ပြောရတော့တယ်။ အဲဒါတွေ
စိတ်မဝင်စားဘူးပေါ့။ သူတို့က အမှတ်တရဆိုပြီး ဖုန်းနဲ့ဓာတ်ပုံရိုက်သေးတယ်။ နောက်လိုရင်ဆက်ရအောင်ဆိုပြီး
ဖုန်းနံပါတ်တောင်းတော့ ပေးလိုက်ပါတယ်။ နောက် အဆက်ပြတ်သွားတယ်။
ဟိုတစ်နေ့ကတော့ အဲဒီညီငယ် အိမ်ရောက်လာတယ်။
စိုသောလက် မခြောက်ချင်လို့ လက်ခံစကားပြောလိုက်ပါတယ်။ စာစဉ်ထုတ်ဖြစ်ကြောင်းနဲ့ ပေးရဦးမယ်ဆိုပြီး
ပြောသေးတယ်။ အဲဒီအချိန်မှာ သူ နယ်တစ်နယ်ကို ဘယ်လိုစီးပွားရေးလုပ်မလဲဆိုတဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့
သင်တန်းတက် တဲ့ အကြောင်းတွေ ပြောပြတယ်။ ထုံးစံအတိုင်း နိုင်ငံခြားထွက်မယ်၊ ဂျပန်ကို
ပညာတော်သင် စသည်ဖြင့်ပေါ့။
အဲဒီအချိန်မှာ အစ်မတစ်ယောက်က ကျွန်တော့်ကို
ကမ်းလှမ်းထားတာရှိတယ်။ ရွာတစ်ရွာကို စီးပွားရေးကောင်းအောင်၊ ဘာလုပ်ငန်းတွေနဲ့ လုပ်မလဲ။
စိုက်ပျိုးရေးလား၊ ဆိုပါတော့ ဖိနပ်လုပ်ငန်းလိုမျိုးလား။ အဲဒါမျိုးကို ဆာဗေးလုပ်ပြီး
အချက်အလက်နဲ့ စာတမ်းတင်ပေါ့။ အဲဒီစာတမ်းအတွက် ဘယ်လောက်နဲ့ရေးပေးနိုင်လဲဆိုပြီး ကမ်းလှမ်းထားတာ။
သူနဲ့ဆက်ပေးလိုက်ရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ်လို့ တွေးမိလို့ လုပ်မလား မေးလိုက်တယ်။
လုပ်မယ်တဲ့။ ကျွန်တော့်အမြင်ကတော့ ရိုးရိုးပဲ။ လုပ်ပေးနိုင်ရင် သူပိုက်ဆံရမယ်။ ဟိုဘက်က
အစ်မလည်း သူ့ (website) မှာ တင်လို့ရသွားမယ်ပေါ့။
ဒီနေ့ ကျွန်တော် အလုပ်ထဲရောက်နေတုန်း
သူဖုန်းဆက်တယ်။ ခရီးထွက်စရာနဲ့ သင်တန်းတစ်ခုရှိလို့ သူမလုပ်နိုင်ဘူး၊ သူငယ်ချင်းတစ်ယောက်နဲ့
ချိတ်ပေးမယ်တဲ့။ ရတယ် မချိတ်နဲ့တော့လို့၊ ဟိုအစ်မနဲ့ ကိုယ်တွေကလည်း မကူညီနိုင်တဲ့အတွက်
မျက်နှာပျက်စရာ မရှိဘူးလို့ သိအောင်ပြောလိုက်ရတယ်။ နောက်ပြီး သူက အိမ်ကိုလာဦးမလို့တဲ့။
ပြောစရာရှိပြောလို့ ပြောတော့ ဖုန်းနဲ့ပြောရင်အကြာကြီးပြောရမှာမို့ အားတဲ့အချိန်လောက်
အိမ်လာမယ်ပဲ ပြောနေတော့တယ်။ ဟိုတစ်နေ့က ဧည့်ခန်းမှာ စကားပြောရင်း နောက်ရက်ကျမှ အိမ်လာဦးမယ်ပြောသေးတယ်။
မလာစေချင်တော့လို့ ဘာပြောစရာရှိလဲ၊ ပြောချင်တာရှိပြောပါလို့ လမ်းဖွင့်ပေးတယ်။ အကြောင်းမရှိဘဲ
သူအိမ်မလာဘူးဆိုတာ သိထားတယ်လေ။
ဒီမှာ မပြောချင်ဘူး၊ ဆရာ့စာကြည့်ခန်းထဲမှာ
ပြောချင်တာတဲ့။ ကျွန်တော့်မှာ တခြားတစ်ယောက်နဲ့ မိသားစုရှေ့၊ ကိုယ့်ဧည့်ခန်းထဲမှာ မပြောဝံ့စရာ
ဘာကိစ္စမှ မရှိဘူးလေ။ ကိုယ့်မိသားစု ကွယ်ရာမှာ သွားပြောရမယ့် ကိစ္စဆိုလည်း ဘယ်အရာမှ စိတ်ဝင်စားမှာ
မဟုတ်ဘူးမို့လား။ လျို့ဝှက်ချက်ဆိုတာ ကျွန်တော့်မိသားစုကြားမှာ ဘယ်တော့မှ မရှိနိုင်တဲ့
ပျောက်ဆုံးနေမယ့်အရာပါ။ ကျွန်တော့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ကောင်းကွက်၊ ဆိုးကွက်
အားလုံးကို အမျိုးသမီးက အသိဆုံးပဲ။ ဘာတွေ မှားခဲ့လဲ၊ ဘာတွေ မှန်ခဲ့လဲ မှားမှန်ကိစ္စတွေ
မိသားစုကြားမှာ မလိုဘူးမဟုတ်လား။ ကျွန်တော် တည်ဆောက်ထားတဲ့ မိသားစုက ချစ်ခြင်းတရားနဲ့၊
နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ မိသားစုလေ။
အဖေ၊ အမေ၊ ညီအစ်မနှစ်ယောက်၊ ဇနီးနဲ့ သားနှစ်ယောက်
အားလုံးက ကျွန်တော့်ကမ္ဘာလေ။ သားပစ်၊ မယားပစ်၊ မိပစ်၊ ဖပစ်ပြီး ရှေ့တန်းထွက်နေရတဲ့ စစ်သားတွေကို
ဦးညွှတ်ပါတယ်။ တစ်ချိန် လိုအပ်လာမယ်ဆိုရင် နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တပ်မတော်မှာပဲ
အမှုထမ်းဖို့ အသင့်ပါ။ သားစွန့်၊ မယားစွန့်၊ မိစွန့်၊ ဖစွန့်ပြီး နိုင်ငံရေးလုပ်နေတဲ့သူတွေကို
ချီးကျူးပါတယ်။ ဒါပေမယ့် ကျွန်တော်နိုင်ငံရေးကို ဘယ်တော့မှ မလုပ်ဘူးဆိုတာ သေချာပါတယ်။
ပွဲတစ်ပွဲပြီးရင် အိတ်ထဲဘယ်လောက်ဝင်တယ်ဆိုပြီး
ငွေကြေးနဲ့ တစ်ဦးတစ်ယောက်က မြူဆွယ်ခဲ့ဖူးတာကိုလည်း သတိရမိသေးတယ်။ ငယ်တုန်းက မူလတန်းကျောင်းမှာ
အတန်းဖော် သူငယ်ချင်းမလေး ဆင်းရဲချို့တဲ့ပြီး ဘဝကို ရုန်းကန်ခဲ့ရတာကို အမှတ်ရတယ်။ ကျွန်တော်တို့
ကစားနေချိန်နွေကျောင်းပိတ်ရက်တွေမှာ အကြော်ရောင်းနေရတာ မဟုတ်လား။ နောက်တော့ လူငယ်ဘဝကို
မဖြတ်သန်းနိုင်တော့ဘဲ သေသွားတယ်။ သူ့ညီမ အငယ်လေးဟာ သူ့အမေထက် ဆယ်နှစ်ကြီးတဲ့ အဖိုးကြီးနဲ့
လက်ထပ်လိုက်ရပါတယ်။ သူ့အမေကတော့ သူ့အဖေရဲ့ သူငယ်ချင်းကိုယူပြီး ထောင်ဝင်စာသွားတွေ့ခဲ့ရတဲ့
အကြောင်း ခုထိမှတ်မိပါသေးတယ်။ နောက်တော့ ထောင်နှစ်ရှည်ကျပြီးလွတ်လာတယ်။ သိပ်မကြာပါဘူး
ဆင်းရဲနွမ်းပါးတဲ့ဒဏ်၊ စိတ်ဆင်းရဲတဲ့ဒဏ်တွေနဲ့ သေပါလေရော။
သူကတော့ သူယုံကြည်ချက်၊ ခံယူချက်အတိုင်း
ကျင့်သုံးသွားတာပါ။ ဒါပေမယ့် ချို့ချို့ငဲ့ငဲ့နဲ့ ကျွန်တော့်သူငယ်ချင်းမလေး သေခဲ့ရတယ်။
သူ့ညီမလေး အိုကြီးအိုမ ယူပြီး ဘဝပျက်ခဲ့ရတယ်။ သူတို့အမေကရော ဒီအဖြစ်အပျက်တွေကို ရင်ဆိုင်ခဲ့ရတာကို
ပျော်ခဲ့မယ် ထင်သလား။ သူ့အဖေယုံကြည်ခဲ့တဲ့နိုင်ငံရေးကြောင့် မိသားစုတွေ တကွဲတပြားဆီ
ဖြစ်ခဲ့ရတာ မဟုတ်လား။ အခု ကျွန်တော်သိနေ၊ မြင်နေရတဲ့ သူတွေက ခုတုံးလုပ်ပြီး နာမည်ကြီးချင်လို့
ပေါ်ပင်လုပ်တယ် ထင်ပါတယ်။ ကျော်ကြားတဲ့ နိုင်ငံရေးသမားကြီးတွေ၊ ပရဟိတ သမားကြီးတွေကို
နှုတ်ဖျားမှာ တဖွဖွရွတ်ရတာကို သဘောကျနေကြသူတွေလို့ ထင်မိတာလည်း ပါပါတယ်။ လေသေနတ်ဟာ လူကိုသေစေနိုင်တာကို
လက်ခံပါတယ်။ လေသေနတ်ကိုင်ပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုတာကိုတော့ ရယ်ချင်မိတာပေါ့။
ကျွန်တော်ဟာ သိပ်ကောင်းတဲ့လူတစ်ယောက်
မဟုတ်ပါဘူး။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာ အရက်သမားပါတယ်၊ ဆေးသမားပါတယ်၊ မြာသမားပါတယ်။
ဖဲသမားလည်း ပါတယ်။ အခြောက်လည်းပါတယ်။ ဂေါက်လည်း ပါတယ်။ သူငယ်ချင်းတစ်ယောက် ဆေးပြားချတာ
ကြည့်ခဲ့ဖူးတယ်။ အတူသုံးဖို့ မခေါ်ဘူး။ သူငယ်ချင်းတွေ အရက်ဝိုင်းဖွဲ့တဲ့အခါ ကျွန်တော်ပါတယ်။
ငါ့ကိုချစ်ရင် ဒါသောက်ရမယ်ဆိုပြီး ဘယ်သူငယ်ချင်းမှ ကျွန်တော့်ကို ဇွတ်မတိုက်ခဲ့ဘူး။
မိန်းမ တစ်ယောက်မကယူတဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။ သူတို့ အားနည်းချက် ဒါမှမဟုတ် သူတို့အကြောင်း
ဘယ်တော့မှ မမေးဘူး၊ မစဘူး။ ဒါဟာ ကျွန်တော့်သူငယ်ချင်းတွေအပေါ်ထားတဲ့ စည်းပါ။ သူတို့
ဘာကာလာပဲဖြစ်ဖြစ် ကိုယ့်ကာလာနဲ့ကိုယ်ပါ။ အရောင်တွေ ရောမသွားဘူး။ သက်တန့်အဖြစ်နဲ့တော့
လှနေတာပဲ မဟုတ်လား။
တချို့တွေကျတော့ အရောင်သိပ်တူချင်ကြတယ်။
သူ့ကာလာဖြစ်ဖို့ တိုက်တွန်းတယ်။ ဇွတ်ဆွဲတယ်။ အဲလို လူမျိုးကို မလေးစားနိုင်ဘူး။ နောက်ပြီး
မပတ်သက်ချင်တော့ဘူး။ သူငယ်ချင်း မိတ်ဆွေအဖြစ်နဲ့ မဆက်ဆံချင်တော့ဘူးလေ။ အခု ကျွန်တော်တွေ့နေရတဲ့
တစ်ယောက်က ဒီလိုလိုင်းဆွဲချင်တဲ့တစ်ယောက်ပေါ့။ ကိုယ့်ဆယ့်ခြောက်ပါးရောဂါပျောက်တယ်ဆိုတဲ့
မှိုရောင်းတဲ့သူငယ်ချင်းတချို့ကြောင့် မိတ်ပျက်ရပေါင်းလည်း များပြီ။ လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့
ကိုယ်ပါ။ ယုံကြည်ချက်မတူလို့ ခင်ဗျား ကျွန်တော့်ကို ရှုံ့ချချင်လည်း ရှုံ့ချပါ။ ဒါဟာ
ခင်ဗျား အခွင့်အရေး။ ပုတ်ခတ်စော်ကားတဲ့စကားတော့ လာမပြောပါနဲ့။ ခင်ဗျားကို စော်ကားလိုစိတ်
မရှိသလို ကိုယ့်ကိုယ်စော်ကားလာရင်လည်း လက်မခံနိုင်သူပါ။ ကာလာမတူပေမယ့် သူငယ်ချင်းအဖြစ်
အတူယှဉ်တွဲပြီး ရှိနေချင်ပါတယ်။ ဒါဆို သက်တန့်အဖြစ်နဲ့ လှနေမှာသေချာပါတယ်။
ရှင်သန်ခွင့်ရတဲ့ ခဏလေးအတွင်းမှာ ကျွန်တော်တို့အားလုံး
သက်တန့်အဖြစ်နဲ့ ရှိနေချင်ပါတယ်။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၂၇.၁၁.၂၀၁၆ ည ၈း၅၁ မိနစ်)
Comments
Post a Comment