ဧည့်ခန်းထဲက လူငယ်ရနံ့နှင့် လည်ပင်းဖက်အက်ဆေး

ဧည့်ခန်းထဲက လူငယ်ရနံ့နှင့် လည်ပင်းဖက်အက်ဆေး

               ဆရာမြေလတ်မောင်မြင့်သူ၏ "လူငယ်ရနံ့" အက်ဆေးစာအုပ်ကို ထွက်ရှိပြီး အတော်ကြာမှ ဝယ်ဖတ်ဖြစ်သည်။ စဖွင့်လိုက်သည်နှင့် ပုံနှိပ်မှတ်တမ်းတွင် မျက်နှာဖုံးသရုပ်ဖော်မပါ။ မာတိကာတွင် စာမျက်နှာနံပါတ်မပါ။ ပါနေသည်က ဆရာ့စေတနာများ၊ ဝေဒနာများ၊ ကရုဏာများ။ အချို့နေရာ၌ 'ဒေါသော'ကလေးပင် စွက်နေလိုက်သေးသည်။
"လူငယ်ရနံ့"ဆိုသည့်တိုင် ဆရာ့အက်ဆေးများက လူငယ် မကြိုက်ကြိုက်အောင် မက်လုံးမပေး။ ဖတ်ပျော်အောင်ဆိုပြီး မကလက် ( မျက်နှာဖုံးလေး လှသည်ကလွဲ၍ အတွင်းမှာ ရုပ်ပုံတွေလည်း မပါ)။ လူငယ်ကို လူကြီးအရာထား၍ ဝိုင်းဖွဲ့ဆွေးနွေးထားသည့်အက်ဆေးများ။
အက်ဆေးရေးရာနှင့် လူငယ်ရေးရာ နှစ်ရပ်လုံးသည် ကျနော်မကင်းနိုင်သည့် အရပ်တွေပဲမို့ ဆရာ့စာအုပ်လေးကို ကျနော် လေးလေးစားစားဖတ်ဖြစ်ပါသည်။ ဆရာ့စာတွေထဲက သဘောထားအတော်များများမှာ ဆရာ့ဆီသွားရင်း နာယူနေကျမို့ ကျနော့်အဖို့သိပ်ပြီး နားမစိမ်းလှတော့ပါ။ သို့ကြောင့်လည်း အက်ဆေးတစ်ချို့မှာ ပြောက်တိပြောက်ကြား အရိပ်ထိုးနေတတ်သည့် အယ်ဒီတာ့လောကဓံနှင့် ဘတ်စ်ကားထိုင်ခုံကိစ္စလေးတွေကို နားလည်ပေးမိခြင်း ဖြစ်သည်။ ဒါက သူကြုံနေကျကိုး။
လူကြီးက လူငယ်ကို သွန်သင်ညွှန်ပြရာတွင် သဘောနှစ်မျိုးရှိပါသည်။ "မကောင်းမြစ်ထာ"ဆိုသည့် ဝါရိတ္တသဘောနှင့် "ကောင်းရာညွှန်လတ်"ဆိုသည့် စာရိတ္တသဘော။ ဆရာ့အက်ဆေးများတွင် သည်သဘောနှစ်ရပ်လုံး တွေ့ရသည်။
ခေတ်လူငယ်များ၏ ဆက်ဆံရေးအသိတရား ခေါင်းပါးခြင်း၊ လူကြီး၏ ယုံကြည်အားထားမှုကို အလွဲသုံးစားလုပ်ခြင်း စသည်တို့ကို ဆရာက မသင့်ကြောင်း မြစ်၍ ဆွေးနွေးသည်။ လူငယ်နှင့် သိမှုအနုပညာ၊ လူငယ်၊ အယ်ဒီတာစိတ်နှင့် ယုံကြည်မှုသစ်ပင် စသောအက်ဆေးတို့မှာ ဝါရိတ္တသဘောဝင်သည့် အက်ဆေးများဖြစ်သည်။
အားကျထိုက်သူကို အားကျခြင်း၊ ပြည်သူ့နီတိလိုက်နာခြင်း၊ ရသစာပေ လိုက်စားခြင်း၊ တာဝန်သိစိတ်ရှိခြင်း၊ ပရဟိတလုပ်ခြင်းစသည်တို့ကို ဆရာက သင့်ကြောင်း ညွှန်၍ ဆွေးနွေးသည်။ လူငယ်နှင့် အားကျစိတ်၊ လူငယ်နှင့် ပြည်သူ့နီတိစိတ်၊ လူငယ်, ရသစာပေနှင့် အနီးကွင်း၊ ငါလုပ်လိုက်မယ်၊ ရေချမ်းဒကာစိတ်နှင့် လောကဓံကို စိန်ခေါ်ခြင်းစသော အက်ဆေးတို့မှာ စာရိတ္တသဘောဝင်သည့် အက်ဆေးများဖြစ်သည်။
အချို့အက်ဆေးများတွင် ဝါရိတ္တ၊ စာရိတ္တ သဘောနှစ်ရပ်လုံး ပေါင်းစပ်ပါဝင်နေသည်ကို တွေ့ရသည်။ ဥပမာ လူငယ်နှင့် အိပ်မက်ထဲ၌ စိတ်ကူးယဉ်ဒန်းစီးခြင်း။ သည်သဘောနှစ်ရပ်အပြင် ကောင်းရာကို ပြုသဖြင့် ချီးမွမ်းအားပေးသော ထောမနာအက်ဆေးများကိုလည်း ဆရာ့စာတွင် တွေ့ရသေး၏။ သည်သဘောကိုတော့ တပည့်စိတ်နှင့် ခွင့်လွှတ်မှုအနုပညာ၊ လူငယ်နှင့် ဂါရဝေါစမင်္ဂလာ အက်ဆေးတို့တွင် တွေ့နိုင်သည်။
သည်ဟာတွေ ထားပါဦး။ ကျနော်အဓိကပြောချင်သည်က ညိုပြာညက်ကလေးကိစ္စ။ ဟုတ်သည်။ "ညိုပြာညက်ကလေးနှင့် အလျားအမြောက်အနံ" အက်ဆေးကို စာအုပ်နောက်ဆုံးမှာ ထားခြင်းသည် ဆရာတမင်လုပ်တာဖြစ်ရမည်ဟု ကျနော်စွပ်စွဲလိုက်ချင်သည်။
ရှေ့အက်ဆေးများတွင် ဆရာသည် "မလုပ်သင့်ဘူးဟေ့"ဟု လက်ဝါးကာ၍ တားမြစ်၏။ "လုပ်သင့်တယ်ဟေ့"ဟု လက်ညှိုးညွှန်၍ တိုက်တွန်း၏။ "လုပ်တာ ကောင်းတယ်ဟေ့"ဟု လက်ခုပ်တီး၍ အားပေးသည်။ သည်သို့သည်ပုံ ပြောပြီး ဆွေးနွေးဝိုင်း သိမ်းတော့မည်လေ။ သည်တော့မှ ဆရာက ကျနော်တို့(လူငယ်တွေ)ကို လည်ပင်းဖက်၍ "ဒီလို ရှိတယ်ကွ"ဟု နွေးထွေးစွာ နှုတ်ဆက်ရင်း ဆိုလာတော့သည်။ ပြောနေစဉ် ဆရာကိုယ်တိုင် နုပျိုသွားသည်။ ကျနော်တို့ဘော်ဒါလို ဖြစ်လာသည်။ တစ်သားတည်း။ သို့တိုင် စကားအနက်ကား ကျယ်လှသည်။
မှန်၏။ ဆရာ၏ ရှေ့အက်ဆေးများသည် လူငယ်တွေကို လူကြီးအရာထား ဧည့်ခန်းခေါ်၍ ဆွေးနွေးချက်များ ဖြစ်သည်။ ကျနော်တို့မှာ ဆရာ့ကို ရှိန်နေရသည်။ ငြိမ်နေရသည်။ "ညိုပြာညက်ကလေး"မှာတော့ ဆရာက လူငယ်တွေ ဝိုင်းထဲဝင်၍ ဆွေးနွေးတော့သည်။ "ညိုပြာညက်ကလေး"သည် ဆရာ့စာအုပ်ထဲက တစ်ပုဒ်တည်းသော လည်ပင်းဖက်အက်ဆေး။ ကျနော်အကြိုက်ဆုံးအက်ဆေး။
လိုရင်းက သည်လို။
ဆရာသည် မူလက အသားမည်းမများကို ကြည့်မရ။ ဖြူသော၊ ဝါရွှေသော ကောင်မလေးများကို ချဉ်းကပ်ကြည့်တော့လည်း အောင်မြင်မှုမရ ဟူ၏။ နောက်တစ်ထစ်လျှော့၍ ညိုဟန်သွယ်လေးများ ကြိုးစားကြည့်တော့လည်း အရာမထင်ပြန်ပါ။ 'အဖြူကြိုက်ရောဂါ'မှာ ကမ္ဘာနှင့်အဝှမ်းမို့ ဆရာ့အဖြစ်က ဆန်းသည်မဆိုသာပါ။
ဆန်းသည်မှာ သည်လိုအမည်းမကြိုက်သူက မည်းမည်းတူးတူး ကောင်မလေးနှင့် ဖူးစာဆုံမိခြင်းပင်။ သည်တော့လည်း ဆရာသည် အမည်းဘက်ကဲသောအသားကို အညိုဘက်လုနေတာပါဟု ရှေ့နေလိုက်လိုလိုက်၊ ကျီးကန်းဟုခေါ်လျှင် စိတ်ဆိုး၍ ဥဩမလေးဟု ချေပလိုချေပ ဖြစ်လာတော့သည်။ ဒါကတော့ လူ့မနောပေကိုး။
သည်လိုနှင့် ဆရာ့အချိုးက ပြောင်းလာပါသည်။ အသားမည်းသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ မည်သူ့ကိုမဆို အလှကိုရှာ၍ ကြည့်တတ်လာသည်။ အကောင်းကိုရှာ၍ မြင်တတ်လာသည်။ မချစ်တတ်လျှင် မလှ ချစ်လျှင်လှကြောင်း ထပ်လောင်းဆို၍ အလိုလိုလှလာရန်အတွက် အရာရာကို ချစ်တတ်ဖို့က အခရာတဲ့။ သည်လောက်တင် ရပ်မထားသေးဘဲ ဆရာတစ်ဆင့်တက်သွားပုံကတော့ဖြင့် လွှတ်ကို လှသွားပါသည်။ ကြည့်။
" ကျွန်တော် စဉ်းစားကြည့်ပါသည်။ အသားမည်းမ ခေါ် ညိုပြာညင်ကလေးကို ကျွန်တော်စတင် ချစ်မိခြင်းက တစ်ကိုယ်တော်ဆန်သော အချစ်မျိုး ဖြစ်ပါ၏။ ဥခွံကျဉ်းကျဉ်းကလေး ဖြစ်ပါ၏။ သင်္ချာနည်း အတိုင်းအထွာအရ ပြောရလျှင် 'အနံ'သက်သက်မျှသာ ဖြစ်ပါသည်။ ထိုမှ တစ်ဆင့်တက်၍ အရာရာကိုပါချစ်ဖို့ ကြိုးစားဆင်ခြင်ကြည့်တတ်ခြင်းက အများနှင့်ဆိုင်သော 'အလျား'သဘော ဆောင်ပါသည်။ ထိုအလျားနှင့် အနံကို မြှေက်လိုက်၍ ရရှိသော 'ဧရိယာ'ကမူ အကျိုးအမြတ်ဖြစ်သည်။ အလှတရားဖြစ်သည်။ ထိုအလှတရားသည် ကမ္ဘာလောကကြီးအတွက် ဘယ်တော့မှ မမှိတ်မကွယ်သော အလင်းရောင်ဟု တင်စားသော် ရကောင်းမည်လား မသိပါ"တဲ့။ လုပ်သွားပုံကို။
ကျနော်တို့က မည်းတုန်းဖြူတုန်း ရှိသေးသည်။ ဆရာက သက်တံ့ရောင်စုံတွေကြား ဖြန့်လွှားတိုးဝင်နေပြီ။ ကျနော်တို့က အနံလေးမှာ ရပ်ငေးနေတုန်း ဆရာက အလျားနှင့် မြောက်ချလိုက်ပြီ။ ဆရာက သည်စာပိုဒ်ဖြင့် သူ့အက်ဆေးကို ရစ်ဘီးဖြေလျှော့ပေးလိုက်တော့ အဖြူနှင့်အမည်းကြား အားစမ်းရုန်းကန်နေသော အက်ဆေးအာဘော် ရေတံခွန်လေး၏ လူးလွန့်ခွင်မှာ သိသိသာသာ ကျယ်ပြောမြင့်မားသွားပါတော့သည်။
မြင်မြင်လေရာ အများတကာကို ကောင်းကွက်ရှာ၍ ချစ်ဖွယ်ကို မြင်တတ်ခြင်းသည် အလှဟု ဆရာက ဆိုပါလျှင် အများတကာချစ်ဖွယ်သော ကိုယ်မှုနှုတ်မှုတို့ ကိုယ့်မှာတည်ဖို့လည်း လိုပေသေးသည်ဟု ကျနော်က ဖြည့်ချင်သည်။ ဆရာက သည်နေရာမှာ မဖြည့်တော့။ ရှေ့မှာ တစ်လျှောက်လုံး ပြောခဲ့ပြီမဟုတ်လား။ အများချစ်ဖွယ်ဖြစ်အောင် ဘယ်လိုနေရမလဲ။ အဖြေက ကျနော် ကလေးတွေကို စာသင်ရင်း သင်ပေးလေ့ရှိသော ဆရာ့ကလေးကဗျာလေးတစ်ပုဒ်တွင် ရှိပါသည်။
"အရိုင်းနှင့်အယဉ်"
အရိုင်း အယဉ် ချိန်နှိုင်းယှဉ်
အမြဲပဲ ဆန့်ကျင်၊
ယဉ်ယဉ်ကျေးကျေး နှုတ်ချိုအေး
လိမ္မာသတင်းမွှေး။
မယဉ်မကျေး ရိုင်းတယ်ဆို
မုန်းဖွဲ့မျက်မာန်ညို၊
ယဉ်သကိုမို့ အချစ်ပွား
မုန်းအောင်ရိုင်းမှာလား။ ။
မြေလတ်မောင်မြင့်သူ
သည်ကဗျာလေးကတော့ ရိုးရှင်းစွာ အဖြေပေးထားသည်။ ရိုင်းလျှင် လူမုန်းများမည်၊ ယဉ်လျှင် လူချစ်များမည်။ ဒါပဲ။ တိုးတက်သော လူ့အဖွဲ့အစည်းက အရိုင်းစိတ်၊ အရိုင်းစကား၊ အရိုင်းလုပ်ရပ်တို့ကို လက်မခံတော့။ ပညာသင်ရည်ရွယ်ချက်များတွင် "လူ့ယဉ်ကျေးမှု လက်ဆင့်ကမ်းရန်"ဟူ၍ ပါဝင်နေပြီ။ အမုန်းပွားစေမည့် အရိုင်းတရားများကို လက်ဆင့်မကမ်းချင်ကြတော့။
အသားညိုသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ လိမ္မာယဉ်ကျေးလျှင် ချစ်စရာ ကောင်းမည်၊ မိုက်မဲရိုင်းစိုင်းလျှင် မုန်းစရာကောင်းမည်။ သည်တော့ ချစ်စရာကောင်းချင်လျှင် သူများမိုက်တိုင်း မမိုက်ဖို့၊ သူများရိုင်းတိုင်း မရိုင်းဖို့လိုသလို သူများမုန်းတိုင်း ပြန်မမုန်းမိကြဖို့လည်း လိုပါသည်။
ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် မေးကြရမှာက 'ကိုယ့်နောက်က မျိုးဆက်တွေ အများကိုချစ်တတ်အောင် သင်ပေးကြမလား၊ အများကိုမုန်းတတ်အောင် သင်ပေးကြမလား။ အများချစ်အောင် ယဉ်တာသင်မလား၊ အများမုန်းအောင် ရိုင်းတာသင်မလား' ဆိုသော မေးခွန်းများပင်။ လည်ပင်းဖက် အက်ဆေးလေးကို ဆက်တွေးကြည့်ခြင်းပါ။
ရန်ကုန်လူကြုံများရှိလျှင် ဆရာမြေလတ်အတွက် စကားတစ်ခွန်း ပါးလိုက်ချင်ပါသည်။
" ကျနော်တို့ကို အရေးတယူ အလေးမူပြီး သွန်သင်ဆွေးနွေးတာ ကျေးဇူးပါဆရာ။ နောင်လည်း ဆက်သွန်သင်ပါ။ ဆက်ဆွေးနွေးကြရအောင်ပါ။ ဒါပေမဲ့ ဧည့်ခန်းထဲချည်းတော့ ခဏခဏ မခေါ်ပါနဲ့။ ကျနော်တို့ဝိုင်းထဲလည်း မကြာမကြာ လာပါဦး" ဟူ၍။ ။

ဓီရာလင်း
အောက်တိုဘာ၊ ၂၀၁၄၊ ခေတ်ရနံ့မဂ္ဂဇင်း

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း