ကျွန်တော်နှင့် တံတားများ
ကျွန်တော်နှင့် တံတားများ
တံတားဆိုသည်က
သွားလာရန်ခက်ခဲသည့်၊ လမ်းဖောက်ရန် ခက်ခဲသည့် အခြေအနေတွင် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူသွားနိုင်ရေးအတွက်
တည်ဆောက်ထားသည့် လမ်းတစ်မျိုးဟု ဆိုချင်သည်။ ဟိုဘက် သည်ဘက် ကူးရန်အတွက် ပျဉ်တစ်ချပ်ခင်း
တံတားလေးများ၊ ခနော်နီ ခနော်နဲ့ ဝါးတံတားလေးများ၊ ချင်းပြည်နယ်လို တောင်ပေါ်ဒေသများမှာရှိသည့်
ဝါးလုံးတန်းလေးများကို နင်းလျှောက် စဉ် ဘေးမှာရှိသည့် ကြိုးတန်းကို အားပြုထားရသည့်
ကောင်းကင်တံတားများ၊ နန်းတော်တိုင်များဖြင့် တည်ဆောက်ထားသည့် သမိုင်းတွင် အမည်းစက်စွန်းထင်းထားသည့်
ဦးပိန်တံတား၊ သံမဏိ သံယက်မ များဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် တံတားများ၊ ပင်လယ်ထဲတွင်
သံမဏိကြိုးမျှင်များဖြင့် တည်ဆောက်ထားသည့် မိုင်ချီရှည်လျားသည့် တံတားများ စသည်ဖြင့်
တံတားတွေက မျိုးစုံပင်ဖြစ်သည်။
ကမ္ဘာပေါ်မှာ တံတားဘယ်နှစ်စင်းရှိကြောင်း သူ
မသိသလို မြန်မာနိုင်ငံတွင် တည်ဆောက်ထား သည့် တံတားစင်းရေကိုလည်း မသိခဲ့ပါ။ မြန်မာ့ရုပ်မြင်သံကြားမှနေ၍
တည်ဆောက်ထားသည့် တံတား အရေအတွက်နှင့် ခုနှစ်တို့ကို မကြာခဏ ထုတ်လွှင့်တတ်သော်လည်း ကိန်းဂဏန်းတွေနှင့်
အလာ့ခ်ဂျစ် ဖြစ်တတ်သည့် သူကတော့ အမှတ်မထားနိုင်ခဲ့။
မြန်မာနိုင်ငံမှာ တံတားဘယ်နှစ်စင်းရှိရှိ
သူ့ရင်ထဲမှာ ရှိနေသည့် တံတားကတော့ သုံးစင်းသာ ဖြစ်သည်။ ဧရာဝတီမြစ်ကို ဖြတ်ကူးထားသည့်
အင်းဝတံတား၊ သူတို့မြို့ရှိ ချင်းတွင်းတံတား၊ နောက် သူ့ရင်ထဲမှာ တိတ်တဆိတ် နာမည်ပေးထားသည့်
(Hope) ဟုပ်ခေါ် မျှော်လင့်ခြင်းတံတားလေးတို့ဖြစ်သည်။ သည်တံတားသုံးစင်းသည် ဘဝတွင် မေ့မရနိုင်သည့်
အမှတ်တရများစွာနှင့် ဖြစ်သည်။ ခင်ဗျားမှာရော အမှတ်ရစရာ တံတားဘယ်နှစ်စင်း ရှိခဲ့ဖူးသလဲ။
သိခွင့်ရှိမည်ဆိုလျှင်တော့ သူသိချင်လှသည်။
*** *** ***
သူ့ဘဝ၏ အစောဆုံးကာလတွင် မှတ်မိသည့် ပထမဆုံးတံတားမှာ
အင်းဝတံတားဖြစ်သည်။ ထိုစဉ်ကတော့ စစ်ကိုင်းတံတားအဖြစ်ပဲ သူသိထားသည်။ သည်တံတားနှင့် ပတ်သက်၍
သီချင်းတစ်ပုဒ်ကို သူ့မိခင်က မကြာခဏ ဆိုပြတတ်သည်။
" ဗမာလူမျိုးတွေ အလုပ်မရှိတော့ တံတားကြီးကိုကြည့်ကာ
ငိုမိသည်…"
ဆိုပြသည်က သီချင်းတစ်ပိုဒ်လုံး၊ တစ်ပုဒ်လုံးဖြစ်သော်လည်း
သူ့နားထဲစွဲနေသည်က ထိုစာကြောင်း တစ်ကြောင်းသာဖြစ်သည်။ သူငယ်ငယ်က အငိုသန်သည်။ ထို့ကြောင့်
မိခင်က ထိုသီချင်းကိုဆိုပြကာ တို့လူမျိုးဟာ အငိုသန်တဲ့လူမျိုးဟု ဆိုချင်ကြောင်း အထင်မှားခဲ့ဖူးသည်။
အမှန်တော့ သူဂျီကျနေ၍ အငိုတိတ်စေရန် သီချင်းဆိုပြပြီး ချော့ခြင်းသာဖြစ်သည်။ ထိုစဉ်ကတည်းက
စစ်ကိုင်းတံတားနှင့် သူရင်းနှီးခဲ့ ရသည်။ တံတားကြီး၏ ပုံရိပ်ကို မိခင်ပြောပြထား၍ စိတ်ကူးထဲတွင်
မြင်ယောင်ခဲ့ဖူးသည်။
တံတားကြီးကို လက်တွေ့မြင်ရသည်က သူငယ်တန်းစာမေးပွဲတွေပြီး၍
နွေရာသီကျောင်းပိတ်ရက် တွင် ဖြစ်သည်။ ပြင်ဦးလွင်ရှိ အဖိုးအဖွားများဆီသို့ အလည်သွားစဉ်
သူ့စိတ်ကူးထဲရှိ တံတားထက် အဆပေါင်းများစွာ ကြီးများရှည်လျားသည့် တံတားကြီးကို တွေ့ရခြင်းဖြစ်သည်။
စိတ်ကူးထဲမှာရှိသည့် အရာကို အပြင်လောကတွင် တွေ့မြင်လိုက်ရသည့် ပထမဆုံးသော အတွေ့အကြုံလည်းဖြစ်သည်။
ဘဝ၏ အဦးအစတွင် ပထမဆုံးဖြတ်သန်းခဲ့ရသည့် တံတားရှည်ကြီးလည်းဖြစ်သည်။ တံတားအောက်မှာ စီးဆင်းနေ
သည့်ရေနှင့် ခပ်သေးသေးသာ မြင်ရသည့်လှေသမ္ဗန်များကိုကြည့်ရင်း၊ တံတံပေါ်မှဖြတ်စဉ် တဂျုန်းဂျုန်း
မြည်နေသည့် အသံကို နားစွင့်ရင်းကလေးပီပီ အပျော်တွေနှင့် ဖြတ်သန်းခဲ့သည်။
ပြဿနာစသည်က ပြင်ဦးလွင်မှ ပြန်လာပြီးသည့်နောက်ပိုင်း
ဖြစ်သည်။ နောက်နှစ်လည်း အလည်လာဦးနော်ဆိုသည့် ဘိုးဘွားများစကားကြောင့် နွေကျောင်းပိတ်လျှင်
အလည်သွားရဦးမှာ သေချာ သည်။ တံတားကြီးကို ဖြတ်သန်းသွားရဦးမှာလည်း သေချာသည်။ သူတွေးကြောက်နေသည်က
သူတို့ တံတားပေါ်မှသွားနေစဉ် တံတားကြီး ပြိုကျသွားမှာကိုဖြစ်သည်။ မိဘတွေသေသွားပြီး သူနှင့်
သူနှမလေး ကျန်နေခဲ့လျှင် ဆိုသောအတွေးနှင့် ညစဉ်အိပ်မပျော် ဖြစ်ရသည်။ အိပ်ယာဝင်တိုင်း
ကြိတ်ငိုခဲ့ရသည်။ တကယ်တော့ သူသည် စိတ်အားငယ်တတ်သူဖြစ်သည်။
ရက်အနည်းငယ်အကြာတွင် သူ့အဖြစ်ကို သိသွားသည့်မိခင်က
ရယ်ရယ်မောမောဖြင့် သူ၏ ကြောက်စိတ်ကို အကျိုးသင့် အကြောင်းသင့်ရှင်းပြကာ ဖယ်ရှားပေးခဲ့သည်။
" သားရဲ့ တံတားကြီးဟောင်းသွားရင် အစိုးရက
နောက်ထပ်တံတားတစ်ခု ဆောက်မှာပေါ့။ တံတားပေါ်ကိုလည်း ဘယ်သူမှ ဖြတ်သွားခိုင်းမှာ မဟုတ်ဘူး၊
သိပ်ပြီးဟောင်းသွားပြီဆိုရင်လည်း တံတားကြီးကို ဖြိုဖျက်ပစ်လိုက်မှာပေါ့။ သားဖေဖေလည်း
မသေဘူး၊ သားမေမေလည်း မသေဘူး၊ ဘယ်သူမှလည်း တံတားကြီးပြိုလို့ သေမှာ မဟုတ်တော့ဘူး၊ ဟုတ်ဖူးလား
သားရယ်…"
ငယ်စဉ်တုန်းက မျက်ရည်တောက်တောက်ကျအောင် ငိုခဲ့ရသောအဖြစ်သည်
ယခုအချိန်တွင်တော့ ပြုံးရယ်စရာ အကြောင်းအရာတစ်ခုအဖြစ် ပုံပြောင်းသွားခဲ့ပြီ ဖြစ်သည်။
အင်းဝတံတားနှင့်အပြိုင် ရတနာပုံ တံတားသစ်တစ်စင်းလည်း ရှိနေခဲ့ပြီ။ တံတားဟောင်းပေါ်မှဖြတ်သည်ဖြစ်စေ၊
တံတားသစ်ပေါ်မှ ဖြတ်သည် ဖြစ်စေ ငယ်တုန်းက အကြောင်းအရာကိုတော့ သတိရမြဲဖြစ်သည်။ အင်းဝတံတားကြီး၏
ကုန်း ဘယ်နှစ်ကုန်း ရှိသည်ကိုလည်း အရေအတွက်သိနေသည့်တိုင် ရေတွက်မိမြဲဖြစ်သည်။ ခင်ဗျားရော
အင်းဝတံတားကြီး၏ ကုန်းအရေအတွက်ကို ရေတွက်နေတုန်းလား ဆိုသည်ကိုတော့ သိခွင့်ရှိမည်ဆိုလျှင်
သိချင်ပါသည်။
*** *** ***
သူနေထိုင်ရာမြို့ကလေးသည် မြစ်တစ်စင်းကို
ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် မြို့ကလေးအတွက် သူဂုဏ်ယူသည်။ သူက မြစ်ချောင်းတွေကို
ချစ်ခင်မြတ်နိုးသူဖြစ်သည်။ ထို့အတူ တံတားတွေကိုလည်း နှစ်သက်စွဲမက်သူဖြစ်သည်။ ချင်းတွင်းတံတားကြီးဆောက်နေပြီဆိုသော
စကားသံကြားရချိန် ပျော်ရွှင်နေ သည့် မြို့သားများတွင် သူလည်းတစ်ယောက်အပါအဝင်ဖြစ်သည်။
တံတားဆောက်လက်စတွင် သူ၏ချစ်သူကောင်မလေးနှင့်အတူ
ရောက်ခဲ့ဖူးသည်။ ချစ်သူ့အစ်မ ဝမ်းကွဲ၏ မင်္ဂလာဖိတ်စာဝေရင်း ရောက်သွားခြင်းဖြစ်သည်။ ဆောက်လက်စ
တံတားကြီးကိုကြည့်ရင်း သူ၏ နှလုံးသားပုံပြင်ကို ထင်ဟပ်ပစ်ခဲ့လိုက်သည်။ သူသိပ်ချစ်ရသည့်
သူမနှင့် သူမသိပ်ချစ်ရသည့် သူ့အကြားတွင် နားလည်မှုဆိုသည့် ယုံကြည်မှုအလံကို မြင့်မြင့်ကြီး
စိုက်ထူလိုက်သော နေ့လည်းဖြစ်သည်။ ထို့အတူ သည်တံတားကြီးပြီးသွားလျှင် သူမလက်ကိုဆွဲကာ
တံတားပေါ်မှ အနာဂတ်ဆီသို့ ရဲရဲကြီး ဖြတ်လျှောက်ပစ်လိုက်မည်ဟု ကြိမ်းဝါးလိုက်သော နေ့လည်းဖြစ်သည်။
ခိုင်မာသေချာနေသည့် သူနှင့် သူမ၏ ချစ်ခြင်းတရားသည်
အသေချာဆုံးဟာ မသေချာဆုံးပဲ ဆိုသည့် လောကနိယာမတရား၏ မှန်ကန်မှုကို သက်သေထူခဲ့ရသည်။ တံတားကြီးတည်ဆောက်ပြီး
သွားချိန်တွင် သူ့မှာ လက်တွဲဖြတ်လျှောက်ခွင့် မရှိတော့။ သူ့နှလုံးသားပုံပြင်သည် အလွမ်းနှင့်
အဆုံးသတ်ခဲ့ ရပြီဖြစ်သည်။ လွမ်းရိပ်ဝေနေသည့် တံတားကြီးပေါ်မှ သူအကြိမ်ကြိမ် ဖြတ်လျှောက်သွားသည်။
သူမ မပါဘဲနှင့်။ နောက်ဆုံး မခံစားနိုင်တော့သဖြင့် ဝတ္ထုတစ်ပုဒ်ရေးကာ မဂ္ဂဇင်းတိုက်သို့
ပို့သည်။ တိုက်ဆိုင်စွာ ပင် သူမနှင့်ချစ်သူဖြစ်သည့်လ၏ ဆယ်စုနှစ်တစ်ခုအကွာတွင် ပါလာခဲ့သည်။
သူမ ဖတ်ဖြစ်မှာ မသေချာ သဖြင့် တွေ့လျှင်လက်ဆောင်ပေးရန်အတွက် ဝယ်ပြီးသိမ်းထားသည့် မဂ္ဂဇင်းစာအုပ်လေးမှာ
သေတ္တာထဲ တွင် ယခုထက်တိုင် ရှိနေဆဲဖြစ်သည်။ ခုချိန်တွင် တံတားပေါ်မှဖြတ်သွားတိုင်း ဟိုယခင်ကလို
စူးစူးနစ်နစ်ခံစားချက်မျိုး ပါးလျလာသော်လည်း တမ်းတမှုတစ်မျိုးဖြင့် သတိရနေကြောင်းကိုတော့
ရိုးရိုးသားသား ဝန်ခံလိုပါသည်။ ခင်ဗျားမှာရော တံတားနှင့်ပတ်သက်သည့် နှလုံးသားပုံပြင်
ရှိခဲ့ဖူးသလား။ ရိုးသားစွာဝန်ခံခြင်းသည် နှလုံးသား၏ ဝန်ထုပ်ဝန်ပိုးတွေကို လျော့ချခြင်းသာဖြစ်ကြောင်း
သိစေချင်ပါသည်။
*** *** ***
သူ၏ တတိယတံတားအကြောင်းကို ပြောပြချင်ပါသေးသည်။
အင်းတစ်ဝက်ကို မြေဖို့ကာ တည်ဆောက်ထားသည့် ဧက(၂ဝ)နီးပါးကျယ်သည့် ပုဂ္ဂလိက လုပ်ငန်းကြီးတစ်ခုတွင်
သူအလုပ်ရပါသည်။ ဆိုက်ဝမ်း၊ ဆိုက်တူးဟူ၍ ခွဲထားရာ၎င်းအင်းနှစ်ခုကြားတွင် အင်းကို ရေသွင်းရေထုတ်ပြုလုပ်သည့်
ပေ(၅၀)ခန့်ကျယ်သည့် တူးမြောင်းတစ်ခု ခြားထားပါသည်။ ထိုတူမြောင်းပေါ်မှ သစ်သားတံတားတစ်ခုကို
တည်ဆောက်ထားပါသည်။ ခိုင်ခိုင်ခံ့ခံ့ပဲ ဖြစ်သည်။ ထိုတံတားလေးကို သူက ချစ်မြတ်နိုးစွာဖြင့်
(Hope) မျှော်လင့်ခြင်းလေးဟု နာမည်ပေးထားပါသည်။
အလုပ်အင်တာဗျူးဖြေရန်အတွက် သည်တံတားလေးကို
ဖြတ်သန်းခဲ့ရသည်။ အလုပ်ရပြီးနောက် ဂျူတီဝင်တိုင်း တံတားလေးကို ဖြတ်သန်းသွားရမြဲဖြစ်သည်။
တံတားကလေးပေါ်မှ ဖြတ်သန်းသွားသည့် သူ၏ ခြေလှမ်းတိုင်းသည် တက်ကြွစွာ၊ ဂုဏ်ယူစွာ၊ ပျော်ရွှင်စွာနှင့်
ဖြစ်သည်။ မကြာမီပင် အမြင့်ဆုံးသော ဌာနသို့ သူပြောင်းရွေ့ရသည်။ ကြိုးစားမှုနှင့် အခွင့်အရေးတိုက်ဆိုင်သွားသည့်
သူ၏ကံကောင်းမှုဟု ထင်ခဲ့မိသည်။ ထို့နောက်မှာတော့ ဘဝ၏ကော်ဖီခါးခါးတစ်ခွက်ကို သူသောက်လိုက်ရခြင်းဖြစ်ကြောင်း
သိလိုက်ရသည်။
သူဌေးယုံကြည်၍ အလုံးစုံလွှဲအပ်ခြင်းခံရသည့်
(GM) ဆိုသည့် ပုဂ္ဂိုလ်ကြီးအတွက် သူသည် အလာ့ခ်ဂျစ်ဖြစ်နေခဲ့သည်။ သူအလုပ်လုပ်သည့် ဌာနကလည်း
ထိုပုဂ္ဂိုလ်ကြီးနှင့် တံခါးတစ်ချပ်သာခြား သည်။ အထက်အရာရှိဟူသော နှလုံးသွင်းကြောင့်
သူ့ဘက်မှ မေတ္တာ မပျက်သော်လည်း ထိုပုဂ္ဂိုလ်ကြီး ဘက်မှ မေတ္တာကွက်နေခဲ့သည်။ သူ့ကိုမြင်သည်နှင့်
အလာ့ခ်ဂျစ်ဖြစ်တော့သည်။ ယားသည်။ ယားတော့ ကုတ်သည်။ ကုတ်တော့ သူကျောကော့အောင် ခံရတော့သည်။
ရသစာပေတွင် ဘက်လိုက်မှုစေတနာ ပြတ်သားလျှင် ပြတ်သားသလောက် ဝတ္ထုတိုရဲ့အရည်အသွေး တောက်ပလာစမြဲဖြစ်သည်ဟု
ဖတ်ခဲ့ရဖူး သည်။ စာပေမဟုတ်သည့် လူမှုဘဝတွင်တော့ ဆရာဘက်လိုက်မှုပြတ်သားလေလေ ငယ်သား၏ အရည်အသွေးမှာ
မှေးမှိန်လာလေဖြစ်သည်။ သူမတော်တဆဖြစ်ရသည့် အမှားလေးများသည် ကြီးကျယ် လေးနက်သွားကြသလို
ကြိုးစားလုပ်ကိုင်ထားသည့် အရာများလည်း လစ်လျူရှုခံရကာ မကြာခဏ အဟောသိကံဖြစ်သွားကြသည်။
တစ်ခါသော် အပြစ်ဟုပင် သတ်မှတ်ရန် မသင့်သည့် ကိစ္စလေးတစ်ခု အတွက် မန်နေဂျာအမျိုးသမီးရှေ့တွင်ပင်
အသက်(၃၀)ကျော် ယောက်ျားတစ်ယောက်၏ မာနကိုရိုက်ချိုး သည့် အပြစ်ကိုပေးခဲ့သည်။ ပေးတဲ့အပြစ်ကိုခံမလား၊
ထွက်မလား။ မာနကို အရောင်တင်ကာ ရင်ကော့ ထွက်ဖို့ ဆုံးဖြတ်စဉ်မှာပင် နောက်ကွယ်မှာရှိသော
သူတို့မှီခိုနေသည့် မိသားစု။ အလုပ်တစ်ခုနှင့်တစ်ခု အကူးအပြောင်းမှာ ခံစားရမည့် ကြားကာလဒုက္ခ။
ပတ်ဝန်းကျင်၏ မျက်လုံးစိမ်းများ။ ထို့ကြောင့် မန်နေဂျာမမ၏ ရှေ့မှာပင် သူ၏အရှက်နှင့်မာနကို
ချခွဲခဲ့ရသည်။
မျှော်လင့်ခြင်းတံတားလေးပေါ်မှာ လေးကန်သောခြေလှမ်းများ၊
ပျို့အန်ချင်သော စိတ်နှလုံးများ၊ ငိုက်စိုက်ကျနေသည့်
ဦးခေါင်း၊ သေနေသောစိတ်ဓာတ်များနှင့် ရက်ပေါင်း(၃၈၂)ရက်ကို ကျော်ဖြတ်ပြီး နောက်မှာတော့
သူ့ဆရာ အလာ့ခ်ဂျစ်သည် သည့်ထက်ကောင်းသော နေရာဒေသတစ်ခုသို့ ပြောင်းရွေ့ သွားခဲ့ပြီဖြစ်သည်။
လုပ်ဖော်ကိုင်ဘက်အားလုံး ဝမ်းနည်းနေချိန်တွင် တိမ်မည်းလွတ်သည့် သူ၏ကောင်းကင် အတွက်
ဝမ်းနည်းမပြနိုင်ခြင်းကိုမူ ခွင့်လွှတ်စေချင်ပါသည်။ ယခုအချိန်တွင် သူ၏တံတားလေးသည် နာမည်နှင့်
လိုက်ဖက်လှကြောင်း သင်သိလောက်ပြီ ထင်ပါသည်။ ဘဝမှာ ကော်ဖီခါးခါးသောက်ပြီး တံတားဖြတ်ခဲ့ရသည့်
အချိန်တွေ ခင်ဗျားမှာရော ရှိခဲ့ဖူးသလား။ အခွင့်ရှိမည်ဆိုလျှင်တော့ သိချင်ပါသည်။
*** *** ***
အချိန်ကြာလာသည်နှင့်အမျှ တံတားတွေက တိုတိုလာကြောင်းကို
သတိပြုမိသူ နည်းမည်ထင် သည်။ လူသားအားလုံးသည် ထာဝရ ခရီးသွားများဖြစ်သည်။ ကိုယ်သွားသည့်ခရီးရောက်မရောက်ကို
မသိဆုံးမှာလည်း လူသားများသာဖြစ်သည်။ ဟိုမှာဘက်ကမ်းသို့ ကူးသည့်တံတားသည် အတိုဆုံးဖြစ်သည်။
ထို့ကြောင့်ပင်…
" ဟောဗျ…မနေ့ကတောင် စကားပြောလိုက်ရသေးတယ်…"
" မနက်ခင်းတုန်းက အကောင်းကြီးပါ…"
" (Meeting) လုပ်နေရင်းနဲ့ ရုတ်တရက်ကြီး
ဖြစ်သွားတာဗျ…"
(Heart Attack) ဆိုသော တံဆိပ်ကပ်ကာ ဟိုမှာဘက်ကမ်းသို့
ရုတ်တရက်ကူးသွားသည့် ဆရာအလာ့ခ်ဂျစ်အကြောင်း ကြားသိရသောအခါ လူသားတစ်ဦးပီပီ သူစိတ်မကောင်းဖြစ်ရသည်။
ကြုံဆုံခဲ့ရသော်လည်း လွမ်းမောတ-သ မခံစားရသည်ကတော့ သူ့နှလုံးသား၏ အပေါ်ရေတင်းမှုပဲ ဖြစ်နိုင်သည်။
သူမကြုံဆုံဘူးခဲ့သော်လည်း လွမ်းဆွတ်အောက်မေ့နေဆဲ ပုဂ္ဂိုလ်တချို့ရှိသည်။ (၁၉၄၇) ဇူလိုင်(၁၉)တွင်
ဟိုမှာဘက်ကမ်းသို့ ကူးသွားသည့် သူရဲကောင်း(၉)ယောက်အကြောင်းကို ယနေ့တိုင် လွမ်းမောတ-သဆဲ
ဖြစ်သည်။ တစ်ဘက်ကမ်းကို တံတားတိုလေးဖြင့် ကူးသွားသည်မှာ နှစ်ပေါင်း(၆၀) ကျော်ပြီ ဖြစ်သော်လည်း
ယနေ့တိုင် လူအများ အော့နှလုံးနာနေရသည့် ပုဂ္ဂိုလ်တချို့လည်း ရှိသေးသည်။
သူကတော့ အတိုဆုံးတံတားလေးကို ဖြတ်ကူးစဉ်
ချီးမွမ်းခံရဖို့ မမျှော်လင့်သလို ကဲ့ရဲ့ရှုပ်ချ ခံရဖို့ကိုလည်း မလိုလားပါ။ လိပ်ပြာသန့်သန့်နှင့်
မမြင်ရသည့် တံတားတိုလေးကို ဖြတ်လျှောက်သွားချင် ပါသည်။ ခင်ဗျားရော ထိုတံတားတိုလေးကို
ဘယ်လိုဖြတ်လျှောက်သွားချင်သလဲ။ သိခွင့်ရှိမည်ဆိုလျှင် သိချင်ပါသည်။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://web.facebook.com/htooaungwintt/?ref=settings
Comments
Post a Comment