သက္ကတအက္ခရာ၊ သက္ကတမွေးစားစကားလုံး

သက္ကတအက္ခရာ၊ သက္ကတမွေးစားစကားလုံး

''ဘဘ၊ မြန်မာစာမှာ ဗျည်း (၃၃) လုံးထဲ မပါတဲ့ ဗျည်းတစ်လုံးရှိသေးတယ် မဟုတ်လား''

''ဟေ...ဘယ်ဗျည်းပါလိမ့် သမီးရယ်''

''သမီးတို့သင်ခဲ့ရတဲ့ ရာဇကုမာရ်ကျောက်စာစကားပြေထဲမှာ စစချင်း 'ရှရီ' ဆိုတဲ့ စာလုံးက ဂငယ်အလယ်က အစက်ကလေး နဲ့ မဟုတ်လားဘဘ။ အဲဒီစာလုံးကို ရရစ်ပြီး လုံးကြီးတင်ဆန်ခတ်ထည့်ထားတာလေ။ အဲဒီ စာလုံးက ဗျည်း (၃၃) လုံးမှာ မပါဘူးမဟုတ်လားဘဘ''

''သြော်... ဟုတ်ပါပြီ။ အဲဒီစာလုံးက သက္ကတဘာသာကဗျည်းလေ။ အဲဒီလို သက္ကတဗျည်း နှစ်လုံးရှိတယ်။ ဂငယ်အလယ်မှာ အစက်ကလေးနဲ့ ဗျည်းကို 'ဂသျှ'လို့ ခေါ်တယ်။ ပစောက်အလယ်မှာ အစက်ကလေးနဲ့ ဗျည်းကိုတော့'ပသျှ' လို့ခေါ်တယ်။ ဒီလိုရေးရတာပေါ့။ (ကျွန်တော်က စာရွက်မှာ ဂ့ နှင့် ပံ ကို ရေးပြလိုက်ပါသည်။)

အဲဒီ စာလုံးနှစ်လုံးစလုံးကို 'ရှ'လို့ အသံထွက်ရတယ်''

''ဟုတ်ကဲ့ပါ ဘဘ''

''ရာဇကုမာရ်ကျောက်စာ စစချင်း 'ရှရှီ' လို့ ရေးတာက ကောင်းမြတ် တင့်တယ်ခြင်းနှင့် ပြည့်စုံပါစေသတည်းလို့ ဆုတောင်းတဲ့ သဘောပါ။ အဲဒီသက္ကတစကားလုံး ရှရီက ပါဠိစကားလုံး 'သိရီ'နဲ့ အဓိပ္ပာယ်အတူတူပဲ။ မြန်မာကတော့ 'သီရိ' လို့ အသံပြောင်း သုံးတယ်လေ''

''ကျောက်စာတွေမှာ စစချင်း စကားမပြတ် ဆုတောင်းတဲ့သဘောပေါ့နော် ဘဘ''

''ဟုတ်ပါတယ်''

''မြန်မာစကားထဲမှာ သက္ကတဘာသာက ယူထားတဲ့ စကားလုံးတွေ လည်းရှိမှာပေါ့နော်''

''ရှိတာပေါ့။ ဘဘတစ်ခါပြောဖူးတယ်ထင်တယ်။ ထင်ရှားတဲ့ စကားလုံး တစ်လုံး နှစ်လုံး ပြောပြမယ်။ ဒီနေ့ အင်မတန် အသုံးတွင်ကျယ်နေတဲ့ 'ဆရာ' ဆိုတဲ့ စကားလုံးဟာ သက္ကတဆီက မွေးစားထားတဲ့ စကားလုံးပဲကွဲ့''

''သြော်.... ဟုတ်ကဲ့ပါ''

''ဆရာကို ပါဠိလို 'အာစရိယ' လို့ ခေါ်တယ် မဟုတ်လား။ အဲ သက္ကတလိုကတော့ 'အာစာရျ' လို့ခေါ်တယ်။ ရကို ယပင့်ရေးတယ်။ အဲဒီ 'အာစာရျ' ကို မြန်မာကယူလိုက်တော့ ပုဂံခေတ်မှာ 'ဆရျာ' လို့ ဖြစ်လာ တယ်။ ခုခေတ်ကျတော့ 'ဆရာ' ဖြစ်လာတာပေါ့ကွယ်''

''ဟုတ်ကဲ့ပါ''

'' 'အာစာရျ' ကနေပြီး 'ဆရာ' ဖြစ်လာတာ အထောက်အထားခိုင်ခိုင် မာမာ ရှိပါတယ်။ တကယ်လို့ ပါဠိ 'အာစရိယ' ကလာတာဆိုရင်တော့ 'ဆရိယာ၊ ဆိယာ' ဆိုတာမျိုး၊ လုံးကြီးတင်ပါမှာပေါ့။ အာစာရျက လာတာဆိုတော့ လုံးကြီးတင်မပါဘူးပေါ့။ စိတ်ဝင်စားစရာကောင်းတာက အဲဒီ 'အာစာရျ' ကို ဘဘတို့ မြန်မာတွေက 'ဆရာ'လို့ ယူသလို မွန်က 'အာကျာ'လို့ သူတို့အသံထွက်နဲ့ယူတယ်။ ထိုင်းကလည်း 'အာကျန်' လို့ ယူတယ်ကွဲ့''

'' မှတ်ထားပါမယ် ဘဘ''

'' အဲဒီရင်းမြစ်ကို သတိမပြုမိတဲ့ ပုဂ္ဂိုလ်တွေကတော့ 'ဆရာ' ဆိုတာ 'ဆာယာ' ဆိုတဲ့ ပါဠိစကားကလာတယ်။ 'အရိပ်' လို့အဓိပ္ပာယ်ရတယ် ဆိုတာမျိုး။ 'ဆရာ' ဆိုတာ သင့်မသင့် ရာမရာ ချိန်ဆတတ်တဲ့သူမို့ 'ဆရာ' လို့ခေါ်တယ် ဆိုတာမျိုးကြံဆကြတာပေါ့ကွယ်။ အဲနောက်တစ်လုံးက 'အမတ်' ဆိုတဲ့ စကားလုံးပေါ့''

''လွှတ်တော်အမတ်ကိုသုံးတာမျိုးလား ဘဘ''

''အေး... ဟုတ်ပါတယ်။ အဲဒီ 'အမတ်' ကို ပုဂံခေတ် 'အမတ်တျာ'လို့ ရေးတယ်ကွဲ့။ အမတ်တျာကြီး 'မင်းကြီးအမတ်တျာ မဟာသေနာပတိ' ဆိုတဲ့ အသုံးတွေရှိတယ်။ အဲဒီစကားလုံးရဲ့ရင်းမြစ်က သက္ကတမှာ 'အမာတျ' လို့ရှိ တယ်။ ပါဠိ'အမစ္စ'နဲ့ အတူတူပဲ။ ဘုရင်မင်းနဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်ကို ခေါ်တာပေါ့ကွယ်။ အဲဒီ'အမာတျ' ကနေပြီး 'အမတ်တျာ၊' အဲဒီကနေ 'အမတ်' ဖြစ်တာပဲကွဲ့''

''ဟုတ်ကဲ့ပါ''

''တချို့ကတော့ 'အမစ္စ' ဆိုတဲ့ ပါဠိကလာတာလို့ယူဆကြတယ်။ ဒါပေမယ့် ပါဠိ'အမစ္စ'ကိုယူတာဆိုရင် 'အမစ်' ပဲဖြစ်ဖို့ရှိတာပေါ့။အခု 'အမတ်' လို့ ဖြစ်နေတော့ 'အမာတျ' ကယူတာ သေချာတာပေါ့ကွယ်''

''မှတ်ထားပါမယ် ဘဘ''

'' မြန်မာစကားမှာ သက္ကတကမွေးစားယူထားတဲ့ စကားလုံးတွေအများ ကြီးပါ။ စကြာ၊ ကြမ္မာ၊ စင်္ကြံ၊ သင်္ကြန်၊ ပြာသာဒ်၊ စကြဝဠာ စသည်ဖြင့်ပေါ့ကွယ်''
''ပုဂံခေတ်မှာ သက္ကတ ဘာသာကိုလည်း အသုံးများတာပေါ့နော်ဘဘ''

''အသုံးများပါတယ်။ ဘုရင်တွေရဲ့ ဘွဲ့တော်တွေကစပြီး သက္ကတ စကား လုံးတွေ အများကြီး မြန်မာစကားထဲမှာ ဝင်နေတာပါ။ မွန်စကားထဲမှာလည်း သက္ကတစကားလုံးတွေ အများကြီးပါတာမို့ မွန်တွေဆီကတစ်ဆင့် ယူတာတွေ လည်း ပါမှာပါပဲ''

''မြန်မာစာအရေးအသားကို သက္ကတဆီကလည်း ယူတယ်လို့ သမီး ဖတ်ဖူးပါတယ်။ ရှင်းပြပါဦး ဘဘရယ်''

'' အင်း ... မြန်မာစကားထဲမှာ သက္ကတစကားလုံးတွေ အများကြီး ရှိပေမယ့် ရေးတဲ့အက္ခရာကတော့ မွန်တွေသုံးတဲ့အက္ခရာကိုယူတာပဲ။ အဲဒီ အက္ခရာတွေနဲ့ ပါဠိ၊ ပိဋကတ်တော်တွေလည်း ရေးတာမို့ မြန်မာစာ အရေးအသားဟာ မွန်နဲ့ ပါဠိကို အခြေခံတာပါပဲ။ ပြီးတော့ ပုဂံခေတ်မှာ သက္ကတကျောက်စာတွေရှိပေမယ့် သုံးတဲ့အက္ခရာက ဘဘတို့သုံးတဲ့ အက္ခရာ မျိုးမဟုတ်ဘူး သမီးရဲ့။ ဒေဝနာဂရီ အက္ခရာနဲ့ အရေးများတယ်။ နောက်တော့ သမီးသိလာမှာပါ''

''ဟုတ်ကဲ့ပါ ဘဘ''

''ကဲ... အစောဆုံး မြန်မာစာလို့ အသိအမှတ်ပြုထားတဲ့ မြစေတီ-ရာဇကုမာရ် ကျောက်စာကိုပဲကြည့်။ ရေးထိုးတားတဲ့ ဘာသာလေးမျိုးက ပါဠိ၊ ပျူ၊ မွန်၊ မြန်မာလေ။ သက္ကတဘာသာနဲ့ ရေးထိုးမထားဘူးမဟုတ်လား''

''ဟုတ်ပါတယ် ဘဘ''

''ဒီလိုဆိုရင် အဲဒီအချိန်မှာ သက္ကတဘာသာဟာ တခြားဘာသာတွေ လောက် မတွင်ကျယ်ဘူးလို့ ယူဆနိုင်တာပေါ့''

''ဟုတ်ကဲ့ပါ''

''ပြီးတော့ ပါဠိရယ်၊ မွန်ရယ်၊ မြန်မာရယ် အက္ခရာအတူတူပဲလေ။ အထူးသဖြင့် မွန်နဲ့ မြန်မာက အတူဆုံးပဲ။ ဗျည်းသရတွေရော၊ အသတ်တွေရော၊ ပြီးတော့ အစောပိုင်း မြန်မာကျောက်စာတွေမှာ မွန်ဆန်တဲ့ရေးပုံတွေ၊ အသတ် တွေလည်းတွေ့ရတော့ မြန်မာစာအရေးအသားကို မွန်တွေက တီထွင်ပေး တယ်။ စာမရှိသေးတဲ့မြန်မာတွေကို စာပေအဆင့်အတန်း မြင့်နေပြီဖြစ်တဲ့ မွန် ဆရာတွေ၊ မွန်ရဟန်းတော်တွေက ပါဠိ၊ ပိဋကတ်တော်တွေ သင်ပေးပြီး မြန်မာစာတီထွင်ရာမှာလည်း သင်ပြပေးတယ်ဆိုတဲ့ အယူအဆဟာ အကျိုး အကြောင်းသင့်ပြီး ယုတ္တိရှိတဲ့ အယူအဆပါပဲသမီးရယ်''

''တော်တော်နားလည်သွားပါပြီဘဘ။ သမီးမှတ်ထားပါ့မယ်''

''သမီးပြောတဲ့ အဲဒီ ဂသျှတို့ ပသျှတို့ဟာလည်း အက္ခရာမတူတဲ့ သက္ကတကျောက်စာတွေထဲက တိုက်ရိုက်ယူတာထက် အက္ခရာတူတဲ့ မွန်ကျောက်စာတွေမှာ သုံးတဲ့အတိုင်း အလိုက်သင့်ကလေး ယူလိုက်တာ မျိုးဖြစ်ဖို့က ပိုများပါတယ်။ ဒါပေမယ့် မြန်မာဗျည်းအဖြစ်တော့ ထည့်မသုံး ပါဘူး''

''သမီးဆက်ပြီး လေ့လာပါ့မယ်ဘဘ။ ဗျည်း (၃၃) လုံး အကြောင်း မေးချင်တာ တစ်ခုကျန်နေပါသေးတယ်''

''မေးလေ''

''ဗျည်း ၃၃ လုံးမှာ နောက်ဆုံးဗျည်းကို 'အ' လို့ ပြတာရော၊ 'အံ' လို့ ပြတာရော တွေ့လို့ပါ ဘဘ။ ဘယ်ဟာမှန်သလဲဆိုတာ သိချင်လို့ပါ''

'' 'က၊ ခ' ကနေပြီး 'သ၊ ဟ၊ ဠ' ဆိုပြီးတော့ အဆုံးမှာ 'အံ' လို့ ပြတာ က ပါဠိဗျည်း စဉ်အတိုင်း ရေးတာပါ။ ပါဠိမှာ နောက်ဆုံးဗျည်းက 'နိဂ္ဂဟိတ်' လို့ခေါ်တယ်။ မြန်မာလိုပြောရင် သေးသေးတင်ပေါ့။ အဲဒီဗျည်းကိုဆိုရင် အမ်(မ်) လို့ ပါးစပ်ကိုပိတ်ပြီး ဆိုရတယ်။ ဒီတော့ အဲဒီဗျည်းကိုပြရင် အောက်က ဘာစာလုံးမှမပါဘဲ သေးသေးတင် သက်သက်လည်း ပြလို့ရ တာပေါ့။ ဒီလိုလေ။ (ကျွန်တော်က ·ံဟု ရေးပြသည်။)

''ဟုတ်ကဲ့ပါ''

''ဒါပေမယ့် သေးသေးတင် သက်သက်ပြလေ့မရှိဘဲ အောက်က အ-အက္ခရာထည့်ပြီး 'အံ'လို့ ပြတာများတယ်''

''ဟုတ်ကဲ့ပါ''

''မြန်မာမှာကျတော့ ပါဠိမှာလို ပါးစပ်ပိတ်ပြီးဆိုရတဲ့ အမ်(မ်) ဗျည်းမရှိ ဘူးလေ။ ဒီတော့ သေးသေးတင်မထည့်တော့ဘဲ 'အ'လို့ပဲပြတာပေါ့ကွယ်''

''ဟုတ်ကဲ့ပါ။ ဘဘ 'အ'က သရမဟုတ်လား။ ဘာကြောင့် ဗျည်းထဲမှာ ပါနေရတာပါလဲ''

''အဲဒီပြဿနာလည်းရှိတယ်။ 'အ'ကို ဗျည်းမဟုတ်ဘဲ ဗျည်း(၃၃)လုံး ထဲမှာ ထည့်ထားတယ်။ 'အ၊ အာ၊ ဣ၊ ဤ'ဆိုတဲ့ သရထဲမှာလည်း 'အ' ပါနေတယ်။ ဒီတော့ 'အ' ဟာ ဗျည်းလား၊ သရလားလို့ ဆွေးနွေးကြ တာတွေရှိတယ်လေ''

''ဟုတ်ကဲ့ပါ''

''အင်...အသံအရတော့ 'အ'ဟာ သရပဲ မဟုတ်လား။ ဒါပေမယ့် 'အ' ကို တခြားဗျည်းတွေလို ဗျည်းအနေနဲ့လည်း သုံးလို့ရတယ်လေ''

''အဲဒါ...ဘာပြောတာပါလဲ ဘဘ''

''သြော်...ဆိုပါတော့ သမီးရယ်။ 'က'ဆိုတဲ့ ဗျည်းကို သရတွေနဲ့ တွဲပြီး ရေးရင် 'ကာ၊ ကီ၊ ကူ၊ ကန်၊ ကုံ' ဆိုတာမျိုးရေးတယ် မဟုတ်လား''

''ဟုတ်ပါတယ် ဘဘ''

''အဲဒီ က ဗျည်းနေရာမှာ 'အ' ကိုထည့်ပြီး ရေးရင် 'အာ၊ အီ၊ အူ၊ အန်၊ အုံ'ဆိုပြီး ဖြစ်လာတယ်မဟုတ်လား။ 'အ'ကို က ဗျည်းနေရာမှာ ဗျည်းလိုလည်းသုံးလို့ရတယ် မဟုတ်လားကွယ်''

''ဟုတ်ပါတယ်''

''ဒီတော့ 'အ' ဟာ အသံအရ သရပေမယ့် သုံးတဲ့အခါ ဗျည်းကိုလည်း သုံးလို့ရတာမို့ နှစ်ဖက်စလုံးမှာပါနေတာလို့ ဆိုနိုင်တာပေါ့ကွယ်''

''ကျေးဇူးတင်ပါတယ် ဘဘ''

မောင်ခင်မင်(ဓနုဖြူ)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း