အာမေဍိတ်စကားလုံးများ

အာမေဍိတ်စကားလုံးများ
 

 ''အလို..တူတော်မောင် စောစောစီးစီးပါလားဟေ့''
တစ်လတစ်ကြိမ်လာနေကျဖြစ်သော တူတော်မောင် နံနက်စောစောစီးစီး အိမ်ရောက်လာသည့်အတွက် ကျွန်တော် အံ့သြသွားပါသည်။
''ခရီးဆက်စရာကလေးရှိနေလို့ ဦးဆီစောစောဝင်လာတာပါ.. . ဦး''
''ဟုတ်ပါပြီ။ ဒီတစ်ခါရော ဘာမေးစရာတွေပါလာသေးသလဲ''

'' ဒီတစ်ခါမမေးတော့ဘူးလို့နေတာ။ ခုနက ဦးကျွန်တော့်ကို နှုတ်ဆက် တဲ့စကားကြားရတော့ မေးစရာပေါ်လာတာပါဦး''
''ဟေ ...ဟုတ်လား၊ ဘာများပါလိမ့်''
''ဟော ...ပြောရင်းဆိုရင်း မေးစရာနှစ်ခုဖြစ်သွားပြီဦး။ ဦးက စကား စစချင်း 'အလို' လို့ စလိုက်တယ်မဟုတ်လား။ အဲဒီ 'အလို' အကြောင်းမေး မလို့ စဉ်းစားနေတုန်း ဦးက 'ဟေ ..ဟုတ်လား'လို့ ထပ်ပြောတော့ အဲဒီ 'ဟေ' အကြောင်းပါ မေးစရာပေါ်လာတာပေါ့ဦးရဲ့''
''ဒီလိုဆိုရင် ခုနမင်းပြောတဲ့ 'ဟော ... ပြောရင်းဆိုရင်း' ဆိုတဲ့'ဟော' အကြောင်းလည်း ပါမယ်ထင်တယ်''
''ဟုတ်ပါတယ်ဦး။ ကျွန်တော်တို့ စကားပြောရင်'အလို' တို့၊ 'ဟေ' တို့၊ 'ဟော' တို့လိုစကားတွေ ပါပါလာတတ်တာ ဘာကြောင့်လဲဦး၊ အဓိပ္ပာယ် ကရော ဘာပါလဲဦး။ အဲဒါ သိချင်တာပါ''
''အဲဒီလိုစကားမျိုးတွေကို ဘယ်လိုခေါ်သလဲကွဲ့။ ကျောင်းမှာ မြန်မာ သဒ္ဒါသင်ရတုန်းက အဲဒီစကားမျိုးတွေအကြောင်း မင်း သင်ရပါတယ်''
''ဟုတ်ကဲ့၊ အာမေဍိတ်လို့ခေါ်ပါတယ်''
''အေး ... အာမေဍိတ်ဆိုတာ ပါဠိကို မြန်မာမှုပြုထားတဲ့ စကား ပေါ့ကွာ။ ဝမ်းသာတာတို့၊ အံ့သြတာတို့၊ ထိတ်လန့်တာတို့ အဲဒီလို ခံစားမှု တစ်ခုခုကြောင့် ပါးစပ်က ရုတ်တရက်ထွက်လာတဲ့ အသံကို ခေါ်တာပါပဲ''
''ဒါဆိုရင် ခုန'အလို' လို့ ဦးပြောလိုက်တာ မမျှော်လင့်ဘဲ ကျွန်တော် ရုတ်တရက်ရောက်လာလို့ အံ့သြပြီး ထွက်လာတဲ့ အသံပေါ့နော်''
''အေး .. ဟုတ်တယ်။ 'အလိုလေး'၊ 'အလိုလေးလေး' ဆိုပြီး အံ့သြတဲ့ ခံစားမှုအလိုက် အသံထွက်တတ်သေးတယ်''
''အား လို့အော်လိုက်တာက ရုတ်တရက်လန့်သွားလို့ပေါ့နော်..ဦး''
''အေး .. တစ်ခုခုနဲ့ ခိုက်မိလို့ နာသွားတာတို့၊ လန့်သွားတာတို့ဆိုရင် 'အား'လို့ အော်တတ်တာပဲ။ 'အမယ်လေး'တို့ 'အောင်မယ်လေး'တို့လည်း ထွက်တတ်တယ်''
'' 'အမယ်'ဆိုတာကလည်း အံ့သြတာတို့ သဘောမကျတာတို့ကြောင့်'' ထွက်လာတဲ့ အသံပေါ့ နော်ဦး''
'' 'အောင်မယ်'တို့ 'အောင်မာ'တို့လည်း ထွက်ပါတယ်။ 'အေး' ဆိုတာ ကတော့ သဘောတူလို့ ရှေ့က စကားခံလိုက်တာမျိုးပေါ့။ 'အင်း' လို့လည်း ထွက်ပါတယ်။ အဲဒီလို 'အ' ပါတဲ့ အာမေဍိတ်တွေရှိသေးတယ်။ 'အို' တို့ 'အိုး'တို့ 'သြော်'တို့ 'သြ'တို့ပေါ့။ ဘယ်လိုခံစားမှုလဲဆိုတာတော့ မင်းဟာ မင်းစဉ်းစားကြည့်ပေါ့ကွာ''
'' ဟုတ်ကဲ့ပါ။ ခုန ဦးနဲ့ကျွန်တော်နဲ့ပြောတဲ့ 'ဟေ'တို့'ဟော'တို့လို 'ဟ' ပါတဲ့ အာမေဍိတ်တွေရှိသေးသလားဦး''
''ရှိတာပေါ့။ 'ဟ-ဖြစ်ပါ့မလား'၊ 'ဟာ-ဒုက္ခပါပဲ၊ 'ဟေ့-ဘယ်ကလာသလဲ၊ ဟဲ့-ဘယ်လိုဖြစ်နေတာလဲ၊ ဟင်-ဟုတ်ရဲ့လား၊ 'ဟိုက်-အကျိုးနည်းပါပြီ' ဆိုတဲ့ စကားတွေမှာ အာမေဍိတ်သုံးပုံတွေကို သိနိုင်ပါတယ်ကွာ''
'' 'ကဲ .. ငါမပြောဘူးလား'၊ 'ကိုင်း.. သွားကြစို့' ဆိုတဲ့စကားတွေမှာ လည်း 'ကဲ' နဲ့ 'ကိုင်း' ဟာ အာမေဍိတ်တွေပေါ့နော် ဦး''
''ဟုတ်တယ်။ သတိရလာလို့ပြောရဦးမယ်။ တစ်ချိန်က ထင်ရှားတဲ့ ဆရာဝန်စာရေးဆရာမောင်သင်ရဲ့ ဝတ္ထုတွေမှာ အာမေဍိတ်တစ်လုံးကိုမကြာ ခဏသုံးတယ်။ မင်းသိလား''
''မသိပါဘူးဦး''
''ရှီးတဲ့၊ စိတ်မောမောနဲ့ ထွက်လာတဲ့အသံပေါ့ကွာ''
''မှတ်ထားပါ့မယ်ဦး''
''ရှေးက ပြဇာတ်တွေမှာသုံးတဲ့ အာမေဍိတ်တစ်ခုက 'ရော' တဲ့။ 'ရော သည်တစ်ခါ၊ ငါမုဆိုး၊ သားမျိုးကို ရှာတော့မည်'ဆိုတာမျိုးပေါ့။ ခုခေတ် မှာလည်း 'ရော.. ခက်နေပါပြီ' ဆိုတာမျိုးသုံးပါတယ်''
''ဟုတ်ကဲ့ပါ''
''ရှေးစာတွေထဲမှာ ဒေါသနဲ့ကြိမ်းမောင်းတဲ့ အာမေဍိတ်တစ်ခုလည်းရှိ တယ်။ 'သယ်' တဲ့။ 'သယ်ဟယ်ဟယ်' လို့လည်း ကြိမ်းတယ်။ 'သယ်- နင်က ငါ့ကိုဘာထင်သတုံး' ဆိုတာမျိုးလည်းပြောတယ်။ တစ်ယောက်က 'သယ်' လို့ကြိမ်းရင် တစ်ယောက်က 'မသယ်နိုင်ရင် ပုံထား'လို့ လူရွှင်တော်တွေ ဟာသလုပ်တတ်သေးတယ်ကွ။ 'တယ်... ငါလုပ်လိုက်ရ' ဆိုတာမျိုးလည်း သုံးတယ်''
'' 'ဘုရား ဘုရား' လို့လည်း အသံထွက်တယ်နော်''
''အေး..'ဘုရား ဘုရား'တို့ 'အနိစ္စ'တို့ 'ဒုက္ခ ဒုက္ခ'တို့လည်း အထိတ် တလန့်ဖြစ်ရင် ညည်းတွားရင်း သုံးတာပေါ့''
''စိတ်ထဲမှာ မကျေမနပ်ဖြစ်ရင် 'တကတဲ'လို့ လည်း အသံထွက်တတ်တယ်။ 'တကတဲ- ဖြစ်နေလိုက်တာ' ဆိုတာမျိုးပေါ့''
'' အာမေဍိတ်တွေက တော်တော်စုံတာပဲနော်ဦး ''
''ခုပြောခဲ့တဲ့အာမေဍိတ်တွေလို နောက်ကဘာစကားမှမပါဘဲ တစ်လုံး တည်းလည်း ကျင့်သုံးတယ်။ နောက်က စကားနဲ့တွဲပြီးလည်း သုံးတယ် မဟုတ်လား။ စိတ်ထဲကခံစားမှုကြောင့် 'အို၊ ဟာ၊ အမယ်လေး' ဆိုပြီး တစ်လုံး တည်းထွက်လာတာမျိုးရှိသလို 'အို- ခက်တော့တာပဲ၊ ဟာ- ဒီလိုမဟုတ်ပါဘူး' ဆိုတာမျိုးလည်း သုံးတယ်လေ''
''နားလည်ပါပြီ ဦး''
''အဲဒီလိုပဲ စကားရဲ့ နောက်ဆုံးကလိုက်သုံးတာတွေလည်း ရှိသေး တယ်ကွဲ့''
''ဘယ်လိုစကားတွေလဲ ဦး''
'' 'ညည်းကလဲ အေ' ၊ 'ဟုတ်တယ်အေ'့ ဆိုတာမျိုး အမျိုးသမီးတွေပြောတယ် မဟုတ်လား။ 'အေ' တို့ 'အေ့' တို့ အသံထွက်လာတာပေါ့။ ကဲ အမျိုးသားတွေ သုံးရင်ရော ဘယ်လိုသုံးသလဲ။ မင်းသတိထားမိသလား''
'' 'ခင်ဗျားကလဲဗျာ၊ ဟုတ်ပါတယ်ဗျ' ဆိုတာမျိုးသုံးတာပေါ့ ဦး''
''ဟုတ်တယ်။ 'ဗျို့၊ ဗျို၊ ခင်ဗျာ' ဆိုတာတွေလည်း ပါတာပေါ့''
''အမျိုးသမီးတွေက 'ဟုတ်တယ်ရှင့်၊ မှန်ပါတယ်ရှင်' လို့လည်း သုံးတယ် နော်-ဦး''
'' 'ဟုတ်တယ်တော်၊ ဟုတ်ပါတယ်တော့' ဆိုတာမျိုးလည်းသုံးတယ်လေ။ကဲ- 'ဟ' ပါတဲ့ စကားတွေလည်း ရှိသေးတယ်။ မင်းပြောကြည့်စမ်း''
'' 'လာပါ ဟ'၊ 'ဟုတ်တယ် ဟာ'၊ 'မဟုတ်ဘူးဟဲ့၊ 'နင်ကလည်း ဟယ်' ဆိုတာမျိုးတွေလား ဦး''
''မှန်ပါတယ်။ အဲဒီလိုပဲ၊ 'ကွဲ့'၊ 'ကွယ်'၊ 'ကွ'၊ 'ကွာ' တွေလည်းသုံးတယ်။ အမျိုးသားတွေ အသုံးများတာပေါ့။ 'ဘာကွ'၊ 'လာပါကွာ'၊ 'ဒီလိုကွဲ့'၊ 'မလုပ် ပါနဲ့ကွယ်'ဆိုတာမျိုးတွေပေါ့''
''ဟုတ်ကဲ့''
''ခံစားမှုကို လိုက်ပြီး အသုံးကွဲမှာပေါ့။ 'ကွ'တို့ 'ကွာ'တို့က လူကြီးက လူငယ်ကို ပြောတာမျိုး၊ အချင်းချင်း ရင်းရင်းနှီးနှီး ပြောတာမျိုးပေါ့။ 'ကွဲ့'နဲ့ 'ကွယ်' ကတော့ ချော့ချော့မော့မော့ ပြောတာမျိုးပေါ့ကွယ်''
''ဟုတ်တယ်နော် ..ဦး၊ တော်တော်စုံတာပဲ''
''နောက်တစ်မျိုးရှိသေးတယ်၊ 'ရ'ပါတဲ့ စကားတွေလေ''
''ပြောပြပါ-ဦး''
'' 'ဒီလို သူငယ်ချင်းရ၊ ဘာရမလဲ သာဝရာ၊ ဟုတ်တယ်မမရဲ့၊ ညီမလေး ရယ်၊ ကျော်ကျော်ရေခဏလာပါဦး'ဆိုတဲ့ စကားမျိုးတွေမှာ 'ရ၊ ရာ၊ ရဲ့၊ ရယ်၊ ရေ' ဆိုတဲ့ စကားတွေနဲ့ အဆုံးသတ်တယ်မဟုတ်လား''
'' ဟုတ်ပါတယ် ဦး''
''ဒီတော့ ခြုံပြောရရင် ခုတို့နှစ်ယောက်ပြောတဲ့စကားတွေဟာ စကား တစ်ခွန်းရဲ့ ရှေ့ဆုံးကသုံးရတာတွေလည်းရှိတယ်။ နောက်ဆုံးကသုံးရတာ တွေလည်း ရှိတယ်။ အဲဒီစကားတွေဟာ ခံစားမှုတစ်ခုခုကြောင့် ပါးစပ်က ရုတ်တရက် ထွက်လာတဲ့စကားတွေမို့ နေ့စဉ် စကားပြောရာမှာ တွင်တွင် ကျယ်ကျယ်အသုံးပြုနေတဲ့ စကားတွေပေါ့။ စကားပြောပုံအတိုင်းစာရေးရင် အဲဒီအာမေဍိတ်တွေပါလာတာ သဘာဝကျတာပေါ့ကွယ်''။ ။

မောင်ခင်မင်(ဓနုဖြူ)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း