ဟိုဘက် ခေတ် ဒီဘက် ခေတ် စာရေးဆရာ၊ ဆရာမဖြစ်ချင်သူတွေ

ဟိုဘက် ခေတ်
ဒီဘက် ခေတ် စာရေးဆရာ၊ ဆရာမဖြစ်ချင်သူတွေ


                  အလုပ်နားရက်ရတဲ့ နေ့တွေမျိုးမှာ ကျွန်တော် စာရေးနေတတ်ပါတယ်။ စာရေးစရာတွေ အကြွေးလက်ကျန်ကလေးတွေ ရေးပြီးပြီဆိုရင်တော့ Face Book ပေါ် ဟို ဖတ် ဒီဖတ်ဖတ်နေရင်း စာပေမိတ်ဆွေများနဲ့ စကားစမြည်ပြောဆိုဖြစ်ပါတယ်။ တခါတလေ စာရေးဖို့ ဝါသနာပါသူတွေရဲ့ အမေးတွေကို ဖြေရတဲ့အခါလည်း ရှိသလို၊ အကြံဥာဏ်တောင်းတဲ့အခါ ကိုယ်သိသလောက် မှတ်သလောက် ပြောပြလိုက်ရတာလည်းရှိပါတယ်။

စာရေးချင်ရင် စားများများဖတ်ပေါ့။
ဒီလိုပြောမယ်ဆိုတာ ကိုယ်မပြောခင်ကတည်းက ဒီလိုပြောမှာဘဲ မဟုတ်လားလို့ သူတို့ကဦးစွာ ပြောတတ်ကြပါတယ်။
"ကောင်းပြီ၊ စာများများဖတ်ဖို့ဆိုတာ ဘာစာတွေ ဖတ်ရမတုန်း"
ဆိုတော့ သူတို့ ဖတ်မှတ်လေ့လာထားသမျှ "ဝတ္ထုတိုရေးနည်းအတတ်ပညာ စာအုပ်များ" ဖတ်ထားကြောင်းနဲ့ သူတို့နှစ်သက်တဲ့ စာရေးဆရာ၊ ဆရာမတွေရဲ့စာတွေကို ဖတ်မှတ် စု တု ပြု ထားကြောင်း ပြောပါတယ်။
ပြီးတော့ သူတို့ ဝတ္ထုတိုလေးတွေကို အွန်လိုင်းကနေ ပြုလုပ်ပေးနေတဲ့ ဝတ္ထုတိုပြိုင်ပွဲတွေကနေ ပြိုင်ပွဲဝင်ရင်း ဆက်ရေးသွားမယ်လို့ ကျွန်တော့်ကို ပြောလာပါတယ်။
ကျွန်တော့် စာဖတ်ပရိသတ်တွေရော၊ စာရေးဖို့ ကြိုးစားနေတဲ့ ညီငယ် ညီမငယ်တွေရော ရင်းနှီးပွင့်လင်းစွာ ဆရာလို ဆွေးနွေးတာမျိုးမဟုတ်ဘဲ ကျွန်တော် ဖြတ်သန်းခဲ့သမျှ ဟိုခေတ်က စာရေးဆရာဖြစ်ချင်သူ ကျွန်တော့်အကြောင်းကို ရေးသား တင်ပြလိုက်ပါရစေ။
အသက်နှစ်ဆယ်ကျော်ဝန်းကျင်လောက်မှာ စာရူးပေရူးလေး ကျွန်တော် မန္တလေးမြို့၊ လူထုသတင်းစာတိုက်ကို စရောက်ခဲ့ပါတယ်။ အဲ့ဒီမှာတင်ကိုညို မိတ်ဆက်ပေးမှုနဲ့ မန္တလေးစာရေးဆရာ၊ ဆရာမများကိုကျွန်တော် စတင် သိကျွမ်းခွင့်ရခဲ့ပါတယ်။ သူတို့ လက်ဘက်ရည်ဆိုင်ထိုင်တဲ့အခါ သူတို့ ဘာတွေပြောကြသလဲ၊ သူတို့ ဘာတွေရေးကြသလဲ ဆိုတာစိတ်ဝင်စားစရာကောင်းလှပါတော့တယ်။
သူတို့လက်ဘက်ရည်ဆိုင်ထိုင်ကြတဲ့အခါ လွယ်အိတ်တွေထဲမှာ၊ သို့မဟုတ် ဖိုင်လေးတွေထဲမှာဝတ္ထုတိုစာမူလေးတွေပါလာတတ်ပြီး လဲလှယ်ဖတ်တတ်ကြပါတယ်။ ပြီးတော့ လစဉ်ထုတ်မဂ္ဂဇင်းတွေထဲကဘယ်ဆရာ၊ ဆရာမတွေရဲ့ဝတ္ထုတိုတွေကတော့ဖြင့် ဘယ်လိုကောင်းကြောင်း ဘယ်လို ဝတ္ထုတိုအဆုံးကို လှည့်ထွက်သွားကြောင်း အတွေးနှစ်မျိုး ပေးတဲ့ဝတ္ထုဖြစ်ကြောင်း မြိန်ရေယှက်ရေ ပြောနေကြတာလေးတွေကို အငေးသားလေးနဲ့ နားထောင်နေတတ်တဲ့ သူကတော့ ကျွန်တော်ပါဘဲ ခင်ဗျာ။
သူတို့တွေဆိုတာက ဘယ်သူတွေလဲဆိုတော့ ဝင်းစည်သူ၊ ညီပုလေး၊ ကျော်ရင်မြင့်၊ ကိုရိုးကွန့်၊ ရဲသျှမ်း၊ ညိုထွန်းလူ စတဲ့ဆရာတွေဘဲ ဖြစ်ကြပါတယ်။
သိပ် အားကျခဲ့ရတဲ့ ဆရာတွေပေါ့။
စာရေးဆရာ ဖြစ်ချင်နေတဲ့ ကျွန်တော့်ကို ညီပုလေးက ဘယ်လို သင်ပေးခဲ့သလဲ။
ဘာ စာအုပ်ဖတ်ပြီး ဘာစာအုပ်လေ့လာရာမှန်းမသိတဲ့ ကျွန်တော့်ကို တညမှာ စာအုပ်ထူထူတအုပ် ဝယ်လာပေးခဲ့ပါတယ်။ အဲဒီ့စာအုပ်ကတော့ ဆရာမောင်ထင် မြန်မာဘာသာပြန်ထားတဲ့ ကမ္ဘာ့ဝတ္ထုတိုများဘဲ ဖြစ်ပါတယ်။
တနေ့ကို သုံးပုဒ်ပြီးအောင် ဖတ်ခိုင်းပါတယ်။ ပြီးရင် ကျွန်တော့်ကို ဖတ်ပြီးတဲ့အထဲက ဝတ္ထုတိုတွေကို ပြန်မေးပါတယ်။ သူ သိချင်တာ ဖတ်ပြီးတဲ့ဝတ္ထုတွေက ဘာအကြောင်းတွေ သူတို့ရေးထားကြသလဲ။ စာဖတ်သူကို ဘာအတွေးတွေ ချန်ထားပေးခဲ့သလဲ။ ဝတ္ထုတိုရဲ့အတတ်ပညာဟာဘာလဲဆိုတာ ပြန်သိချင်လို့ပါဘဲ။
ရေးဟန်တွေဟာလည်း စာရေးဆရာတယောက်နဲ့ တယောက်ဟာ ကွဲပြားကြပါတယ်။ တချို့က စကားပြောနဲ့ရေးတယ်၊ တချို့ဆရာတွေက စကားပြေရေးဟန်နဲ့ ရေးကြတာကို သတိထားလာမိခဲ့ပါတယ်။
နောက်တချက်က စာရေးဆရာတွေဟာ ပိုင်နိုင်တဲ့ ကိုယ့်ဝန်းကျင်ကို ရွေးချယ်ရေးတတ်ကြတာကို ကျွန်တော် သိလိုက်ရပါတယ်။ အပြောနဲ့ အပြမှာ အပြအားကောင်းကောင်းကို ဦးစားပေး ရေးဖွဲ့မှသာ ဝတ္ထုတပုဒ်ဟာ ဖတ်ရသူအတွက် စွဲဆောင်မှုအားကောင်းစေသလို ရုပ်ရှင်မြင်ကွင်းသဖွယ် ဖတ်နေရင်းကနေ ကြွတတ်လာစေပါတော့တယ်။
ကမ္ဘာ့ဝတ္ထုတိုပေါင်းချုပ် ဖတ်ပြီးသွားစဉ်မှာတော့ ကိုညိုက နောက်တအုပ် ချပေးပါတော့တယ်။ ဆရာတက်တိုး မြန်မာပြန်ထားတဲ့ ချစ်တေးကဗျာနဲ့ အခြားအိန္ဒိယ ဝတ္ထုတိုများ။
ဒီစာအုပ် ဖတ်ပြီးချိန်မှာတော့ ခံတွင်းအတွေ့ဆုံး နှစ်ပုဒ်ကို သူကျွန်တော်ကိုမေးပြီး နားထောင်ပါတယ်။ အဲဒီ့ဝတ္ထုတို နှစ်ပုဒ်ကတော့ ကြက်ဥပြုတ်သယ်လေးနဲ့ ချစ်တေးကဗျာဝတ္ထုတိုဘဲ ဖြစ်ပါတယ်။
အတိုချုံးပြောပြရရင်တော့ စစ်တပ်အရာရှိ ကပ္ပတိန်တယောက်နဲ့ ကြက်ဥပြုတ်သယ်လေး အပြန်အလှန် စကားပြောခန်းနဲ့ ဝတ္ထုတိုကို အပြီးသတ်လိုက်တာဟာ အလှဆုံး ဝတ္ထုတို တပုဒ်ဖြစ်ပြီး စာဖတ်သူကို စွဲကျန်ရစ်စေခဲ့ပါတော့တယ်။ နယ်စပ်မှာ ဟိုဘက်ဒီဘက် ဖြတ်သန်းသွားခွင့် တံခါးပိတ်ချိန် ရောက်နေပါပြီ။ ကြက်ဥပြုတ်သယ်လေးဟာ ရောင်းမကုန်သေးတဲ့ ကြက်ဥပြုတ်ကလေးတွေ ကျန်နေသေးတာမို့ နယ်စပ်တံခါးစောင့်တွေ ဘယ်လောက်ပဲ နှင်လွှတ်လွှတ် မပြန်သေးဘဲ ကုတ်ကပ်နေတဲ့အချိန်၊ ကပ္ပတိန်ဟာ ခပ်လှမ်းလှမ်းဆီမှာ ကားနဲ့ နယ်စပ်တံခါးဆီ စစ်ဖို့ လာနေပါပြီ။
ကပ္ပတိန် နယ်စပ်တံခါးဆီ ရောက်လာစဉ်မှာတော့ နယ်စပ်တံခါးပိတ်ချိန်အထိ မပြန်နိုင်သေးတဲ့ ကြက်ဥပြုတ်သယ်လေးကို ခေါ်မေးပါတယ်။ ကြက်ဥပြုတ်သယ်လေးက ကျန်နေသေးတဲ့ ကြက်ဥကလေးတွေကုန်မှ အမြတ်ရမှာ၊ အမြတ်ရတော့မှ အိမ်မှာနေထိုင်မကောင်းဖြစ်နေတဲ့ သူ့အမေအတွက် ဆေးလေးတွေ ဝယ်ပြီးပြန်ရမှာ..၊ပြီးတော့ သူ ကြက်ဥရောင်းပြီး ပြန်ရောက်မှ ညစာမစားရသေးတဲ့ ညီ ညီမလေးတွေအတွက် စားစရာတွေ ဝယ်ပြီး ပြန်ရမှာမို့ပါ ဆိုတော့ ကပ္ပတိန်က မင်း ကျန်နေတဲ့ကြက်ဥပြုတ်တွေ အကုန်ဝယ်မယ် ဆိုတာနဲ့ ဝတ္ထုတိုကို အဆုံးသတ်ထားပါတယ်။
ထားပါတော့၊ စု တု ပြု ဆိုတာ။ စာရေးမဲ့သူတယောက်ဟာ စာဖတ်တတ်အောင် တွေးခေါ်တတ်အောင် အရင် သင်ပေးလိုက်တဲ့ လက်ဦးဆရာကတော့ ကိုညို ( ညီပုလေး )ပါဘဲ။
စာရေးပြီ၊ ကျွန်တော်တို့ စ စာရေးတော့ ခဲတံနဲ့ စရေးတယ်။ ဘာလို့ဆိုတော့ ဖျက်လို့ ပြင်လို့ လွယ်တာကိုး။ ရေးလိုက် မကြိုက်လိုက် ဖျက်လိုက် ပြင်လိုက်ပါပဲ။ ဝတ္ထုခေါင်းစဉ်ကိုလည်း မရွေးသေးပါဘူး။ နောက်ဆုံး ပြင် ဖျက် အားရပြီဆိုတော့မှ အသံထွက် ဖတ်ပြီး သဒ္ဒါ အထားအသို စစ်တော့တာပါဘဲ။ သဒ္ဒါလွဲတာကို ဘာလို့ အသံထွက်ဖတ်ရပြီး စစ်ရသတုန်းဆိုတော့ သဒ္ဒါလွဲမှတော့ အသံထောက်ပြီပေါ့။
အားလုံးအချောသတ်ပြီးပြီဆိုမှ ဘယ်မဂ္ဂဇင်းနဲ့ သင့်လျော်မလဲ ဝတ္ထုခေါင်းစီးရွေးပြီး လွယ်အိတ်ထဲ အသင့်ပြင်ထားလိုက်တယ်။
ဒီလိုနဲ့ ရုတ်တရက်ဝင်လာတဲ့အတွေးလေးမြင်ကွင်းရှေ့မှာ မြင်လိုက်တာနဲ့ ရေးလိုက်ရင်တော့ အကြောင်းအရာလေးက ဆန်းနေတာ၊ ဒီလို ဇာတ်ကျောရိုးလေး သူများရေးတာ ရှိမယ် မထင်သေးဘူး၊ ရိုအီနေတဲ့ အကြောင်းအရာလေးလည်း မဟုတ်သေးဘူးဆိုပြီး နောက်တပုဒ် ရေးဖြစ်ပြန်တယ်။ ရေးဖြစ်တာတွေများလာတော့မှ မဂ္ဂဇင်းတိုက်တွေ လှည့်ပို့ဖြစ်တော့တယ်။ ဒီလိုနဲ့ မဂ္ဂဇင်းတွေရဲ့ ရွေးပယ် သံသရာထဲကနေ စာရေးသူတယောက်ဖြစ်လာရတယ်။
ဒါ ဟိုဘက် ခေတ်က စာရေးဆရာတွေ။
ဒီဘက်ခေတ် စာရေးချင်သူတွေ၊ စာရေးဆရာ၊ ဆရာမဖြစ်ချင်သူတွေကအလွယ်လမ်းကြောင်းကို ရွေးလာတယ်။ အပင်ပန်းခံလိုစိတ်လည်း နည်းလာသလို အယ်ဒီတာ စားပွဲရှေ့လည်း ဖြတ်ရမှာ စိတ်မရှည်ပြန်တော့ဘူး။ ရွေး၊ပယ် စနစ်ကိုလည်း လက်ခံလိုမှုအားနည်းလာကြတယ်။ ဒီတော့ ဘာလုပ်သလဲ Face Book မှာပဲတင်ပြီး ကျေနပ်နေတော့တယ်။ ဒီ့တဆင့်တက်တဲ့သူတွေကျတော့ အွန်လိုင်းပြိုင်ပွဲတွေမှာဘဲ ယှဉ်ပြိုင်ပြီး သာယာနေတော့တယ်။
ဒီဘက်ခေတ် စာရေးလိုသူတွေ၊ စာရေးဆရာ၊ ဆရာမဖြစ်လိုသူတွေ အယ်ဒီတာ့ စားပွဲဖြတ်ရမှာ မကြောက်ပါနဲ့၊ ပုံနှိပ်မီဒီယာများဖြစ်တဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေဆီ သွားကြပါ။ ပါလာတဲ့အခါလည်း ကျွန်တော့်လိုပဲ တင်ပေါ့။ လိုအပ်လို့ ပို့ချင်တဲ့ မဂ္ဂဇင်းတိုက်များရှိရင် ပြောပါ။ အီးမေးလ် လိပ်စာရှိတဲ့ မဂ္ဂဇင်းတွေ ကျွန်တော် ကူညီပြီးပေးပါမယ်။ ။

လင်းသူရိယနွယ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း