စာဖတ်ခြင်း
“ စာရေးဆရာဟာ လောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အရိုးခံစိတ်ထားနဲ့ အရှိအတိုင်း တင်ပြရမယ်…ဝေဖန်တာတွေ သုံးသပ်တာတွေ စွက်ဖက်တာတွေ မလုပ်ရဘူး… ”
စာပေသီအိုရီတစ်ခုက ထိုသို့ဆိုသည်။ သူ့အဆိုက ခပ်ရှင်းရှင်း။ လောကဖြစ်စဉ်နိယာမတစ်ခုကို ရုပ်လုံးကြွလာအောင် စာရေးဆရာက သူတတ်ကျွမ်းသော အတတ်ပညာဖြင့် အကောင်းဆုံး ဖော်ထုတ်တင်ပြမည်။ တစ်ဖက်တွင်မရပ်ရ။ တစ်ဖက်ကိုနင်း တစ်ဖက်ကိုပင့်သည့်လုပ်ရပ်မျိုးမလုပ်ရ။ စာဖတ်သူက သူ့ပါရမီအနုအရင့်၊ သူ့စိတ်အာရုံ ကိုင်းညွှတ်မှုပေါ် အခြေခံပြီး ကြိုက်သလို ခံစားကြလိမ့်မည်ဟု အနက်ပြန်ရမည်ထင်သည်။
စာပေရေးရာဆောင်းပါးများ၊ အတတ်ပညာဆိုင်ရာ စာအုပ်များ၊ သဘောတရားဆိုင်ရာ ကျမ်းများကို တောင်စပ်စပ်၊ မြောက်စပ်စပ် မြည်းစမ်းကြည့်ဖြစ်နေသော ဦးဟန်ကြည့် ခေါင်းထဲတွင်လည်း ဟိုအသိ၊ သည်အသိများ တောင်စပ်စပ်၊ မြောက်စပ်စပ်။ အယူအဆတစ်ခုကို အကြွင်းမဲ့ ယုံကြည်သည်ဟူ၍လည်းမရှိ၊ လုံးလုံးလျားလျား ပစ်ပယ်သည်ဟူ၍လည်းမရှိ။ အရာအားလုံးကို အလိုက်သင့် အလျားသင့် ခံစားသင်ယူရင်း စာဖတ်သက်လည်း အတော်ရင့်လာပြီ။ အာရုံကျရာကို သေတ္တာမှောက်ဖတ်ရင်း ဖတ်ဖြစ်ခဲ့သော စာမျိုးလည်း အတော်စုံပြီ။ သို့သော် ဖတ်စရာ မကုန်သေး။
ဦးဟန်ကြည်တို့ စာဖတ်ကာစ သုံးလေးတန်းအရွယ်ကဆိုလျှင် ဇာတ်လမ်းဇာတ်ကွက်ကို ဇောင်းပေးဖတ်ဖြစ်ခဲ့သည်။ ရုပ်ပြဖတ်လျှင်လည်း ဇာတ်လမ်းကောင်းမှ။ ၀တ္ထုဖတ်လျှင်လည်း ဇာတ်လမ်းကောင်းမှ။ ဖြစ်နိုင်လျှင် သရုပ်ဖော်ပုံကလေးကလည်း ဆွဲဆောင်မှုရှိမှ။ ကဗျာဖတ်လျှင်လည်း အသံကလေးချိုမှ။ တစ်ခေါက်ဖတ်ရုံနဲ့ နှုတ်တက်ရသွားလောက်အောင် ချောမွေ့ပြေပြစ်သော ကဗျာမျိုးမှ။
စာဖတ်သက် အတော်ကလေးရလာသည့် တက္ကသိုလ်ကျောင်းသား အရွယ်ရောက်လာလျှင် အကြိုက်တစ်မျိုး ပြောင်းသွားပြန်သည်။ အရေးအသား ညက်ညောပြေပြစ်မှ။ ဇာတ်လမ်းနှင့် လိုက်ဖက်ညီညွတ်သော အလင်္ကာ၊ အဖွဲ့အနွဲ့၊ အရေးအဖွဲ့များဖြင့် တန်ဆာဆင်ထားမှ စိတ်ထဲတွင် စွဲတော့သည်။ ဇာတ်လမ်းမည်မျှကောင်းစေဦးတော့ အရေးအသားက ခပ်ထောင့်ထောင့်နှင့် မချောမွေ့လျှင် သုံးလေးမျက်နှာကျော်အောင် မဖတ်ဖြစ်တော့။ အရွယ်ကလည်း အလှကြိုက်၊ အယဉ်ကြိုက်သည့် အရွယ်ဖြစ်၍ထင်သည်။ တက္ကသိုလ်ဘုန်းနိုင်၏ “ လှသည်။ အဟုတ်ကိုလှသည်။ တကယ်ကိုပဲလှသည် ” ဟူသော အဖွဲ့မျိုး၊ သိပ္ပံမောင်ဝ၏ “ လက်ဦးတစ်ချက်ကြား၏။ နားစွင့်ကာထောင်လေသည် ” ဟူသော မောင်းသံဝတ္ထုမှ အဖွဲ့မျိုး၊ “ ၀ဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လျစ်တင့်စံပယ်၊ လှမျိုးကြွယ်သား ” ဟူသော ရှင်မဟာရဋ္ဌသာရ၏ တောင့်တဲတွန့်ရတုမျိုးကိုမှ မက်မက်စက်စက် ဖတ်ခဲ့သည်။ အာဂုံဆောင်ဖြစ်ခဲ့သည်။
ဘ၀အတွေ့အကြုံအထိုက်အလျောက်စုံ၍ အသိဥာဏ်ရော၊ ခန္ဓာကိုယ်ပါ အမြင့်ဆုံး၊ အစွမ်းဆောင်နိုင်ဆုံးအရွယ်ဖြစ်လာသည့် ယနေ့အချိန်တွင်မူ ဦးဟန်ကြည်၏ အကြိုက်က ပြောင်းပြန်လေပြီ။ ဇာတ်လမ်းလည်းကောင်းပါမှ၊ အရေးအဖွဲ့ကလည်း ညက်ညောပါမှ၊ ရေးသားတင်ပြမှု ပုံသဏ္ဌာန်ကလည်း ချိတ်ဆက်ညီ ပီပြင်ပါမှ ရင်ထဲကို ရောက်တော့သည်။ ပုံသဏ္ဌာန်ပိုင်းကို ရှေ့တန်းတင်မိလာသော ယခုအရွယ်တွင် ဇာတ်လမ်းကိစ္စသည် အပရိက၊ သာမည။ ဇာတ်လမ်းမည်မျှပင် ကောင်းစေဦးတော့ ရင်မခုန်ချင်။ အရွယ်ကလေး “ တကယ်အပျော်မက်သည့်၊ ဆယ်ကျော်သက်ကလေး ” မှ မဟုတ်တော့ပဲကိုး။ လောကအကြောင်းကို စာအုပ်ထဲက ဇာတ်လမ်းကိုဖတ်မှ သိရသော လူငယ်ကလေးမှ မဟုတ်တော့ပဲကိုး။ ကျင်လည်ရာလူ့လောက ပတ်ဝန်းကျင်တွင် ၀တ္ထုထက် ပိုမိုဆန်းကြယ်သော ဇာတ်လမ်းများကို နေ့စဉ်နှင့်အမျှ တွေ့ကြုံထိတွေ့နေရသော သည်အသက်အပိုင်းအခြားတွင် ဇာတ်လမ်းဇာတ်ကွက်ကို သိလိုစိတ်အရင်းခံနှင့် စာတစ်ပုဒ်ကို အချိန်ပေး၍ မဖတ်ချင်တော့။
အရွယ်ရလာသလို ကိုယ်တိုင်ကလည်း လေ့လာအားထုတ်မှု သတိချပ်လျှင် အရွယ်နှင့်အမျှ အသိဥာဏ်ဖွံ့ဖြိုးလာသည်ဟု ပညာရှိများက ဆိုကြသည်။ တစ်ခါတစ်ခါတွင် ဖွံ့ဖြိုးလာသော ထိုအသိဥာဏ်မျိုးကို ဦးဟန်ကြည် မကျေနပ်ချင်။ စာတစ်ပုဒ်ကို ကောက်ဖတ်လိုက်လျှင် ဇာတ်လမ်းဇာတ်ကွက်ထဲတွင် နစ်မြောပြီး ဇာတ်ကောင်နှင့်အတူ ရင်ခုန်လိုက်စမ်းချင်သည်။ ဇာတ်ကောင်ငိုလျှင် ရွှေရင်ဆို့လိုက်စမ်းချင်သည်။ ဇာတ်ကောင်ပျော်လျှင် ဘ၀င်မြူးလိုက်စမ်းချင်သည်။ ၀တ္ထုရေးသမားများထဲတွင် “ ဇာတ်လမ်းရေးသမား၊ ပုံပြောသမား ” သည် အဆင့်အတန်းအနိမ့်ဆုံးဖြစ်သည်ဟူသော “ ပညာရှင်တွေး ” ကို ခဏမျှ မေ့လိုက်စမ်းချင်သည်။ “ မသိခြင်း၏ အလှတရား ” ကို ခဏလောက်ဖြစ်စေ ပြန်ရစမ်းချင်လှသည်။
သို့သော် မဖြစ်နိုင်တော့…
စာတစ်ပုဒ်ကို ကောက်ဖတ်လိုက်လျှင် ရေးထားသော စာကိုမမြင်၊ ဖွဲ့ထားသော ဇာတ်လမ်းကို ဂရုမပြုမိ။ စာရေးသူ၏ အတတ်ပညာပိုင်း၊ စေတနာပိုင်းကို အာရုံက ညွှတ်သွားပြီ။ စေတနာလည်းပြည့်၊ အတတ်ပညာလည်းစုံ၊ ပုံသဏ္ဌာန် အရေးအဖွဲ့ ဇာတ်လမ်းတင်ပြပုံ ကောင်းကောင်းမွန်မွန်ဖြင့် ခြယ်မှုန်းထားသော စာတစ်ပုဒ်ကို ဖတ်ခွင့်ကြုံရလျှင် “ ဖရဏာပီတိ၊ ဂွမ်းဆီထိသလို ” တသသနှင့် လေးငါးဆယ်ခေါက် ပြန်ဖတ်ဖြစ်အောင် ကျေနပ်ရသည်မှာ ကောင်းပါ၏။ လူငယ်၊ လူရွယ်ဘ၀က အလေးမမူမိခဲ့သော စာပေ၏ အလှတရားများကို ဖွံ့ဖြိုးလာသည့် အသိဥာဏ်ကျေးဇူးဖြင့် ပီပီပြင်ပြင် ခံစားခွင့်ရသည်မှာလည်း ကြည်နူးဖွယ်ကောင်းပါ၏။
သို့သော်…
ခေတ်က ပြောင်းနေပြီ။ စာပေ၏ လားရာက တစ်မျိုးဖြစ်နေပြီ။ ဇာတ်လမ်းကလေးကောင်းလျှင်ပင် တခုတ်တရညွှန်းကြရသော ခေတ်ဆီသို့ တဖြည်းဖြည်းချင်း ရောက်လာပြီ။ ဦးဟန်ကြည်တို့ ဖတ်သမျှ ခေတ်ပေါ်ဝတ္ထုဆယ်ပုဒ်လျှင် တစ်ပုဒ်လောက်ပင် ရင်ထဲရောက်ဖို့ မလွယ်တော့။ အရည်ပြည့် စာတစ်ပုဒ်ကို ဖတ်လိုက်ရသဖြင့် ရင်တွင်ခံစားရသည့် ပီတိသောမနဿသည် အရည်လွတ် စာကိုးပုဒ်ကို ဖတ်လိုက်မိသဖြင့် ပေါက်ဖွားလာသည် ဒေါမနဿနှင့် နှိုင်းယှဉ်ရလျှင် မပြောပလောက်တော့။ တဖြည်းဖြည်းနှင့် ဦးဟန်ကြည်တို့ ဖတ်စရာ စာရှားလာပြီ။ “ မိန်းမများသလောက် မယားရှားသည် ” ဟူသော စကားကို စာမြှောင်ကပ်၍ “ ၀တ္ထုများသလောက် စာပေရှားသည် ” ဟု ဆိုရမည်ထင်၏။
သိပ္ပံမောင်ဝ၏ အစမ်းစာတစ်ပုဒ်ထဲတွင် ဘုရားစောင်းတန်းတွင် ဆွဲထားသည့် ဘုရားလောင်းတောထွက်တော်မူခန်း ပန်းချီကားကို ကြည့်နေကြသော ကာလသားနှစ်ယောက်က ဘုရားလောင်း၏ စွန့်လွှတ်ရဲသော အာဇာနည်စိတ်ကို အလေးမမူမိဘဲ ဘုရားလောင်းမင်းသား ၀တ်ထားသည့် ပုဆိုးအဆင် ဆန်းပုံ၊ ယဉ်ပုံကို သဘောအကျကြီးကျနေသည့် ဇာတ်ကွက်ကို ဦးဟန်ကြည် မကြာမကြာ သတိရသည်။ ကာလသားနှစ်ယောက်နောက်နားဆီတွင် ရပ်နေသော အဘိုးအိုကမူ ဘုရားလောင်း၏ နိက္ခမပါရမီကို ကြည်ညိုညွှတ်နူးသော စိတ်ဖြင့် ကုသိုလ်စေတသိတ်တို့ ဖြစ်နေမည်မှာ မလွဲ။
သို့သော် ဦးဟန်ကြည့်မှာ ထိုအဘိုးအိုလောက် ပါရမီ မရင့်သန်။ စာတစ်ပုဒ်ကို ဖတ်သည့်အခါတိုင်းတွင် ပီတိစိတ်တစ်ခုတည်းမဖြစ်လာ။ နှစ်ခြိုက်ကျေနပ်စိတ်တစ်ခုတည်း မဖြစ်လာ။ အားမလိုအားမရစိတ်က မကြာမကြာ ခေါင်းထောင်လာတတ်သည်မှာ ခက်လှသည်။ ရှိစေတော့။ အရွယ်နှင့် အသိကပေးလာသည့် ခံစားချက်ကို တန်ဖိုးထားရမည်မှာ နိယာမ။ အသိဥာဏ်က ပေးလာသည့် လိုဘမပြည့်စိတ်များကိုလည်း ကျေကျေနပ်နပ်လက်သင့်ခံရင်း၊ လူငယ်လူရွယ်များ စာဖတ်တိုင်း ခံစားကြရသည့် ရင်ခုန်ခံစားစိတ်များကိုလည်း မချိပြုံးကလေးဖြင့် အားကျနေရပေဦးတော့မည်။
အသက်အရွယ် သည့်ထက်ကြီးရင့်၍၊ အသိဥာဏ်ပိုမို ကြီးကျယ်လာလျှင် “ စာဖတ်ခြင်း ” နှင့် ပတ်သက်၍ မည်သို့မည်ပုံ ခံစားရဦးမည်ကို မပြောတတ်တော့…။ ။
( ဟန်ကြည် )
၁၅.၁.၂၀၁၅ ( ကြာသပတေးနေ့ )
Comments
Post a Comment